မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) နဲ့ အစိုးရက ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ်တို့ အကြား တိုက်ပွဲတွေဟာ မနေ့ကစလို့ ဒီကနေ့အထိ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ဒီကေဘီအေ ပိုင် လက်နက်ခဲယမ်းတွေကို နယ်ခြားစောင့်တပ်က လာရောက်သိမ်းယူဖို့ ကြိုးပမ်းရာကနေ စတင်ခဲ့တာပါ။ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့တဲ့တင်းမာမှုကို ဒီကနေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကြားဝင် ညှိနှိုင်းပေးနေတယ်လို့ ဆိုပါတယ်။ နောက်ဆုံး အခြေအနေကို ဆက်သွယ် စုံစမ်းထားတဲ့ သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။
မြိုင်ကြီးငူဒေသမှာ မကြာသေးခင်ကမှ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်နဲ့ မြန်မာအစိုးရဘက်က ဗိုလ်ချုပ် မောင်မောင်အုန်း ဦးဆောင်ဖွဲ့စည်း ပေးထားတဲ့ နယ်ခြားစောင့်တပ်တွေ ပစ်ခတ်မူကြောင့် နယ်ခြားစောင့်တပ်သား ၄ ဦး သေဆုံးခဲ့ပြီး အရပ်သား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီကေဘီအေ ကို လက်နက်သိမ်းတာကြောင့် ပစ်ခတ်မှုတွေ ဖြစ်ရကြောင်း၊ အခုအခါမှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ကြားဝင် ဆောင်ရွက်ပေးနေကြောင်း ဒီကေဘီအေ မြဝတီမြို့ ဆက်ဆံရေးရုံးက အရာရှိ ဗိုလ်မှူးကြီး မောင်လေးက ပြောပါတယ်။
“နေ့လယ် ၁၁ နာရီမှာ စနိုက်ပါနဲ့ ပစ်တယ်လေ။ ကျနော်တို့ တပ်ဖွဲ့ဝင်တစ်ယောက်ကို ပစ်တာ။ သူ့ရဲ့ ဘယ်ဘက်လက်ဝါးမှာ ထိသွားတယ်လေ။ အခု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့တို့က ညှိနှိုင်းနေတယ်။ ဆောင်ရွက်နေတယ်။ အဖွဲ့ခေါင်းဆောင်ကတော့ သူတို့ ညှိနှိုင်းနေတာပေါ့။ ဝန်ကြီးအဆင့်နဲ့လား သမ္မတ အဆင့်နဲ့လားတော့ မပြောတတ်ဘူးလေ။ အဲဒီမှာ ညှိနှိုင်းနေတယ်။ တိုင်းမှူးကိုလည်း သူတို့ကို ညွှန်ကြားထားတာတွေ ရှိတယ် ကျနော်တို့ သိရသလောက်။ အခု ကျနော်တို့ဆီက လောလောဆယ် အပြင်က လူကြီးတွေ ညှိနေတဲ့အချိန်မှာ ဘာမှ ပြန်မလုပ်ပါနဲ့လို့ အမိန့်ပေးထားလို့ သူတို့ အခုလောလောဆယ် ဘာမှ ပြန်မလုပ်သေးဘူး။”
နယ်ခြားစောင့်တပ်က တပ်စုမှူး အပါအဝင် ၈ ဦၤး ဒီကေဘီအေ ကို လာရောက် ပူးပေါင်းမူတွေ လုပ်ခဲ့တာကို မကျေနပ်ရာကနေ သူတို့ လက်နက်တွေ လာသိမ်းတာ ဖြစ်တယ်လို့ ဒီကေဘီအေဘက်က ပြောပါတယ်။
“အခု သူတို့ တောင်းဆိုတာက နယ်ခြားစောင့်တပ်ပေါ့။ သူတို့က တပ်စုမှူးအဆင့်ရှိတဲ့ တင်ညွှန့်က ကျနော်တို့ ဒီကေဘီအေဘက်ကို လာပေါင်းတယ်လေ။ သူတို့ ပေါင်းနေတဲ့အချိန်မှာ တင်ညွှန့်ကို ကျနော်တို့အဖွဲ့က အတင်းအဓမ္မ BPS တံဆိပ် ချွတ်ခိုင်းတယ်၊ လက်နက်တွေ သိမ်းလိုက်တယ်လို့ သူတို့က ယူဆတာကိုး။ အမှန်မှာကတော့ ကျနော်တို့အဖွဲ့ တင်ညွှန့် ရောက်လာတာနဲ့ ကျနော့်ဆီကို အကြောင်းကြားတယ်။ အကြောင်းကြားတော့ ကျနော်တို့အနေနဲ့ လက်ခံလို့ မရဘူးဆိုတာကိုလည်း သူတို့ကို ကျနော်တို့အောက်က တပ်ဖွဲ့တွေကို အကြောင်းကြားထား ပြီးသားလေ။ တရားဝင် ကျနာ်တို့အနေနဲ့ ဒီမှာ လက်မှတ်ထိုးထား ပြီးသားဆိုတော့ သူတို့ကို လက်ခံလိုက်ရင် အစိုးရနဲ့ အများကြီး စကားပြောရမယ်။ လက်ခံလို့မရဘူး။ ကျနော်တို့က အဲဒီလို ပြောထားတယ်။ အဲဒါကြောင့် သူတို့အနေနဲ့ လက်မခံပါဘူး။ အခု လောလောဆယ် ကျနော်တို့ အဖွဲ့နဲ့ မနီးမဝေးမှာ နေနေပါတယ်။ ဒါပေမဲ့ ကိုယ့်အချင်းချင်းပဲ ဆိုတော့ ကျနော်တို့က ဘာမှမလုပ်ဘူးလေ။ အမှန်မှာကတော့ ဒါ သူတို့လူပဲလေ။ သူတို့လူကို သူတို့ လိုက်ထိန်းပေါ့။ သူတို့ ပြန်လာခေါ်လိုက်ပေါ့ ပြန်ခေါ်ချင်ရင်။ ကျနော်တို့လည်း ကန့်ကွက်စရာ အကြောင်း မရှိဘူးလေ သူတို့ခေါ်တာကို။ အခုလည်း ကျနော်တို့ အဲဒီသူတို့ လူနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ လက်နက်ကို သိမ်းတာကတော့ သူတို့ ရန်စတယ်လို့ပဲ ကျနော်တို့ ယူဆတယ်လေ။ သူတို့ကတော့ ဥပမာအားဖြင့် ကျနော်တို့နဲ့ တိုက်ရိုက် ပတ်သက်မှုမရှိဘူးလေ။ တိုက်ရိုက် ပတ်သက်မှုမရှိတာကို ပတ်သက်လာအောင် သူတို့ အဲဒီလို ဖန်တီးလာတဲ့အချိန်ကျတော့ ကြာလာရင်တော့ ကျနော်တို့ လက်နက်တွေ ပြန်မရရင်တော့ တင်းမာမှုတွေ ရှိနိုင်တယ်။”
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဟာ မြန်မာအစိုးရနဲ့ ၁၆ နှစ်ကြာ အပစ်အခတ် ရပ်စဲပြီးမှ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံရာကစလို့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ အထိ မြန်မာအစိုးရ တပ်တွေနဲ့ ပြန်လည် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလထဲမှာပဲ အသစ်တဖန် အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့တာဖြစ်ပါတယ်။