သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Kim ထိပ်သီးညီလာခံ ကျင်းပရာ Sentosa အပန်းဖြေစခန်းဆိုက် ရောက်


အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ရဲ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို စင်္ကာပူစံတော်ချိန် အင်္ဂါနေ့ မနက် ၉ နာရီ ဝါရှင်တန်စံတော်ချိန် တနင်္လာနေ့ည ၉ နာရီ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲမှာ စင်္ကာပူ Sentosa အပမ်းဖြေကျွန်းရှိ Cappela ဟော်တယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

စင်္ကာပူမြို့လယ် Orchard လမ်းက Shangrila ဟော်တယ်မှာ တည်းခိုနေတဲ့ သမ္မတ Turmp နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ အခု သတင်းကြေညာနေချိန်မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့် နေရာကို ရောက်နေပြီဖြစ်ပါတယ်။ အလားတူပဲ St. Regis ဟော်တယ်မှာ တည်းခိုနေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim နဲ့ကိုယ်စားလှယ် အဖွဲ့တို့ကလည်း ညီလာခံကျင်းပမယ့် နေရာကို ရောက်လာကြပြီလို့ ရုပ်မြင်သံကြား သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ မကြာခင် အချိန်အတွင်းမှာ သမိုင်းဝင်ဆွေးနွေးပွဲ စတင်တော့မှာပါ။

အခုလို မြောက်ကိုရီးယား ခေါင်းဆောင် Kim နဲ့ အမေရိကန်သမ္မတ Trump တို့ တွေ့ဆုံချိန်မှာ ကိုရီးယားကျွန်းဆွယ်ဒေသ တွင်း ချထားတဲ့ အမေရိကန် တပ်သား အရေအတွက် လျှော့ချဖို့အရေး ကို ထည့်သွင်းဆွေးနွေးမယ်လို့ သူမယုံကြည်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် အင်္ဂါနေ့ ခေါင်းဆောင် ၂ ဦး ညှိနှိုင်းဆွေးနွေးမှုကနေ ရလဒ် တစုံတရာ မသိရခင်မှာ ကိုရီးယား ကျွန်းဆွယ်မှာ ထားတဲ့ အမေရိကန် တပ်သားအရေအတွက် နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ စောသေးတယ်လို့လည်း ဝန်ကြီး Mattis ကပြောပါတယ်။

သမ္မတ Trump ဟာ ပထမမှာ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တဦးချင်း တွေ့ဆုံမှာဖြစ်ပြီး ဘာသာပြန်ကလွဲလို့ တခြား ဘယ်သူမှ ပါမှာမဟုတ်ဘူးလို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီနောက်မှာမှ နေ့လည်စာ သုံးဆောင်ရင်း နှစ်ဘက် ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်မှာဖြစ်ပြီး အဲဒီအချိန်မှာတော့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ၊ အိမ်ဖြူတော် ဝန်ထမ်းအရာရှိချုပ် John Kelly ၊ အမျိုးသား လုံခြုံရေးအကြံပေး John Bolton တို့ပါ တက်ရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Mattis ကတော့ ထိပ်သီးအစည်းဝေးကို မတက်ရောက်ပါဘူး။

XS
SM
MD
LG