လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ကမ္ဘာ့အင်အားအကြီးဆုံးစီးပွားရေး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ဆိုင်ရာ သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်ခဲ့ရာက အပြန်အလှန် အခွန်တိုးမြှင့်ကောက်ခံမှုတွေ ပြုလုပ်ခဲ့ကြပြီးတဲ့နောက် နှစ်ဘက် မပြေလည်မှုတွေကို ဆွေးနွေးကြဖို့အတွက် အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှစ်ဦးဟာ အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့မှာ ကျင်းပနေတဲ့ G-20 ထိပ်သီး စည်းဝေးပွဲပြင်ပမှာ ညစာစားရင်း သီးခြား တွေ့ဆုံခဲ့ကြပါတယ်။
သူတို့ ၂ ဦးရဲ့ဆက်ဆံရေးဟာ ကောင်းမွန်တဲ့အနေအထားမှာ ရှိနေတာကြောင့် တရုတ်ပြည် အတွက်ရော၊ အမေရိကန် ပြည်ထောင်စုအတွက်ပါ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်လာစေမယ်လို့ ယုံကြည်ကြောင်း သမ္မတ Trump က ထမင်းစားပွဲမှာ တရုတ်သမ္မတရှီနဲ့ မျက်နှာချင်းဆိုင် ထိုင်ရင်း ပြောကြားခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ - သူတို့ ၂ ဦး နောက်ဆုံး တွေ့ခဲ့တဲ့အချိန်ဟာ အတော်လေး ကြာခဲ့ပြီ ဖြစ်ကြောင်း၊ ဒီအတောအတွင်းမှာ အကြောင်းအရာ အများအပြားလည်း ဖြစ်ပေါ်ခဲ့ကြောင်း ပြောပါ တယ်။ ဒါ့အပြင် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်ကြမှသာ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာမှုကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ကြောင်းလည်း သမ္မတ ရှီက ပြောပါတယ်။
G-20 ထိပ်သီး စည်းဝေးပွဲအပြီးမှာ ကျင်းတဲ့ အဲဒီ ညစာစားပွဲဟာ မူလက စီစဉ်ထားတဲ့အချိန်ထက် တနာရီ စောပြီး ကျင်းပခဲ့တာဖြစ်ပြီး နှစ်ဘက်အစိုးရက ထိပ်တန်း အရာရှိတွေလည်း တက်ရောက်ခဲ့ကြပါတယ်။