သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းဒေသနဲ့ မြေပြန့် ကွာဟချက်ကြီးမားနေဆဲ


ဖေဖော်ဝါရီ ၁၂ ရက်နေ့ ဒီကနေ့ဟာ မြန်မာနိုင်ငံရဲ့ ၇၁ ကြိမ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ပင်လုံစာချုပ် ချုပ်ဆိုပြီး ပြည်ထောင်စုရယ်လို့ ပေါ်ပေါက်ခဲ့တာ ၇၁ နှစ် ပြည့်သွားပေမယ့် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေနဲ့ မြေပြန့်နေ ပြည်သူတွေအကြား ကွာဟချက်တွေ ကြီးမားစွာ ရှိနေဘဲလို့ တက်ကြွလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသား လူငယ်ခေါင်းဆောင်တွေက ပြောပါတယ်။ ပြည်ထောင်စုနေ့အပေါ် တိုင်းရင်းသားတွေရဲ့ အမြင်ကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အင်္ဂလိပ်ကိုလိုနီလက်အောက်က မြန်မာလွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ ၁၉၄၇ ခုနှစ်မှာ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပင်လုံမြို့မှာ ရရှိခဲ့တဲ့ သဘောတူ ညီချက်အရ တောင်တန်းမြေပြန့်ပေါင်းစည်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် တည်ဆောက်ကြဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားတာပါ။

ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသားစုတွေပါ စုပေါင်းပါဝင်ဖွဲ့စည်းထားတာဖြစ်ပေမယ့် တောင်တန်းမြေပြန့်ဒေသအပေါ် ဆက်ဆံမှုမှာ ကွာဟချက်တွေရှိနေစဲဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့က ဒေါ်ခွန်ဂျာက ပြောပါတယ်။

"တိုင်းရင်းသား ပြည်သူလူထုရဲ့ကိုယ်စား ခေါင်းဆောင်တွေဟာ ပူးပေါင်းပြီးတော့မှ ပြည်ထောင်စုဆိုတဲ့ စကားလုံးကို ကျမတို့ စတင်ဖော်ထုတ်တယ် တည်ထောင်ခဲ့တာဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသားတွေလည်း ပြည်ထောင်စုရဲ့ co-founder တွေဖြစ်တယ်ပေါ့။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ကျမတို့ ဘားဂျက်အသုံးချမှုကိုပဲ ကြည့်ကြည့် ၊ ရင်းနှီးမြုပ်နှံမှုကိုပဲ ကြည့်ကြည့် ပြည်ထောင်စုလို့ ပြောတဲ့အခါမှာတော့ တိုင်းရင်းသားဒေသတွေ အထူးသဖြင့် တောင်တန်းဒေသတွေမှာ နစ်နာနေတယ်၊ တန်းတူမှုမရှိဘူးဆိုတာကိုတော့ မြင်နေရတယ်။ ဒါအကောင်အထည်ဖော်မှုအပိုင်းဖြစ်တယ်။ လက်ရှိအခြေအနေမှာပဲ ကြည့်မယ်ဆိုရင် အောက်မြန်မာနိုင်ငံ တခုလုံးမှာ တော်တော်လေး ငြိမ်းချမ်းနေတာကို တွေ့ရတယ်။ သို့သော် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်လိုနေရာမျိုးမှာ ဒီပြည်ထောင်စုဆိုတဲ့ စကားလုံးကြောင့်မို့လို့ ကျမတို့ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေစဲကို တွေ့ရတယ်ရှင့်။"

သံလွင်မူဝါဒရေးရာ သုတေသနအဖွဲ့က စောကပိကတော့ ပြည်ထောင်စုကြီးတည်ထောင်ခဲ့တာ ၇၁ နှစ်ဖြစ်ပေမယ့် ခေါင်းဆောင်ကြီးတွေ ရည်မှန်းထားတဲ့အတိုင်း ဖြစ်မလာသေးတဲ့ ရှေ့ဆက်အများကြီးလုပ်ဆောင်ကြဖို့ လိုအပ်နေကြောင်း ကရင်တိုင်းရင်းသားတယောက်အမြင်ကို ပြောပါတယ်။

" ကျနော်တို့ ထူထောင်ခဲ့တဲ့ ပြည်ထောင်စုဟာ ကျနော်တို့ ထူထောင်မယ်လို့ ကတိကဝတ်နဲ့ ပြောခဲ့တဲ့ ပြည်ထောင်စုအမျိုးအစားမဟုတ်ဘူး ဆိုတာ ပထမအချက်ပေါ့နော် ။ ဒုတိယအချက်ကတော့ ဒီပြည်ထောင်စု ထူထောင်ဖို့ အခြေခံခဲ့တဲ့ ပင်လုံစာချုပ်ပေါ့နော်။ ဒီပင်လုံစာချုပ်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းက ပြည်မမှာရှိတဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီးတော့ လက်မှတ်ထိုး စာချုပ်ချုပ်ခဲ့တာဖြစ်တယ်။ အဲဒီအခါကတည်းက သဘောထားကွဲလွဲမှုတွေရှိခဲ့တယ်ပေါ့နော် ကိုယ်စားပြုခြင်းကအစ။ ဒါပေမယ့် ဘယ်လိုပဲ ပြောပြောပေါ့နော် စာချုပ်မှာ ကတိကဝတ်နဲ့ ပြောခဲ့တဲ့ ပြည်ထောင်စုမျိုးကို မထူထောင်ခဲ့နိုင်တာ ဝမ်းနည်းစရာပါ။ နောက်အချက်ကတော့ လူတွေရဲ့ စိတ်ပါ။ တိုင်းသူပြည်သားတွေမှာ ကျနော်တို့ ပြည်ထောင်စုစိတ်ဓါတ် ဆိုတာ ဘာလဲဆိုတာကို ဒီကနေ့ထိ ဇဝေဇဝါဖြစ်နေသေးတယ်။ တစ်ပြည်ထောင် စနစ်ကြီးကို ထူထောင်လာခဲ့ပြီးတော့ ပြည်ထောင်စုခေါ်ခဲ့တော့ ပြည်ထောင်စု အစစ်အမှန် စိတ်ဓါတ်သည် ဘယ်လိုလဲဆိုတာကို တိုင်းသူပြည်သားတွေအနေနဲ့ ဒီကနေ့ထိယောင်ဝါးဝါးနဲ့ ရှိနေတုန်းပဲ လို့ ကျနော်မြင်တယ်။"

ရခိုင်အမျိုးသားကွန်ယက်က ညှိနှိုင်းရေးမှူး ကျော်သန့်နိုင် ကတော့ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသားအချင်းချင်းကြား သာတူညီမျှ သဘောထားဆက်ဆံကြမယ်ဆိုရင် လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေး စစ်ရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်မယ်လို့ ယူဆကြောင်းပြောပါတယ်။

" တကယ်တန်းကျတော့ ဒီနိုင်ငံသည် ကျနော်တို့ တိုင်းရင်းသားတွေဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတွေရဲ့ ဘိုးဘွားပိုင်မြေပေါ်မှာ ဖြစ်တည်လာတဲ့ တန်းတူညီမျှနဲ့ အကုန်လုံးနေထိုင်နိုင်တဲ့ ပြည်ထောင်စုကြီး ဖြစ်ဖို့ကို ကျနော်တို့ ခေါင်းဆောင်ကြီးတွေက ဖန်တီးခဲ့တာဖြစ်တယ်။ ငါတို့ပဲ ပိုင်တယ်၊ ငါတို့ပဲ ဆိုင်တယ်ဆိုတဲ့ ဒီလိုအခြေခံယူဆချက်တွေက လွဲမှားနေတယ် တကယ်ဆိုရင် ဒီနိုင်ငံသည် ငါတို့ပဲ ပိုင်တာမဟုတ်ဘူး။ တိုင်းရင်းသားပြည်သူ တရပ်လုံးရဲ့ ဘိုးဘွားအဆက်ဆက်က ပိုင်ဆိုင်ခဲ့တဲ့ မြေပေါ်မှာ ငါတို့တွေ စုစုစည်းစည်း နေကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ ပြည်ထောင်စုကြီးကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ဒါသည် လက်ရှိ ကျနော်တို့ တိုင်းရင်းသားပြည်သူတရပ်လုံးက လိုလားနေတဲ့ ပြည်ထောင်စု စိတ်ဓါတ်ပါပဲ။"

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ပင်လုံစာချုပ်ချုပ်ဆိုပြီး နောက်တနှစ် ၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့မှာ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီလက်အောက်က လွတ်မြောက်ပြီး လွတ်လပ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံရယ်လို့ စတင်ခဲ့တာပါ။ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ နိုင်ငံတော် အားလပ်ရက်နေ့လည်း ဖြစ်ပါတယ်။ ဒီကနေ့ နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြည်ထောင်စုနေ့ သဝဏ်လွှာပေးပို့ပြီး ရန်ကုန်မြို့ မဟာဗန္ဒူလ ပန်းခြံနဲ့ လက်ရှိအာဏာရ NLD ဌာနချုပ်တို့အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့မှာ ပြည်ထောင်စုနေ့ အခမ်းအနားတွေကို ကျင်းပခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG