သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေးမမျှတမှုဖြေရှင်းရေး တရုတ်နဲ့ကန်သဘောတူညီချက်ရ


တရုတ်နဲ့ အမေရိကန်အကြားက ကုန်သွယ်ရေးဆိုင်ရာ ပဋိပက္ခတွေမှာ သဘောတူညီချက်တွေ ရလိုက်နိုင်ပြီဖြစ်ကြောင်း သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံက အမေရိကန်ထုတ် လယ်ယာထွက်ကုန် အများအပြားကို ထပ်မံ ဝယ်ယူဖို့ သဘောတူလိုက်တာဟာ နှစ်ပေါင်းများစွာအတွင်း အမေရိကန်လယ်သမားတွေအတွက် အကောင်းဆုံးဖြစ်ပေါ်မှု တခုဖြစ်ကြောင်း တနင်္လာနေ့မနက်အစောပိုင်းမှာ သမ္မတ Trump က Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားလိုက်ပါတယ်။

တနိုင်ငံထုတ် ကုန်ပစ္စည်းတွေကို တဖက်နိုင်ငံက အခွန်အကောက်တွေ တိုးမြင့် ကောက်ခံမယ်ဆိုတဲ့ ပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေ မပြုလုပ်ဖို့ တရုတ်နဲ့ အမေရိကန်အကြား သဘောတူညီချက် ရလိုက်ပြီကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က ပြောဆိုအပြီး တရက်အကြာမှာ သမ္မတ Trump က အဲဒီလို ပြောလိုက်တာပါ။ အမေရိကန်နဲ့ ကြီးမားတဲ့ ကုန်သွယ်ရေး မညီမျှမှု ဖြစ်နေတာကို ချိန်ခွင်လျှာညှိတဲ့အနေနဲ့ တရုတ်ဘကက် အမေရိကန်ထုတ်ကုန်ပစ္စည်းတွေ အများအပြား ဝယ်ယူမယ့် သဘောတူညီ စနေနေ့က ရရှိလိုက်တာ ဖြစ်ပါတယ်။

တရုတ်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ အဓိပ္ပါယ်ပြည့်ဝတဲ့ တိုးတက်မှုတွေ ရခဲ့ကြောင်းနဲ့ ကုန်သွယ်ရေးဆိုင်ရာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် အခြေခံမူဘောင်တွေ ချမှတ်နိုင်ခဲ့ကြောင်း ဝန်ကြီး Mnuchin က Fox သတင်းဌာနကို ပြောပါတယ်။ အဲဒီ အခြေခံမူဘောင်ကို ဆွေးနွေးညှိနှိုင်းနေကြဆဲ ကာလမှာတော့ အခွန်ကောက်ယူမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားကြဖို့ သဘောတူထားကြောင်းလည်း ဝန်ကြီး Mnuchin က ပြောပါတယ်။

တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းထဲမှာလည်း - နှစ်ဘက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်မှာ မဟုတ်ကြောင်း၊ တဦးနဲ့တဦး အခွန်တိုးကောက်တာမျိုးလည်း လုပ်တော့မှာမဟုတ်ကြောင်း တရုတ်စေ့စပ်ညှိနှိုင်းရေးမှူးလည်းဖြစ်၊ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ Liu He ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG