သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC အဆိုပြုချက် ၉ ချက်၊ အစိုးရမူအားဖြင့် လက်ခံ


ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation) စတုတ္ထအကြိမ် အစည်းအဝေး။ (မတ် ၃-၂၀၁၇)
ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation) စတုတ္ထအကြိမ် အစည်းအဝေး။ (မတ် ၃-၂၀၁၇)

ငြိမ်းချမ်းရေးကော်မရှင် နဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ ဆွေးနွေးရာမှာ UNFC ဘက်က တင်ပြထားတဲ့ အဆိုပြုချက်တွေကို မူအားဖြင့် သဘောတူညီချက်ရခဲ့ပြီဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ဆွေးနွေး ညှိနှိုင်းဖို့ သဘောတူညီ ထားသလို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေ ပါဝင်နိုင်ရေး ကြိုးပမ်းသွားဖို့နဲ့ (၂၁) ရာစုပင်လုံကို ပါဝင် တက်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားဖို့လည်း သဘောတူခဲ့ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် နဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ဒီကနေ့ ရန်ကုန်မြို့အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ UNFC ဘက်က တင်ပြထားတဲ့ အချက် ၉ချက်ကို ဆက်လက် ဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။

ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အချက်၉ချက်အပေါ် မူအားဖြင့် သဘောတူညီချက် ရခဲ့ပြီး အဆင့်တဆင့် တက်လှမ်းနိုင်ခဲ့ကြောင်း ကို နိုင်ငံတော်သမ္မတရုံး က ပြောရေးဆိုခွင့် ရှိသူ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်ဖြစ်တဲ့ ဦးဇော်ဌေးက အခုလို ပြောဆိုပါတယ်။

"ဒီကိုးချက်ကို ဆွေးနွေးတဲ့အခါမှာ တဘက်နဲ့ တဘက် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်း ညှိနှိုင်းဆွေးနွေးပြီးတော့ နောက်ဆုံးမှာ နှစ်ဘက်လက်ခံနိုင်တဲ့ အချက် (၉)ချက်ကို အဲ့တာကိုတော့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပါတယ်။ အဲ့ဒီ့တော့ မူအားဖြင့် သဘောတူခဲ့ပြီးမှ ပြီးခဲ့တဲ့ ၁ရက်နေ့မှာ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ DPN (UNFC Delegation of Political Negotiation) နဲ့တွေ့တယ်။ ကျနော်တို့ အဆင့်တဆင့် တိုးတက်မှု ရရှိခဲ့တယ်။ ဒီကနေ့ကတော့ PC (Peace Commission) နဲ့ အသေးစိတ်ပေါ့နော်။ တချက်ခြင်း တချက်ခြင်းပဲ ဆက်လက်ဆွေးနွေးမယ်။ နောက်ထပ် အဆင့်တဆင့် ထပ်ပြီးတော့ တက်လှမ်းသွားနိုင်မယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။

မူအားဖြင့် သဘောတူညီထားချက်တွေအပေါ်မှာ UNFC ရဲ့ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင် ခူးဦးရယ်က အခုလို ပြောပါတယ်။

" မူအားဖြင့် သဘောတူခဲ့တဲ့အချက်တွေကို ကျနော်တို့ တကယ်တမ်း လက်မှတ်ရေးထိုးနိုင်တဲ့ အဆင့်တခုအထိရောက်အောင်လို့ မူသဘောမှာ မဟုတ်ပဲနဲ့ တရားဝင် လက်မှတ်ရေးထိုးနိုင်ဖို့ ဖြတ်ကျော်ရမယ့်အဆင့်ရှိတယ်လို့ ဆိုလိုထားတဲ့သဘောပဲ။"

UNFC က်က တင်ပြထားတဲ့ အချက်၉ချက်မှာ အစိုးရနဲ့ တပ်မတော်က တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာဖို့၊ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့၊ အစိုးရ၊လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား ကိုယ်စားလှယ် တွေပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးဖို့နဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်၊ အပစ်ရပ်စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွှန်နဲ့ တပ်နေရာချထားရေး ကြိုတင်သဘောတူဖို့နဲ့ အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီမှာ နိုင်ငံတကာက ကိုယ်စားလှယ်တွေ ပါဝင်ဖို့ ဆိုတာတွေဖြစ်ပါတယ်။

ဒီအချက်တွေထဲက သုံးပွင့်ဆိုင်ဆွေးနွေးရေးနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာစည်းမျဉ်း၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ် အပစ်ရပ်စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွှန်နဲ့တပ်နေရာချထားရေး ကြိုတင်သဘောတူဖို့ကိစ္စတွေကိုတော့ ဆက်လက်ညှိနှိုင်းဖို့ ရှိနေပါတယ်။

UNFC က တင်ပြတဲ့ အချက်တွေ အနက်မှာ အချက်အတော်များများကို တပ်မတော်ဘက်က လက်မခံကြောင်းကို ဒီလ ၂၈ရက်က သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုထားပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေ ပါဝင်နိုင်ဖို့ နှစ်ဘက်ကြိုးပမ်း ဆောင်ရွက်သွားဖို့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ အစည်းအဝေးမှာ ပါဝင် တက်ရောက်နိုင်ဖို့ ညှိနှိုင်းဖို့တွေရှိနေတာကြောင့် ၂၁ရာစု ပင်လုံကို ဒီလအတွင်း ကျင်းပနိုင်ဖို့ အလားအလာနည်းကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

" ကျနော်တို့ လက်တလော ညှိနှိုင်းထားတာပေါ့ ညှိနှိုင်းထားတာကတော့ ကျနော်တို့ EAO( Ethnic Armed Organizations Peace Process Steering Team ) နိုင်ငံရေးပါတီရယ် အစိုးရရယ် ဒီအဖွဲ့ကြားမှာ ညှိနှိုင်းနေတယ်။ လတ်တလော KNU ကွန်ကရက်ကလည်း ရှိတယ်။ အဲ့ဒီ့အပေါ်မှာ KNU ကွန်ကရက်ရဲ့ရက်ကိုလည်း ထည့်တွက်ရမယ်။ အခုလောလောဆယ်မှာတော့ ညှိနှိုင်းဆဲပါ။ ညှိနှိုင်းဆဲဖြစ်တယ်။ အဲ့ဒီ့တော့ မတ်လအတွင်းမှာတော့ ကျင်းပနိုင်ဖို့ အလားအလာ အခုဆိုရင်တော့ နည်းသွားတယ်။ ညှိရတာ ရက်တွေ ကျပ်နေတယ်။ အဲ့ဒီ့လို အနေအထားဖြစ်သွားတယ်။"

ဒီကနေ့ ဆွေးနွေးပွဲမှာ မူအားဖြင့် သဘောတူထားတဲ့အချက်တွေကို နှစ်ဖက် အဖွဲ့အစည်းတွေအတွင်း ပြန်လည်ဆွေးနွေးပြီးတဲ့နောက်မှာ နောက်တကြိမ်အမြန်ဆုံးပြန်လည်တွေ့ဆုံနိုင်ဖို့ ကြိုးစားမှာဖြစ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ ပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် နဲ့ အပစ်ရပ်စာချုပ်UNFC ရဲ့ နိုင်ငံရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ဟာ တရားဝင်၃ကြိမ်နဲ့ အလွတ်သဘော ၂ကြိမ်ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာတော့ DPN အဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPPက ကိုယ်စားလှယ်တွေ မတက်ရောက်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်တဲ့ ပန်ဆန်း ကြေညာချက်မှာတော့ KIO နဲ့ SSPP အပါအဝင် တရုတ်မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ပြင်ပကနေ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

UNFC အဆိုပြုချက် ၉ ချက်၊ အစိုးရမူအားဖြင့် လက်ခံ
please wait

No media source currently available

0:00 0:04:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG