သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသတွေမှာ ပါတီကြီးတွေ ယှဉ်ပြိုင်မှုအပေါ် သဘောထားကွဲပြား


၂၀၁၀ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားတွေ မဲပေးနေတဲ့မြင်ကွင်း။
၂၀၁၀ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားတွေ မဲပေးနေတဲ့မြင်ကွင်း။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသတွေမှာ အတိုက်အခံပါတီ NLD အပါအဝင် လက်ရှိအာဏာရပြည်ခိုင်ဖြိုးပါတီလို ပါတီကြီးတွေက လာရောက်ယှဉ်ပြိုင်ဖို့ပြင်တာဟာ ဒေသခံ တိုင်းရင်းသားပါတီတွေရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဆောင်တာဖြစ်တယ်လို့ တိုင်းရင်းသားပါတီတွေက ပြောဆိုလိုက်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ် အမှန်တကယ် တည်ဆောက်ချင်တယ်ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ ဆောင်ရွက်သင့် တယ်လို့ တချို့ကအကြံပြုတာရှိသလို တချို့ကတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ မှန်ကန်တဲ့အဆုံးအဖြတ်ကို ခံယူမယ်လို့လည်း တုံ့ပြန်ပါတယ်။ တိုင်းရင်းသားပါတီတွေရဲ့အမြင်တွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားဒေသတွေကို ခရီးစဉ်ထွက်ပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ တွေ့ဆုံတဲ့ အခါတိုင်းမှာ အတိုက်အခံနိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီမိုကရက်တစ်အင်အားစု အများဆုံး လွှတ်တော်အသီးသီးမှာ အင်အားလိုတဲ့အတွက် တိုင်းရင်းဒေသတွေမှာပါ ပါဝင်ယှဉ်ပြိုင်ရတာဖြစ်တယ်ဆိုတာကိုရှင်းပြသလို တောင်တန်း၊ ပြည်မအခွင့်အရေး တန်းတူညီမျှ ဖြစ်စေရေး ဖက်ဒရယ်စနစ်နဲ့ပြည်ထောင်စု တည်ဆောက်နိုင်ရေး တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ စည်းရုံးဟောပြောလေ့ရှိပါတယ်။

ဒါပေမဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းဒေသတွေမှာပါ NLD အပါအဝင် လက်ရှိအာဏာရပြည်ခိုင်ဖြိုးပါတီလိုပါတီကြီးတွေက လာရောက် ယှဉ်ပြိုင်တာဟာ ဒေသခံပါတီတွေရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဆောင်တာပဲဖြစ်တယ်လို့ တချို့တိုင်းရင်းသားတွေက ယူဆပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌ ( Kachin State Democracy Party (KSDP) ဒေါက်တာ တူးဂျာက -

“တိုင်းရင်းသားဒေသတွေမှာတော့ ဒေသခံပါတီတွေ ရှိပါတယ်။ အဲဒီတိုင်းရင်းသားဒေသခံပါတီတွေက အဓိကတာဝန်ယူသွားဖို့လိုအပ်တယ်။ အဲဒီလို-ပါတီကြီးတွေက တိုင်းရင်းသားဒေသတွေမှာ လွှမ်းမိုးလိုက်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားဒေသခံပါတီတွေရဲ့ အခန်းကဏ္ဍက တော်တော်လေးကို ကျဆင်းသွားတယ်။ …ဆိုတဲ့အခါကျတော့ နောင်အခါ ဖက်ဒရယ်နိုင်ငံ ထူထောင်လာတဲ့အခါကျလို့ရှိရင် ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ၊ ဘာတွေ ရရှိလာတဲ့အခါ တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍက တော်တော်လေးကို မှေးမှိန်သွားစရာတွေရှိတယ်။ ဒါကြောင့်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေးလည်း ပီပြင်နိုင်မှာမဟုတ်ဘူး။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဒေသခံပါတီတွေက အဓိက အခန်းကဏ္ဍကနေ လှုပ်ရှားသွားသင့်တယ်လို့ ကျနော် ယူဆပါတယ်။”

ဒါပေမဲ့လည်း နိုင်ငံရေးပါတီတွေအနေနဲ့ ဒီမိုကရေစီနည်းကျကျ အခွင့်အရေးရှိတဲ့အတွက် လွတ်လပ်စွာ ယှဉ်ပြိုင်အရွေးခံနိုင်သလို မဲဆန္ဒရှင်ဖြစ်တဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း သူတို့လိုလားတဲ့သူကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ယူဆသူလည်း ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် သီပေါမြို့နယ်ကနေ ဒုတိယအကြိမ် ပြန်ပြီးတော့ အရွေးခံမယ့် ကျားဖြူပါတီက လက်ရှိပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (Shan Nationalities Democratic Party )ဦးရဲထွန်းက အခုလိုပြောပါတယ်။

“တိုင်းရင်းသားပါတီတွေကတော့ သူတို့ အဲလိုဝင်ပြိုင်တာကိုပဲ မကျေမနပ်ပြောနေကြတာ ကြားတယ်။ ဥပမာ- သွားမယ့်လမ်းကြောင်းကအတူတူပဲ၊ ဘာဖြစ်လို့ NLD က တိုင်းရင်းသားဒေသတွေမှာ ဝင်ပြိုင်တာလဲဆိုပြီးတော့ ဝေဖန်တာမျိုး ရှိတယ်လေ။ ကျနော့်တစ်ဦးချင်းအမြင်မှာကတော့ ဒါ သူ့မှာလည်း သူ့ပြိုင်ခွင့်ပဲ။ သူ့ရဲ့ Democratic Rights - သူကလည်းပြိုင်မယ်၊ ပြိုင်တဲ့အခါကျတော့ တိုင်းရင်းသားလူနည်းစုတွေကြားမှာ ဘယ်ပါတီက ကတိတည်သလဲ၊ ဘယ်ပါတီက လုပ်နိုင်သလဲ၊ ဘယ်ပါတီက ကိုယ့်ရဲ့သဘောထားထင်မြင်ချက်တွေ၊ ဆန္ဒတွေကို ထင်ဟပ်နိုင်သလဲဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့်မို့လို့ ဒီလို အငြင်းပွားနေတာထက် ရွေးကောက်ပွဲနဲ့အဆုံးအဖြတ်ခံတာပဲ အမှန်ဆုံးလို့ ယူဆပါတယ်။”

အခုလို အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ လာရောက်ယှဉ်ပြိုင်မှာကို ကန့်ကွက်သူတွေလည်း ရှိပါတယ်။ တကယ်ပဲ တိုင်းရင်းသားအရေးလိုလားတယ်ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့အတိုက်အခံပါတီအနေနဲ့ မဟာမိတ်ဖွဲ့သင့်တယ်လို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကနေ ၂၀၁၅ အတွက် ပြန်အရွေးခံမယ့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက အကြံပြုပါတယ်။

“ဒီ စပ်ကူးမတ်ကူးကာလမျိုးမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ဦးတည်မယ့်အချိန်အခါမှာ ကျနော်တို့ဒီမိုကရေစီဘက်တော်သားအချင်းချင်း NLD ပါတီအနေနဲ့ တိုင်းရင်းသားတွေကို မဟာမိတ်ပြုသင့်တယ်လို့ ယူဆတယ်။ ကျနော်တို့ကလည်း အဲလိုပဲ မျှော်လင့်ခဲ့တယ်။ ကျနော်ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောဖူးခဲ့ပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်လက်တွဲပြီးတော့ လာမယ့် ၁၅ မှာ တစ်ယောက်ကိုတစ်ယောက် အထောက်အကူပြုနိုင်အောင်၊ ောနက်ပြီးတော့ အနိုင်ရရှိတဲ့အခါမှာလည်း လွှတ်တော်ထဲမှာလည်း တစ်ယောက်ကိုတစ်ယောက် ကူညီနိုင်အောင်၊ ပံ့ပိုးနိုင်အောင် ကျနော်တို့ လုပ်သင့်တယ်ဆိုပြီးတော့ ပြောပါတယ်။ ဘာပဲပြောပြောပေါ့-အခုအချိန်ကစပြီးတော့ ဒီပါတီတွေဟာ NLD ရဲ့ ဆက်ဆံမှုအပေါ်မှာ ကြည့်ပြီးတော့ သူတို့ပါတီနဲ့လက်တွဲပြီးတော့ လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့အင်အားဟာ ဘယ်သူ့အင်အားဖြစ်ရမှာလဲ။ အဲလောက်ကိုတောင်မှ ကျနော်တို့အပေါ်မှာ နားလည်မှုမပေးဘဲနဲ့ - ငါပါတီကြီးပဲ၊ တိုင်းရင်းသားဒေသတွေကို ငါလာတာဟာ တိုင်းရင်းသားတွေကို ကောင်းစေချင်လို့၊ ပိုချစ်လို့လာတယ်-ဆိုတဲ့သဘောမျိုး ပြောပြီးတော့ လုပ်နေရင်တော့ ဆိုးကျိုးတွေပဲရလာပြီးတော့ ရလဒ်ကောင်းတွေရလာမှာမဟုတ်ဘူးလို့ ကျနော်တို့က ယူဆပါတယ်ခင်ဗျ။”

တကယ်တော့ တိုင်းရင်းဒေသတွေက တိုင်းရင်းသားတွေရဲ့ အခက်အခဲ လိုအပ်ချက်ကိုဖြေရှင်းနိုင်တာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို တောင်းဆိုပေးနိုင်သူဟာ တိုင်းရင်းသားပါတီတွေပဲဖြစ်တယ်ဆိုတာကိုလည်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောပါတယ်။

အတိုက်အခံပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသားတွေကို အခွင့်အရေးတန်းတူပေးနိုင်တဲ့ ဖက်ဒရယ်စနစ် တိုင်းပြည်မှာ တည်ထောင်နိုင်ဖို့ ကြိုးပမ်းနေတာသာဖြစ်တယ်ဆိုတာကို ဒေသခံတိုင်းရင်းသားတွေနဲ့တွေ့ဆုံချိန်တိုင်းမှာ အဓိက ဆွေးနွေးလေ့ရှိတာဖြစ်ပါတယ်။

XS
SM
MD
LG