သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ ခုနှစ် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ


တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့လယ်ခေါင် မီးပွိုင့်တစ်ခုတွင် စောင့်ဆိုင်းနေကြသည့် မော်တော်ဆိုင်ကယ်၊ စက်ဘီးစီး ဒေသခံများ။ ဒီဇင်ဘာ ၆၊ ၂၀၁၃။
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့လယ်ခေါင် မီးပွိုင့်တစ်ခုတွင် စောင့်ဆိုင်းနေကြသည့် မော်တော်ဆိုင်ကယ်၊ စက်ဘီးစီး ဒေသခံများ။ ဒီဇင်ဘာ ၆၊ ၂၀၁၃။
လွန်ခဲ့တဲ့ နှစ်အတော်ကြာအချိန်တွေအတွင်း ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွေကို ကမောက်ကမဖြစ်စေခဲ့တဲ့ စီးပွားရေးကျဆင်းမှုကနေ ပြန်ပြီး ထူထောင်လာတာနဲ့အတူ ကမ္ဘာ့စီးပွားရေးအတွက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လာနေရပြီ ဖြစ်ပါတယ်။ ဘယ်လို စိန်ခေါ်မှုအသစ်တွေကိုများ ရင်ဆိုင်လာနေရသလည်းဆိုတာ ဗွီအိုအေသတင်းထောက် Rosanne Skirble ရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

သဘာဝပတ်ဝန်းကျင်၊ ရေရှည်ခိုင်မာမှုနဲ့ နိုင်ငံတကာဖွံဖြိုးတိုးတက်မှုတွေအပေါ် ဘယ်လို ဖြစ်ရပ်တွေကများ ရိုက်ခတ်လာ နိုင်ခြေရှိပါသလည်း၊ အဲဒါကတော့ ကမ္ဘာ့ သယံဇာတ အရင်းအမြစ်များဆိုင်ရာအဖွဲ့ World Resources Institute WRI က ၂၀၁၄ ခုနှစ်အတွက် မျှော်ကြည့်ထားတဲ့ အကြောင်းအရာပါပဲ။

သဘာဝပတ်ဝန်းကျင်ကို အကာအကွယ်ပေးပြီး ကမ္ဘာကြီးရဲ့ တိုးပွားလာနေတဲ့ လူဦးရေကို ထိန်းသိမ်းထားနိုင်စွမ်းမယ့် မူဝါဒတွေ ကို ဒီ ကမ္ဘာလုံးဆိုင်ရာ သုတေသနအဖွဲ့က အထူးအာရုံစိုက်ပြီး လေ့လာခဲ့တာပါ။

၁၉၉၀ ပြည့်နှစ်မှာ သန်းပေါင်း ၁,၀၀၀ ရှိခဲ့ရာကနေ ၂၀၁၀ ပြည့်နှစ်မှာ သန်းပေါင်း ၃,၀၀၀ အထိ တိုးပွားလာခဲ့တဲ့ လူလတ် တန်းစားဟာ ၂၀၁၄ ခုနှစ်အတွင်း ပိုပိုပြီး အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေလိမ့်မယ်လို့ WRI ရဲ့ဥက္ကဋ္ဌ အန်ဒရူး စတီးယား (Andrew Steer) က ဆိုပါတယ်။

ကမ္ဘာ့လူဦးရေဟာ ၂၀၃၀ ပြည့်နှစ်အရောက်မှာ သန်းပေါင်း ၈,၀၀၀ အထိရှိလာမယ်လို့ ခန့်မှန်းထားပြီး အဲဒီထဲမှာ လူလတ် တန်းစားက သန်းပေါင်း ၅,၀၀၀ ရှိလာပါလိမ့်မယ်။
အဲဒီအခြေအနေအတွက် Steer က အခုလို မေးခွန်းထုတ်ပါတယ်။

“ပိုပြီး ကြွယ်ဝချမ်းသာလာတာကို ပျော်မွေ့နေတဲ့တစ်ချိန်ထဲမှာ ရေရှည်ခိုင်မာဖို့အတွက်ကိုရော ကျနော်တို့ လုပ်နိုင်ပါ့မလား၊ အဖြေကတော့ လုပ်နိုင်တယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၄ ခုနှစ်မှာ ချမှတ်မယ့် အဓိက ဆုံးဖြတ်ချက်တချို့က ကျနော်တို့ ဘယ်လိုလုပ်မလည်းဆိုတဲ့အပေါ်မှာ သက်ရောက်မှုရှိပါလိမ့်မယ်။”

၂၀၁၄ ခုနှစ်ဟာ မြို့ကြီးများရဲ့နှစ်ဖြစ်တယ်လို့ Steer က ကင်ပွန်းတပ် ခေါ်ဆိုပါတယ်။ နေ့စဉ်နေ့တိုင်းလို လူပေါင်း ၂၇၀,၀၀၀ ဟာ စီးပွားရေးအရ တိုးတက်လာပြီး မြို့ကြီးတွေဆီ ရွှေ့ပြောင်းနေကြတယ်လို့ သူကပြောပါတယ်။

“ဒီနှစ်မှာ ၇၅ သန်း၊ နောက်နှစ်မှာ ၇၅ သန်း၊ ဒီဆယ်စုနှစ်မှာ တစ်ဘီလီယံရဲ့ လေးပုံသုံးပုံ၊ လာမယ့်ဆယ်စုနှစ်မှာ တစ်ဘီလီယံရဲ့ လေးပုံသုံးပုံဟာ မြို့ကြီးတွေဆီ ရွှေ့ပြောင်းကြပါလိမ့်မယ်။”

ကမ္ဘာ့စီးပွားရေးကို မြို့ကြီးတွေက မောင်းနှင်နေတာနဲ့ တပြိုင်ထဲမှာပဲ အဲဒီမြို့ကြီးတွေဟာပဲ ရာသီဥတုပြောင်းလဲစေတဲ့ ဓာတ်ငွေ့ ထုတ်လွှတ်မှုစုစုပေါင်းရဲ့ ၇၀% ကိုထုတ်လွှတ်နေကြပါတယ်။ အချိန်မတန်ခင် သေဆုံးကြရတဲ့ လူပေါင်း တစ်သန်းဟာ မသန့်ရှင်း တဲ့လေထုကြောင့်ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြို့ကြီးတွေဟာ ပိုပြီးတော့ နေပျော်ဖွယ်ဖြစ်အောင် ပုံစံပြောင်းလာနေကြတယ်လို့ Steer က ပြောပါတယ်။ လူဦး ရေရဲ့ ၈၅% မြို့ကြီးတွေမှာနေထိုင်တဲ့ ဘရာဇီးလ်နိုင်ငံဟာ အပြောင်းအလဲလမ်းကြောင်းပေါ်မှာ ဘယ်လိုလျှောက်နေတယ်ဆိုတာ ကို Steer က မှတ်ချက်ပြု ပြောဆိုပါတယ်။

ဘရာဇီးလ်နိုင်ငံမှာ အခုဆိုရင် မြို့ပေါင်း ၃,၀၀၀ မှာ ရွှေ့ပြောင်းသွားလာရေး စီမံကိန်းတွေ ထားရမယ်ဆိုတဲ့ ထူးခြားတဲ့ ဥပဒေ အသစ်တစ်ခု ရှိနေပြီလို့ဆိုပါတယ်။ အဲဒါက ဘာအဓိပ္ပါယ်ပါလည်း …

“အများပြည်သူ သယ်ယူပို့ဆောင်ရေးကို စဉ်းစားကြည့်ပါ၊ လူတွေ တစ်နေရာကနေ တစ်နေရာ ဘယ်လိုသွားကြ သလည်း၊ အလုပ်ကို ဘယ်လိုသွားကြသလည်း။ Curitiba မှာ အမြန်ဘတ်စ်ကားစနစ်ကို စပြီး မိတ်ဆက်ခဲ့တာ ဘရာဇီးလ်ပါ။ အခု ဆိုရင် လူပေါင်း ၁၂ သန်းကျော်ဟာ နေ့တိုင်း အဲဒီစနစ်နဲ့ သွားလာနေကြပါပြီ။ ကမ္ဘာတဝန်းမှာ အရှိန်အဟုန်နဲ့ အကြီးအကျယ် တိုးတက်နေတဲ့ မြို့ပေါင်း ၃၀၀ မှာ အခုဆိုရင် အမြန်ဘတ်စ်ကားစနစ် ရှိနေပါပြီ။”

၂၀၁၄ ခုနှစ်အတွက် နောက်ထပ် ကြိုတင်ခန့်မှန်းချက် တစ်ခုလည်း ရှိပါသေးတယ်။ ကမ္ဘာပေါ်က သစ်တောတွေဟာ တစ်မိနစ်မှာ ဘောလုံးကွင်းအရေအတွက် ၅၀ ရဲ့ အကျယ်အဝန်းနဲ့ ညီမျှတဲ့နှုန်းနဲ့ ဆုံးရှုံးနေတာကို ရင်ဆိုင်နေရတာပါ။ ကမ္ဘာပေါ်က သစ်တော ဧက သန်းပေါင်း ၅,၀၀၀ ကျော်ကို ပြောင်းလဲပစ်နိုင်တယ်လို့ Steer က ခန့်မှန်းပါတယ်။

အဲဒီ မြေအကျယ်အဝန်းပမာဏဟာ တရုတ်နိုင်ငံ အရွယ်အစားရဲ့ နှစ်ဆလောက်ရှိပါတယ်။ အဲဒီမြေတွေဟာ ပျက်စီး ယိုယွင်းသွား ခဲ့ပြီး ဖြစ်ပေမဲ့လည်း သစ်တော ဒါမှမဟုတ် လယ်ယာမြေတွေအဖြစ် ပြန်ပြီး ပြုပြင်ယူဖို့ အဆင်သင့်ဖြစ်နေတာပါ။ ၂၀၂၀ ပြည့်နှစ် ရောက်တဲ့အချိန်မှာ သစ်တောဧက သန်းပေါင်း ၃၇၀ ကျော်ကို ပြန် ပြုပြင်ယူသွားဖို့ ကမ္ဘာ့အစိုးရတွေက ကတိပြုထားကြပါတယ်။

အဲဒါဟာ ကျောက်မီးသွေးစွမ်းအင်သုံး ကြီးမားတဲ့ ဓာတ်အားပေးစက်ရုံ ၃၅၀ ကို ပိတ်ပစ်လိုက်တာနဲ့ အလားတူဖြစ်လိမ့်မယ်လို့ Steer က ပြောပါတယ်။

ဒါပေမဲ့လည်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့နိုင်ငံတွေထဲမှာ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံက နောက်ထပ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံပေါင်း ၃၆၃ လုံး ထပ်ပြီးတည်ဆောက်ဖို့ အဆိုပြုထားပါတယ်။ အဲဒီကြားထဲကပဲ လေထု ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ဒေါ်လာ ၂၇၇ ဘီလီယံ ကနဦး သတ်မှတ်လျာထားလိုက်တာနဲ့အတူ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချဖို့အတွက် တရုတ်နိုင်ငံဟာ အပြင်းအထန် လုပ်နေတယ်လို့ Steer က ပြောပါတယ်။

“ဒီနှစ်ကစပြီး အဲဒီငွေပမာဏကို သုံးစွဲမှာပါ။ အဓိက မက်ထရိုပိုလီတန်ဒေသ သုံးခုမှာ ကျောက်မီးသွေး ဓာတ်အား ပေးစက်ရုံအသစ် ဆောက်ခွင့်မပြုတော့ပါဘူး။ စီစဉ်ထားတဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တချို့ကို လူကြိုက်ပိုနည်း စေမယ့် ပိုပြီးတင်းကျပ်တဲ့ လေထုညစ်ညမ်းမှုဆိုင်ရာ စံသတ်မှတ်ချက်ကို ပြဌာန်းလိုက်တဲ့အတွက် အဲဒီစက်ရုံတွေကို ဆောက်တော့မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကဆိုရင် တရုတ်တစ်နိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အားသစ် ၅၀ ရာခိုင်နှုန်းကို ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်တွေကနေ ထုတ်လုပ်ခဲ့တာပါ။”

၂၀၁၄ ခုနှစ်အတွင်းမှာပဲ အမေရိကန်ပြည်ထောင်စုက လက်ရှိ လျှပ်စစ်ဓာတ်အားထုတ် စက်ရုံတွေကနေ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချဖို့ စည်းမျဉ်းစည်းကမ်းအသစ်တွေကို ချမှတ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးတစ်ခုကို ကုလသမဂ္ဂက လက်ခံ ကျင်းပဖို့ရှိပါတယ်။

ရာသီဥတုပြောင်းလဲစေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို လျှော့ချမယ့် အစီအစဉ်တွေကို နိုင်ငံတွေက ကြေညာဖို့ရှိပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုဆိုင်ရာ သဘောတူစာချုပ်တစ်ခုကို ၂၀၁၅ ခုနှစ်မှာ ချုပ်ဆိုနိုင်ရေး စေ့စပ်ညှိနှိုင်းတာတွေ ဆက်လုပ်သွား ကြမှာဖြစ်ပါတယ်။

ဒီနှစ်အတွင်း ကမ္ဘာကြီးက မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းရမယ့် အဓိကအကျဆုံး မေးခွန်းကတော့ ကာဘွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့နည်းပြီး စီးပွားရေးကို အထောက်အကူဖြစ်စေမယ့် အနာဂတ်ဆီ ဘယ်လို ဦးတည်သွားကြမလည်းဆိုတာပဲ ဖြစ်တယ်လို့ World Resources Institute ရဲ့ဥက္ကဋ္ဌ Andrew Steer က ပြောပါတယ်ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG