သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Chollet မယ်လဒုက္ခသည်စခန်း သွားရောက်


ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်းကိုသွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နဲ့အဖွဲ့ဝင်များ (ဇွန်လ ၉ ရက်၊ ၂၀၂၂/ photo- Thai Government Official)
ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်းကိုသွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နဲ့အဖွဲ့ဝင်များ (ဇွန်လ ၉ ရက်၊ ၂၀၂၂/ photo- Thai Government Official)

[[Zawgyi/Unicode]]

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet ဟာ ဇွန် ၉ ရက်က ထိုင်းမြန်မာနယ်စပ်က အကြီးဆုံးဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းကို သွားရောက်လေ့လာပါတယ်။ သူ့ရဲ့ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာပြည်ဘက်က ထွက်ပြေးခိုလှုံလာကြတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးသွားဖို့ရှိနေတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet ဟာ ဇွန် ၉ ရက် က ထိုင်းမြန်မာနယ်စပ်က တာ့ခ်ပြည်နယ်၊ ထာ့ဆောင်ရမ်းမြို့နယ်က အကြီးဆုံးဒုက္ခသည်စခန်းတခုဖြစ်တဲ့မယ်လစခန်းကိုသွားရောက်ခဲ့ပြီး ဒုက္ခသည်တွေ နေထိုင်နေရတဲ့အခြေအနေတွေနဲ့ကျန်းမာရေးဆိုင်ရာကိစ္စတွေကိုသွားရောက်လေ့လာခဲ့တာပါ။ တဆက်တည်းမှာပဲ မဲဆောက်မြို့က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကို ကျန်းမာရေး ပညာရေးကိစ္စတွေကိုအကူညီပေးနေတဲ့မယ်တော်ဆေးခန်းနဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ကိုလည်း တွေ့ဆုံသွားခဲ့ပါတယ်။

သူ့ရဲ့မယ်လစခန်း ခရီးစဉ်အကြောင်း မယ်လဒုက္ခသည်စခန်းအတွင်းက ဒုက္ခသည်တဦးက အခုလိုပြောပြပါတယ်။

“စခန်းထဲကအခြေအနေတွေ၊ ဒုက္ခသည်တွေနေရေထိုင်ရေးကိစ္စတွေ၊ သူတို့လာတာကတော့ ကျန်းမာရေးကိစ္စတွေ - သူတို့လုပ်ပေးနိုင်တာလုပ်ပေးဖို့ပေါ့။ ဒုက္ခသည်တွေကတော့ တတိယနိုင်ငံကိစ္စတွေ လုပ်ပေးဖို့လားဆိုပြီး မေးကြတာပေါ့နော်။ သူတို့လာတဲ့အခါမှာ အဖွဲ့၄ ဖွဲနဲ့ တွေ့သွားတယ်။ စခန်းကော်မတီနဲ့ တွေ့တယ်။ KWO (ကရင်အမျိုးသမီးအစည်းအရုံး) နဲ့ တွေ့တယ်။ MWO နဲ့ တွေ့တယ်။ KYO နဲ့တွေ့တယ်။ စခန်းကော်မတီက ၂ ယောက်ပါတယ်။ KWO က ၃ ယောက်ပါတယ်။ MWO က ၂ ယောက်ပါတယ်။ အဲဒါတွေနဲ့တွေ့သွားတယ်။ တွေ့ပြီး အစည်းအဝေး ထိုင်သွားတယ်။ ဆေးရုံကိုသွားကြည့်တယ်။ တကယ်ပြောသွားတာက ၁၀ ယောက်လောက်နဲ့ပဲရှိတယ်။ အဖွဲ့လေးဖွဲ့က။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နဲ့ ဆွေးနွေးချိန်နည်းနည်းပဲရတဲ့အတောအတွင်း အဓိကအားဖြင့် စခန်းအတွင်းကအခြေအနေတွေကို မေးမြန်းသွားခဲ့တာဖြစ်တယ်လို့လည်း ကရင်ဒုက္ခသည်ကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ထွေးက အခုလိုပြောပါတယ်။

“မနေ့က သူတို့တွေတာက ၁၀ မိနစ်လောက်ပဲပြောရတယ်။ စခန်းအကြောင်းတွေမေးပြီး၊ ပြောပြီးတာနဲ့ သူတို့ထွက်သွားတယ်။ စခန်းအကြောင်းလောက်ပဲ လာပြီး မေးကြည့်တာပါပဲ။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ ဇွန်လ ၇ ရက် နေ့ကနေ ၁၄ ရက်နေ့အထိ ထိုင်း၊ စင်္ကာပူ၊ ဘရူနိုင်း နိုင်ငံတွေသွားရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေးအပါအဝင် ပြီးခဲ့တဲ့အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဆက်လက် အကောင်အထည်ဖေါ်ဖို့ကိစ္စတွေ ဆွေးနွေးသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့ မှာ ပြောဆိုထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet လာရောက်ချိန်မှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ ဆယ်စုနှစ်နဲ့ချီပြီး ဒုက္ခသည်စခန်းမှာစောင့်နေရတဲ့ မြန်မာဒုက္ခသည်တွေကတော့ ကလေးသူငယ်တွေ အပါအဝင် နိုင်ငံမဲ့ဖြစ်နေရတဲ့ဒုက္ခသည်တွေရဲ့အခြေအနေတွေကို ဖြေရှင်းပေးစေချင်တယ်လို့ပြောပါတယ်။

“ကျနော်တို့အများစု တောင်းဆိုချက်ကတော့ ဒီထဲမှာနေနေရတာက ကလေးအများစုက အနာဂါတ်ပျောက်နေတော့ နိုင်ငံတခုခုကို ခိုလှုံခွင့်ပေးဖို့၊ ဒုက္ခသည်ကိစ္စကိုဖြေရှင်းပေးဖို့ပါ။ ကလေးတွေက သူတို့အတွက် အသက်ရှူပေါက် မရှိတော့ဘူး။ ကလေးတွေအတွက် ဘဝဆုံးသွားပြီ။ ရှေ့ဆက်ပြီး ဘယ်နိုင်ငံရဲ့နိုင်ငံသားလို့လည်း ပြောလို့မရဘူး။ ဒီထဲမှာပဲနေပြီး ဒီထဲမှာကြီးပြီး နိုင်ငံမဲ့ဖြစ်သွားပြီ။”

အတိုင်ပင်ခံ Derek Chollet နဲ့အတူ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးလည်းအတူ လိုက်ပါလာပြီး ခရီးစဉ်မှာ အားလုံးပေါင်းအဖွဲ့ဝင် ၁၃ ဦးရှိတာပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ထိုင်းနိုင်ငံမှာတော့ အစိုးရထိပ်တန်းအကြီးအကဲတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံအရေးကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်ပြီး မြန်မာပြည်သူတွေကို ကူညီနိုင်ရေးအတွက် ထိုင်းနိုင်ငံအတွင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးတာတွေလည်းရှိနေပါတယ်။ မဲဆောက်မြို့ကိုရောက်ရှိနေစဉ်အတွင်း ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကို ကျန်းမာရေး ပညာရေးကိစ္စတွေကို အကူညီပေးနေတဲ့ မယ်တော်ဆေးခန်း၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) စတဲ့အဖွဲ့တွေကိုလည်း တွေ့ဆုံသွားခဲ့ပါတယ်။

အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးမှုတွေလုပ်ခဲ့ပြီး အကူညီပေးမှုတွေ တိုးမြှင့်သွားဖို့တွေလည်း ရှိတယ်လို့လည်း သိရပါတယ်။ မယ်လဒုက္ခသည်စခန်းမှာ လက်ရှိဒုက္ခသည် ၂၇,၉၀၈ ဦးရှိပြီး ကရင်အပါအဝင် လူမျိုးပေါင်းစုံ မျိုးနွယ်စု၁၃ မျိုး နေထိုင်နေတာပါ။ ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည်တသိန်းလောက် ခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]













===============

XS
SM
MD
LG