သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dorian ဟာရီကိန်း နောက်ဆုံး အခြေအနေ


အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ဆီကို ဦးတည်ပြီး လာနေတဲ့ Dorian ဟာရီကိန်းမုန်တိုင်းဟာ သောကြာနေ့ မှာ Bahamas ကျွန်းစု အနောက်မြောက်ပိုင်းကို ရွေ့လျားသွားနေပြီး ပြင်းအားအဆင့် ၃ လောက်အထိရှိလာတဲ့ အတွက် အန္တရာယ်အလွန်ကြီးတဲ့ အနေထားကို ရောက်နေပါတယ်။

ဖလော်ရီဒါ ကုန်းတွင်းပိုင်းကို တနင်္လာနေ့မှာ မုန်တိုင်းဝင်ရောက်မယ်လို့ ခန့်မှန်းထားတာကြောင့် ဒီပြည်နယ်တွင်းနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ မုန်တိုင်းအန္တရာယ် အတွက် ဘယ်လောက် ပြင်ထားကြတယ် ဆိုတာကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်း တင်ပြပေးမှာပါ။

တောင်အမေရိကတိုက် မြောက်ပိုင်း Caribbean ပင်လယ်မှာ အစပြုခဲ့တဲ့ Dorian မုန်တိုင်းဟာ Puerto Rico အရှေ့ဘက်ကို ဖြတ်ကျော်ပြီး သောကြာနေ့မှာ တော့ ဘဟားမားကျွန်းစု အနောက်မြောက်ပိုင်းကို ဦးတည် သွားနေတာပါ။ ပြင်းအား အဆင့် ၃ လောက်အထိ ရောက်လာနေတဲ့ ဒီမုန်တိုင်း ဟာ မကြာခင် ရက်ပိုင်းအတွင်း ဖလော်ရီဒါပြည်နယ်ကို ရောက်လာနိုင်တာကြောင့် အမေရိကန် သမ္မတ Donald Trump က သူ့ရဲ့ ပိုလန်ခရီးစဉ်ကို ဖျက်သိမ်းပြီး မုန်တိုင်းအခြေနေကို စောင့်ကြည့်နေသလို ဖလော်ရီဒါပြည်နယ်ရဲ့ ပြည်တွင်းကာကွယ်ရေး အရန်တပ်ဖွဲ့က ဗိုလ်ချုပ် James Eifert ကလည်း သောကြာနေ့ ညနေပိုင်းမှာပဲ တပ်သား ၂၀၀၀ ကို ချထားခဲ့တယ်လို့ ပြောပါတယ်။

Bahamas အစိုးရက ဘဟားမား အနောက်မြောက်ပိုင်းကို ဟာရီကိန်းစောင့်ကြည့် သတိပေးချက် ထုတ်ပြန်ခဲ့သလို အမေရိကန် သမ္မတ Trump ကလည်း ဖလော်ရီဒါပြည်နယ်ကို အရေးပေါ် အခြေနေ ကြေညာခဲ့ပါတယ်။

Dorian ဟာရီကိန်း မုန်တိုင်းဟာ အခုအခါမှာ လေတိုက်နှုန်း ပြင်းအား တနာရီကို ၁၁၅ မိုင်နှုန်းနဲ့ ရွေ့လျားနေတာပါ။ ဖလော်ရီဒါပြည်နယ်ကို တနင်္လာနေ့လောက်မှာ ရောက်လာနိုင်ပြီး တနာရီကို မိုင် ၁၃၀ နှုန်းလောက် အထိ ဖြစ်သွားနိုင်တဲ့ ဟာရီကိန်းပြင်းအား အဆင့် ၄ ကို ရောက်လာနိုင်တယ်လို့ အမေရိကန် ဟာရီကိန်းစင်တာက ခန့်မှန်းထားပါတယ်။

မုန်တိုင်း နောက်ဆုံးအခြေနေနဲ့ ပတ်သက်ပြီး ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ဒီမုန်တိုင်းကို သေသေချာချာ စောင့်ကြည့်လာမှုအရ ဆိုရင် သူ့လားရာဟာ ဟိုသည်ရွေ့နေပေမယ့် ကျနော်တို့ ပြောနိုင်တာက သူဟာ တဖြေးဖြေး အားကောင်းလာတာပါ။ ကြိုတင်ခန့်မှန်းထားချက်တွေနဲ့ ကိုက်ညီနေပြီး သူ့ပြင်းအားက ပုံမှန်တိုးလာနေတာကြောင့် ဖလော်ရီဒါကို ရောက်လာတဲ့ အခါမှာ ပြင်းအား အဆင့် ၄ အထက် ရှိနိုင်တဲ့ ဟာရီကိန်း မုန်တိုင်းကြီး ဖြစ်လာဖို့ ရှိပါတယ်။

အားပြင်း ဟာရီကိန်းမုန်တိုင်းကြောင့် ဖလော်ရီဒါပြည်နယ်တလွှား လေဒဏ်ရော၊ မိုးဒဏ်ပါ ခံရနိုင်တဲ့အတွက် သတိပေးချက်တွေ ကို စောင့်နားထောင်ပြီး လိုက်နာကြဖို့လည်း သတိပေးခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ် အနောက်ပိုင်း Tampa မှာ နေထိုင်တဲ့ ဒေါက်တာဒေါ်နီနီ က ဖလော်ရီဒါမှာ အရှေ့ဘက်ကမ်းတလျှောက်က အန္တရာယ် ပိုကြီးနေတယ်လို့ ပြောပါတယ်။

“ဖလော်ရီဒါ State တခုလုံးရဲ့ East Coast ပေါ့နော် Jacksonville ကနေစပြီး Miami အထိကို စိုးရိမ်ဖို့ရှိတယ်။

မေး။ ။ အရှေ့ဘက်ကမ်းတလျောက်ပေါ့နော်။

ဖြေ။ ။ ဖလော်ရီဒါ State အရှေ့ဘက်ကမ်းတလျောက် ခန့်မှန်းထားတာကတော့ West Palm Beach လောက် အလယ်လောက်ကိုပြောတယ်။ Category ၁ ကနေ Category ၂ ကတော့ သောကြာနေ့ ညလောက်ကို ခန့်မှန်းထားတယ်။ စနေနေ့ညနေကျတော့ Category ၃ အဲဒါက တနာရီ ၁၁၅မိုင်နှုန်း။ Category ၄ အထိ ဖြစ်မယ်လို့ပြောတယ်။ Landfall ကို Category ၄ လောက်ဝင်မယ်လို့ပြောတယ်West Palm Beach ဧရိယာ လောက်ဖြစ်မယ်ထင်တယ်။ အဲဒီဘက်ကတော့ evacuation လုပ်ဖို့တော့များတယ်။ ကျောင်းတွေ University တွေအကုန်လုံး ပိတ်လိုက်ပြီ။ ဖလော်ရီဒါ State တခုလုံးကို State of Emergency လုပ်လိုက်တယ်လေ။

မေး။ ။ ဟုတ်ကဲ့ပါ အခုလောလောဆယ်တော့ မပြောင်းခိုင်းသေးဘူးပေါ့နော်။

ဖြေ။ ။ ဟုတ် evacuation မလုပ်ခိုင်းသေးဘူး လောလောဆည် သူတို့ ကြည့်နေတုန်းပဲ ရှိသေးတယ်။ စနေ ၊ တနင်္ဂနွေညနေလောက်မှာပဲ order ထွက်ရင်လည်း ထွက်မယ်။ ဒါပေမယ့် လောလောဆည်ကတော့ လူတွေက ပြင်နေကြပြီပါ့နော်။ ဓါတ်ဆီတွေ အပြည့်ဖြည့်ထားတယ်၊ သိုလှောင်ထားတဲ့ အဲလိုမျိုးမီးကလည်း တခါတလေ ပျက်သွားတယ်လေ မနှစ်ကလို မီး ၃ ရက်ပျက်တော့ Gas အိုးတို့ ဝယ်ထားရတာပေ့ါ။ battery တွေ ရေတွေ ဝယ်ထားတယ်။ ကားဓါတ်ဆီတွေ ဖြည့်ထားတယ်။”

မြန်မာအများစု နေထိုင်ရာ ဖလော်ရီဒါ တောင်ပိုင်းအစွန်မှာ ရှိတဲ့ မီယာမီမြို့က အခြေနေကရော ဘယ်လိုရှိပါသလဲ။ မီယာမီ ဒေသခံ မဟန်စုရင်က အခုလို ပြောပါတယ်။

Miami ကတော့ အခုလောလောဆည် လူတွေကတော့ ဟာရီကိန်းလာရင် ထုံးစံအတိုင်း ပြင်တယ်။ ရေတို့ အစားအသောက်တို့ပေါ့နော်၊ တချို့ဆိုင်တွေမှာ မနေ့က ရေတွေ မရှိတော့ဘူး။ ရေပျက်သွားပါပြီ ကိုယ်တောင် ရေ ၃ ကပ် ရဖို့အတွက် မနည်းလုထားရတဲ့ သဘောမျိုးဖြစ်နေတာပေါ့နော်။ Miami ကတော့ အခုပြထားတဲ့ လမ်းကြောင်းအတိုင်းဝင်မယ်ဆိုရင် အဖျားခတ်တဲ့သဘောပေါ့နော် မိုးကြီးမယ်၊ လေပြင်းတိုက်မယ် ဒီလောက်ပါပဲ ဒါပေမယ့် ညကသတင်းအတိုင်းဆိုရင် Miami ကနေ ဒီတိုးနား beach ဘက်ကို အချိန်မရွေးလမ်းကြောင်းပြောင်း သွားနိုင်တယ်ပေါ့ ။ တကယ်လို့ အရမ်းဆိုးဝါးလာရင် နီးတဲ့နေရာကလူတွေ evacuation လုပ်ဖို့လိုလာရင် လုပ်ဖို့အတွက်ကို ပြင်ဆင်ထာတယ်။ နှစ်တိုင်း ဟာရီကိန်း Season စတင်လာရင် ကောင်တီတွေကနေပြီးတော့ စာတွေ ပို့ပါတယ်။ အမြဲတမ်း အဆင်သင့်လုပ်ထားရမယ် သတ္တာလေး တလုံးနဲ့ပေါ့နော်။ အခု သောက်နေကြဆေးတွေ အရေးကြီးစာရွက်စာတမ်းတွေ ၊ အကျီၤ ၂ စုံလောက်ရယ် အဲလိုမျိုးလေးပေါ့ သေတ္တာတလုံး အမြဲပြင်ထားရပါတယ်။”

ဖလော်ရီဒါ တောင်ပိုင်းမှာ မြန်မာမိသားစု သုံးရာဝန်းကျင်လောက် နေထိုင်မယ်လို့လည်း ခန့်မှန်းပါတယ်။ တကယ်လို့ မုန်တိုင်းကြောင့် ကားလမ်းတွေ ပိတ်ပြီး စားသောက်ကုန်တွေပြတ်မှာကို ဒေသခံတွေ စိုးရိမ်နေကြတယ် လို့လည်း ပြောပါတယ်။

Dorian ဟာရီကိန်း နောက်ဆုံး အခြေအနေ
please wait

No media source currently available

0:00 0:05:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG