သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ခရီးသည်တွေ အမေရိကန် ရက် ၃၀ ဝင်ခွင့်ပိတ်


အမေရိကန် သမ္မတ Donald Trump (သတင်းဓာတ်ပုံ - မတ် ၁၁၊ ၂၀၂၀)
အမေရိကန် သမ္မတ Donald Trump (သတင်းဓာတ်ပုံ - မတ် ၁၁၊ ၂၀၂၀)

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုမှာ Coronavirus ပိုးကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့အတွက် ဥရောပနိုင်ငံတွေကလာမယ့် ခရီးသည်တွေကို သောကြာနေ့ကစပြီး ရက် ၃၀ အတွင်း ဝင်ခွင့်မပြုဘူးလို့ သမ္မတ Donald Trump ကကြေညာခဲ့ပါတယ်။

Coronavirus ပိုးကူးစက်မှုတိုက်ဖျက်ရေးနဲ့ ကူးစက်မှုကြောင့် စီးပွားရေးထိခိုက်မှုကို ကျားကန်ပေးအစီအစဉ်တွေကို ဗုဒ္ဓဟူးနေ့ညက တနိုင်ငံလုံးကို ထုတ်လွှင်တဲ့ မိန့်ခွန်းမှာ သမ္မတ Trump က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ထဲကို ရောဂါဖြစ်နေသူတွေဝင်ရောက်လာမှာကို ကာကွယ်တဲ့အနေနဲ့ နောင်ရက် ၃၀ အတွင်း ဥရောပကနေ အမေရိကန်ဆီလာမယ့် ခရီးသွားလာမှုအားလုံးကို ရပ်ဆိုင်းထားမယ်လို့ သမ္မတ Trump ကြေညာခဲ့တာဖြစ်ပါတယ်။

သောကြာနေ့သန်းခေါင်ချိန်မှာ စတင်အသက်ဝင်မယ့် ဒီကန့်သတ်ချက်ဟာ လိုအပ်တဲ့ ဆေးစစ်မှုတွေလုပ်ထားတဲ့ အမေရိကန်နိုင်ငံသားတွေ မပါသလို၊ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်တယ်လို့ သမ္မတရဲ့ မိန့်ခွန်းထဲမှာပြောကြားသွားပါတယ်။ အမေရိကန်လာတာ ကန့်သတ်တဲ့ထဲမှာ ဗြိတိန်နိုင်ငံ မပါဝင်ပါဘူး။

တနိုင်ငံနဲ့တနိုင်ငံ နယ်စည်း အကန့်အသတ်မရှိ သွားလာနိုင်တဲ့ ဥရောပ Schengen ၂၆ နိုင်ငံဆီ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ရောက်ခဲ့သူတွေကို အမေရိကန်ကို ဝင်ခွင့် မပြုဘူးလို့ အိမ်ဖြူတော် ကြေညာချက်မှာ ရှင်းထားပါတယ်။ အမေရိကန်နိုင်ငံသားတွေဆိုရင်တော့ ကြိုတင်ဆေးစစ်မှုတွေလုပ်မယ့် သတ်မှတ်လေဆိပ်တွေကနေ အမေရိကန်ကိုလာရမယ်လို့ ပြောထားပါတယ်။

Coronavirus ပိုးကူးစက်ပျံ့နှံ့မှုကို ကမ္ဘာအနှံ့ပျံ့နှံ့တဲ့ကပ်ရောဂါအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက ခုလိုခရီးသွားကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် Virus ပိုးကူးစက်နေတဲ့ နိုင်ငံပေါင်း ၁၁၈ နိုင်ငံရှိနေပြီး ကူးစက်သူ ၁၂၀,၀၀၀ ကျော်၊ သေဆုံးသူ ၄,၆၀၀ ထက်မနည်းရှိပါတယ်။ Virus ပိုးစတင်ကူးစက်ခဲ့တဲ့ တရုတ်နိုင်ငံမှာ နောက်ထပ်ပိုးကူးသူအရေအတွက် ကျဆင်းနေပေမဲ့ ကမ္ဘာမှာ ပိုးကူးသူဒုတိယမြောက် အများဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံမှာတော့ ကူးစက်သူတွေတိုးလာနေပါတယ်။

မလိုအပ်ဘဲ တနေရာကနေ တနေရာသွားလာတာကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်ပင်ထားတဲ့ အီတလီမှာ အစားအသောက်ရောင်းတဲ့ စူပါမားကက်တွေ၊ ဆေးဆိုင်တွေကလွဲလို့ စားသောက်ဆိုင်တွေ၊ အရက်ဘားတွေ၊ ဆံပင်ညှပ်ဆိုင်တွေအားလုံးကို ပိတ်ဖို့ ဝန်ကြီးချုပ်က ဒီကနေ့ ထပ်ပြီး အမိန့်ထုတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG