သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု အမေရိကန် အချိန်ယူသင့်


လက်ရှိ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေရှိပြီး စိန်ခေါ် အကဲစမ်းချက်တွေလည်း ရှိနေတာမို့၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ချည်းကပ်တဲ့ နေရာမှာ အလောတကြီး မူဝါဒ ပြောင်းလဲတာ မျိုးတွေ မလုပ်သင့်ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ဝါရှင်တန်ဒီစီက Heritage Foundation မှာ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပြောသွားတာပါ။

မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ အကဲဖြတ် သုံးသပ်တဲ့ မနေ့က ဆွေးနွေးပွဲ ကိုတော့ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က လက်ထောက် အမှုဆောင် ညွှန်ကြားရေးမှူးတဦးဖြစ်တဲ့ ဖရန့် ဂျာနူဇီ (Frank Jannuzi) HRW လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့က တွန် မလီနောစကီး (Tom Malinowski) နဲ့ လူ့အခွင့်အရေး ရှေ့နေဖြစ်တဲ့ ဂျရတ် ဂန်ဆာ (Jared Genser) တို့ အဓိက ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေ ရှိလာပေမဲ့ တရားဥပဒေစိုမိုးရေး လွတ်လပ်တဲ့ တရားစီရင်ရေး နယ်ပယ်တွေမှာ လိုအပ်ချက်တွေ ရှိနေသလို၊ ပြုပြင်ပြောင်းလဲရေးမှာလည်း capacity လုပ်နိုင်ချေ စွမ်းအား အားနည်းသေးတယ်လို့ သုံးသပ်ကြပါတယ်။

အထူးသဖြင့်တော့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ အနောက်ခြမ်း ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကို သုံးသပ်ဆွေးနွေးကြပြီး၊ ဒီအချက်တွေကိုကြည့်ရင် လူ့နည်းစုအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အားနည်းမှုတွေကို ထောက်ပြပါတယ်။ အတိုက်အခံ ဒီမိုကရေစီဘက်က အခြေအနေကိုလည်း သုံးသပ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ဟာ သူ့ရန်ဘက် မဟုတ်ပါဘူးဆိုတာ ပြသဖို့အတွက် ကိစ္စရပ် အတော်များများမှာ မှတ်ချက်ပေး ပြောဖို့ ရှောင်နေခဲ့ တယ်လို့ ဝေဖန်သွားပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အတိုက်အခံတွေဘက်က လှုပ်ရှားဆောင်ရွက်ခဲ့ပေမယ့်၊ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့တော့ အချိန်ယူရနိုင်တယ်လို့ သုံးသပ်ပါတယ်။
XS
SM
MD
LG