သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အစိုးရစွပ်စွဲချက် ရိုဟင်ဂျာငြင်းဆို


ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်အနီးက Ramu နဲ့ Cox’s Bazaar မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ ပါဝင်ပတ်သက်သူတွေကို အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံး အရေးယူပေးဖို့နဲ့ လူနည်းစု ရခိုင် ဗုဒ္ဓဘာသာဝင်တွေကို အကာကွယ်ပေးဖို့တို့အတွက် ရာနဲ့ချီတဲ့ ဒါကာတက္ကသိုလ် ကျောင်း သားတွေ ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြမ်းဖက်မှုတွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာတွေလက်ချက်ဖြစ်တယ်လို့ ပြောဆိုထားပေမဲ့ ပြည်ပရောက် ရိုဟင်ဂျာတွေကတော့ ဒီ စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက် ဗွီအိုအေ ရုံးခွဲကနေ ဆက်သွယ် စုံစမ်းထားတဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Ramu လို့ခေါ်တဲ့ ပန်းဝါမြို့နဲ့ Cox’s Bazaar လို့ ခေါ်တဲ့ ဖလောင်းချိန် ဒေသတွေမှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ တာဝန်ရှိသူတွေကို အမြန်ဆုံး ဖမ်းဆီး အရေးယူပေးဖို့ အစိုးရကို ဖိအားပေးတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထိပ်တန်း တက္ကသိုလ်ကြီးဖြစ်တဲ့ ဒါကာ တက္ကသိုလ် က ကျောင်းသား ၃၀၀ လောက် ဒီကနေ့မနက်ပိုင်းက သူတို့ ကျောင်းဝင်းအတွင်းမှာ ချီတက် ဆန္ဒပြခဲ့ကြတာပါ။

အခု ချီတက် ဆန္ဒပြကြတဲ့ ကျောင်းသားအများစုဟာ Ramu နဲ့ Cox’s Bazaar ဒေသတွေက ကျောင်း လာတက်ကြတဲ့ ကျောင်းသားတွေဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းဌာနက ဝါရင့်သတင်းထောက် Abdul Karam Azad က ဗွီအိုအေကို ပြောပြပါတယ်။

“သူပြောသွားတာကတော့ - ဒီမနက်ပဲ Ramu နဲ့ Cox’s Bazaar ဒေသက ကျောင်းသားတွေဟာ တက္ကသိုလ် ကျောင်းဝင်းအတွင်းမှာပဲ ချီတက် ဆန္ဒပြခဲ့ကြတာပါ-တဲ့။ သူတို့က အကြမ်းဖက် တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့သူတွေကို ချက်ချင်း ဖမ်းဆီး အရေးယူဖို့၊ အိုးအိမ်ပျက်စီး ဆုံးရှုံးသွားသူတွေ အတွက် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့တွေကို တောင်းဆိုခဲ့ကြပါတယ်-လို့ ပြောသွားတာပါ။”

ဒီဆန္ဒပြပွဲကို သတင်းထောက် ဘာသာရပ်ကို သင်ကြားနေကြတဲ့ တခြား ကျောင်းသား အတော် များများလည်း ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ရှိအာဏာရပါတီဖြစ်တဲ့ Awami League ပါတီ ရဲ့ ကျောင်းသားလူငယ်အဖွဲ့ကလည်း အလားတူ တောင်းဆိုချက်တွေနဲ့တူ သီးခြား ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ Abdul Karam Azad က ပြောပါတယ်။

အစိုးရအနေနဲ့ ဒီကိစ္စမှာ အဓိက တာဝန်ရှိသူတွေလို့ သံသယ ဖြစ်သူတွေအထဲ ရိုဟင်ဂျာတွေလည်း ပါတယ်လို့ Abdul Karam Azad က ဆက်ပြောပြပါတယ်။

သူပြောသွားတာကတော့- “ ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်နေတဲ့ အစိုးရအရာရှိတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ တရားမဝင် လာရောက် နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့ လက်ချက်ဖြစ်နိုင် တယ်ဆိုပြီး သံသယ ရှိနေကြပါတယ်- တဲ့။ အစိုးရအနေနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည် နယ်အတွင်းမှာ ဖြစ်ခဲ့ တဲ့ ပဋိပက္ခတွေလို အဖြစ်မခံနိုင်ဘူးဆိုတာကို ပထမဆုံး အကြိမ်ပြသလိုက်တာလည်း ဖြစ်တယ် - လို့ ပြောသွားတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ ရိုဟင်ဂျာတွေက သူတို့အပေါ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မူဝါဒတွေကို သဘောမကျတဲ့အတွက် အခုလို အကြမ်းဖက် ဆူပူမှုတွေဖြစ်အောင် ဖန်တီး လုပ်ဆောင်တဖြစ်နိုင်တယ်ဆိုပြီး အစိုးရ အရာရှိတွေက သံသယ ရှိနေကြတာပါ- လို့ ပြောသွားတာပါ။ ”

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အခုလို တဘက်သတ် ပြောဆိုနေတာတွေဟာ မဟုတ် မှန်ကြောင်းနဲ့ သူတို့ ရိုဟင်ဂျာတွေအနေနဲ့ သူတပါး နိုင်ငံအတွင်းမှာ ခိုလှုံနေထိုင်တဲ့သူတွေဖြစ်တဲ့ အတွက် ဒီလိုကိစ္စမျိုးတွေကို လုပ်ဆောင်ခြင်း မရှိဘူးလို့ မလေးရှားအခြေစိုက် ရိုဟင်ဂျာ လူ့အခွင့် အရေးအဖွဲ့က ဥက္ကဋ္ဌ Zafar Ahmad bin Abdul Ghani က ပြောပါတယ်။

“ဒီ ရိုဟင်ဂျာတွေဟာ ကျနော်တို့ နိုင်ငံနဲ့ပတ်သက်ပြီးတော့ သူတို့ ထွက်ပြေးခိုလှုံနေတယ်၊ ဒုက္ခသည် အနေနဲ့ နေ နေတယ်။ ဒီ ရိုဟင်ဂျာတွေဟာ တချို့ဘာသာကို သွားပြီးတော့ နှိပ်စက်ဖို့ ရိုဟင်ဂျာတွေ စိတ်ထဲမှာ လုံးဝ မရှိဘူး၊ အခုကိစ္စက ကျနော်တို့လူမျိုးနဲ့ ဘာမှမဆိုင်ဘူး၊ ဒီရိုဟင်ဂျာတွေ မပါဘူး။ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ဆိုင်တယ်၊ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေနဲ့ပဲ ဆိုင်တယ်။ ကျနော်တို့လူတွေကတော့ ဘာမှ မပါဘူး။”

အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့ထားတဲ့ ဓာတ်ပုံကို Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြလိုက်တဲ့အတွက် အခုလို အကြမ်းဖက် တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့တာလို့ ဒီအထဲမှာ ပါတဲ့သူတွေက ပြောတာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းစာ တချို့မှာ ဖော်ပြခဲ့ကြတာပါ။

လက်ရှိအခြေအနေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ ပုဒ်မ ၁၄၄ ညမ ထွက်ရအမိန့်ထုတ်ထားပြီး အခြေအနေတွေဟာ ဒီကနေ့အထိ တည်ငြိမ် အေးချမ်းမှု ရှိနေပေမယ့် Ramu မြို့ ရဲစခန်းက စခန်းမှူး ရာထူးက နှုတ်ထွက်သွားတယ်လို့ Abdul Karam Azad က ပြောပါတယ်။

သူပြောသွားတာကတော့ - “Ramu မြို့က အခြေအနေတွေဟာ တည်ငြိမ် အေးချမ်းနေပြီး အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေကို အာဏာပိုင် တွေက ဖမ်းဆီး အရေးယူနိုင်ဖို့ ကြိုးပမ်းနေပါတယ် - တဲ့။ ဒါပေမယ့် Ramu မြို့ ရဲစခန်းကို ကြီးကြပ် ကွပ်ကဲရတဲ့ အရာရှိကတော့ ဒီကနေ့ပဲ ရာထူးကနေ နှုတ်ထွက်သွားပါတယ် - လို့ ပြောသွားတာပါ။”

အခုချိန်ထိတော့ ဒီ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၁၆၆ ဦးကို ဘင်္ဂလာ ရဲအဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ပြည်ထဲရေး
ဝန်ကြီး Muhiuddin Khan Alamgir က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

Ramu ခေါ် ပန်းဝါမြို့မှာ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နှစ်ပေါင်း ရာနဲ့ချီပြီး တည်ရှိနေခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းတွေအပါအဝင် ကျောင်းပေါင်း ၂၂ ကျောင်းလောက်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘုရားဆင်းတုတော်တွေလည်း ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ညမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး နောက်တနေ့ တနင်္ဂနွေနေ့မနက်မှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် အစ္စလာမ်ဘာသာကိုးကွယ်သူ သက်ကြီး ရွယ်အိုနှစ်ဦးလည်း သေဆုံးခဲ့ပြီး လူအတော်များများလည်း ထိခိုက် ဒဏ်ရာရခဲ့ကြတာ ဖြစ်ပါတယ်ခင်ဗျား။
XS
SM
MD
LG