သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Dorian ဟာရီကိန်းကြောင့် ဖလော်ရီဒါပြည်နယ်အရေးပေါ်အခြေအနေကြေညာ


Dorian ဟာရီကိန်းမုန်တိုင်း ဖလော်ရီဒါပြည်နယ်ကို ချဉ်းကပ်လာပုံ (သြဂုတ်၊ ၂၉၊ ၂၀၁၉)

ဟာရီကိန်းမုန်တိုင်း Dorian ဟာ ဒီနေ့နှောင်းပိုင်းမှာ အလွန်ကြီးမားတဲ့ မုန်တိုင်းကြီးအဖြစ် အားကောင်းလာနိုင်တယ်လို့ အမေရိကန် အမျိုးသားဟာရီကိန်းစင်တာက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

Dorian ဟာရီကိန်းမုန်တိုင်းဟာ Bahamas နိုင်ငံ အနောက်မြောက်ပိုင်းကို ဖြတ်နေပြီး ဖလော်ရီဒါကျွန်းဆွယ်ကို ဒီစနေ၊ တနင်္ဂနွေထဲ ချဉ်းကပ်လာချိန်မှာလည်း အလွန့်အလွန် အန္တရာယ်ပြင်းထန်တဲ့အဆင့်မှာ ဆက်ရှိဖို့များတယ်လို့ ဒီဟာရီကိန်းစင်တာက ထုတ်ပြန်လိုက်ပါတယ်။

Bahamas အစိုးရအနေနဲ့ ဒီဟာရီကိန်း စောင့်ကြည့်ရေးအတွက် ထုတ်ပြန်ထားသလို ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမူး Ron DeSantis ကလည်းပြည်နယ်တခုလုံးမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီးဖြစ်ပါတယ်။

Dorian ဟာရီကိန်းမုန်တိုင်း မိုးရွာသွန်းမူကြောင့် အသက်အန္တရာယ်ကြီးတဲ့ ရုတ်တရက် ရေလွှမ်းမိုးမူတွေ ဖြစ်လာနိုင်တယ်လို့ ဒီ ဟာရီကိန်းစင်တာက သတိပေးနေပါတယ်။

လက်ရှိမှာ ဒီ ဟာရီကိန်းမုန်တိုင်းဟာ အမြင်းဆုံးလေတိုက်နှုန်း တနာရီ မိုင် ၁၀၂ ကျော်နဲ့ ရွေ့ရှားနေပြီးတနင်္လာနေ့ စောစောမှာ ဖလော်ရီဒါ အရှေ့တောင်ပိုင်းကို ပြင်းအားအဆင့် ၄ မုန်တိုင်းကြီးအဖြစ် လေတိုက်နှုန်း တနာရီကို အနည်းဆုံး မိုင်ပေါင်း ၁၃၀ နှုန်းနီးပါးနဲ့ ဝင်တိုက်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီ ပြင်းအားအဆင့် ၄ ဟာရီကိန်းမုန်တိုင်းအနေနဲ့ အပျက်အစီး အကြီးအကျယ် ဖြစ်စေနိုင်ပြီး အိမ်တွေ၊ ဈေးဆိုင်တွေကို ဖျက်ဆီးပစ်ကာ လမ်းတွေပျက်ထွက်ပြီး သစ်ပင်တွေပြိုလဲ မီးတွေပြတ်သွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

သမ္မတ Donald Trump အနေနဲ့လည်း ပိုလန်နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး ခုလိုချိန်မှာ နိုင်ငံထဲမှာ ရှိနေဖို့ အရမ်းအရေးကြီးတယ်။ ပြည်ထောင်စုအစိုးရရဲ့ အရင်းအမြှစ်တွေအားလုံးကို ဒီဝင်လာမယ့် မုန်တိုင်းအတွက် ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဖလော်ရီဒါရဲ့ အတ္တလန်တစ်ကမ်းခြေမှာ နေထိုင်သူတွေအနေနဲ့ ဖြစ်လာနိုင်တဲ့ ရွှေ့ပြောင်းမှုတွေအတွက် အသင့်ပြင်ထားဖို့ ကြေညာထားတာမို့ ကားဓာတ်ဆီနဲ့ အစားအသောက်၊ အရေးပေါ်ပစ္စည်းတွေ အရေးပေါ် ဖြည့်ဆည်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG