သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်းမုန်တိုင်းရှောင် မြန်မာတို့ အတွေ့အကြုံ


အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်အတွင်း ဟာရီကိန်း Michael အဓိက ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ Panama City မြို့မှာ နေထိုင်ကြတဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတချို့ဟာ ဘေးကင်းရာမြို့တွေကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။ မုန်တိုင်းကြောင့် အခုချိန်ထိ သေဆုံးသူ ၆ ဦး ရှိသွားပြီလို့ အာဏာပိုင်တွေက သတင်း ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းရှောင် မြန်မာမိသားစုတွေရဲ့ အတွေ့ အကြုံတွေကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဖလော်ရီဒါပြည်နယ်ကို အောက်တိုဘာလ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း Michael ဟာ ပြည်နယ်ရဲ့ သမိုင်းမှာ အဆိုးရွားဆုံး မုန်တိုင်းတခုဖြစ်ပါတယ်။ ဟာရီကိန်း Michael ဟာ လေတိုက်နှုန်း တနာရီ ၁၅၅ မိုင်နှုန်းနဲ့ Mexico Beach နဲ့ Panama City မြို့ ၂ မြို့ကို တိုက်ရိုက် ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် အဲဒီ မြို့ ၂ မြို့မှာရှိတဲ့ အဆောက်အဦး အများစု ပျက်ဆီး သွားခဲ့ပါတယ်။

သူတို့မြို့ကို မုန်တိုင်း တိုက်ရိုက် ဝင်ရောက်တိုက်ခတ်မယ်ဆိုတာကို မိုးလေဝသပညာရှင်တွေက ကြိုတင် ခန့်မှန်းနိုင်ခဲ့တာကြောင့် မြို့ခံတွေအနေနဲ့ ဘေးကင်းရာကို အားလုံး ရှောင်တိမ်းပေးကြဖို့ အာဏာပိုင်တွေက ညွန်ကြားချက် ထုတ်ပြန်ခဲ့တဲ့အတွက် သူတို့လည်း ဘေးကင်းရာမြို့ကို ရှောင်တိမ်းခဲ့ကြောင်း Panama City မြို့ ပင်လယ်ကမ်းခြေအရပ်မှာ နေထိုင်တဲ့ ကိုနော်ဆန်းက ဗွီအိုအေကို ပြောပြပါတယ်။

"ကျနော်တို့က အင်္ဂါနေ့က ထွက်လာတာအကိုရေ ထွက်လာတော့ ဝင်ဖို့နည်းနည်းခက်နေတယ် နေရာက မနက်ဖြန်မှပဲ ကျနော်တို့ ဒီနေရာကနေ ပြန်ထွက်ရမယ့်သဘောခင်ဗျ။ ကျနော်တို့က beach မှာနေတာအကိုရေ။

မေး။ ။ Panama City မြို့ကနေ ဘယ်ကိုထွက်သွားတာလဲ ၊ထွက်သွားတဲ့ အခြေအနေလေး ပြောပြပါဦး

ဖြေ။ ။ ကျနော်တို့နေတဲ့နေရာမှာ ရဲတွေကအစ အားလုံးက ကျနော်တို့ကို မနေခိုင်းတော့ဘူး။ ကျနော်တို့က ABCD ဇုံတွေ သတ်မှတ်တယ် ။ ကျနော်တို့ ဇုံက နေလို့မရတဲ့ ဇုံဖြစ်နေတယ်။ ပင်လယ်ကမ်းခြေနဲ့ ၂ ဘလောက်ပဲ ရှိတယ်။ အဲဒီမှာ သူတို့ထွက်ခိုင်းတော့ အကုန်လုံးပေါ့ဗျာ ၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေပဲ ယူသွားကြတော့ နေလို့မရတော့ဘူးဆိုတဲ့အခြေအနေမှာ မနက် ၁၁ နာရီလောက်မှာ ထွက်သွားတာ။

မေး။ ။ အဲဒီတော့ရဲတွေက တအိမ်တက်ဆင်းလာပြောတာပေါ့နော်

ဖြေ။ ။ ဟုတ်တယ် သူတို့အကုန်လာတယ် အဲဒီမှာ ရဲကားတွေလာတယ်။ မသွားနိုင်တဲ့ အသက်ကြီးတဲ့ လူတွေအကုန်လုံးကို စီစဉ်ပေးတယ်။

မေး။ ။ အဲဒီမှာနေတာကြာပြီလား အရင်ကရော အဲလိုကြုံဖူးသလား။

ဖြေ။ ။ ဒီဟာကတော့ အဆိုးဆုံး ကျနော် Panama City beach မှာနေတာ ၂ ခေါက်လောက်တော့ ကျနော်ပြေးဖူးတယ်ခင်ဗျ။ ဒီမှာကကျနော်နေတာ ၂၀၀၁ ကနေ နေတာ။ အစကတော့ Floridaမှာ ရေကြီးတာလောက်ပဲရှိတယ် အဲလို တည့်ထိတာမရှိဘူး။ ရှောင်တာကတော့ ရှောင်တာပေါ့နော် ၂ ခေါက် ၃ ခေါက်လောက်။

မေး။ ။ မြန်မာပြည်မှာဆိုရင် နာဂစ်လိုမုန်တိုင်းတွေဝင်တယ်ဆိုရင် ပြင်းပြင်းထန်ထန်ဖြစ်တာဆိုရင် လူတွေကအရမ်းသေတာလေ မြန်မာပြည်တို့ တခြားအာရှနိုင်ငံတွေမှာ ၊ အမေရိကတော့ ဒီလောက် ပြင်းပြင်းထန်ထန်ဖြစ်တာတောင် ဒီတခေါက်က လူ၂ ယောက်ပဲသေတယ်လို့ပြောတယ် အဲဒါ ဘာကြောင့်လို့ ကိုနော်ဆန်းသတိထားမိသလဲ။ မြန်မာပြည်တို့နဲ့ နှိုင်းယှဉ်ကြည့်ရင်

ဖြေ။ ။ ဒီမှာတော့ မဖြစ်ခင်ကတည်းကနေ အကြောင်းကြားတယ်။ နေတဲ့နေရာက ရဲတွေအစ၊ ဖုန်းကအစ အကုန်လုံးအကြောင်းကြားထားတာ ။ ကျနော်တို့တောင်အစက မသိဘူးထင်နေတာ ဒါပေမယ့် နီးလာတဲ့အခါကျတော့ ရဲတွေအစ သူတို့ နေတဲ့အိမ်တွေမှာ ဒီဇုံမှာ ပါတဲ့လူတွေအကုန်လုံးကို မနေခိုင်းတော့ဘူး။ ကြိုပြီးမှ လုပ်တာတွေက ဒီနိုင်ငံမှာ အရမ်းများတာကို ဖုန်းကအစ အကုန်လုံးဝင်လာတယ် အကြောင်းကြားထားတာတွေလည်း အများကြီးပေါ့ အဲလိုမျိုးဆိုတော့ ကြိုပြီးမှ ပိုလုပ်နိုင်တဲ့သဘောပေါ့"

ကိုနော်ဆန်းဟာ ဇနီးနဲ့ သားအပါအဝင် တခြား မြန်မာ မိတ်ဆွေ ၂ ဦးတို့နဲ့အတူ Pensacola မြို့ကို တိမ်းရှောင်ခဲ့တာ ဖြစ်ပါတယ်။ မြို့တွင်းကို ပြန်ဝင်ခွင့် မရသေးဘူးလို့ မိတ်တွေက ပြောပြတာကြောင့် သူတို့အနေနဲ့ သောကြာနေ့မှဘဲ Panama City မြို့ကို ပြန်မယ်လို့ ကိုနော်ဆန်းက ပြောပါတယ်။

ကိုနော်ဆန်းလိုဘဲ Panama City မြို့ကနေ မုန်တိုင်းရှောင်ဖို့ Alabama ပြည်နယ်ဘက်ကို ထွက်ပြေးခဲ့ရသူကတော့ ကချင်တိုင်းရင်းသား အားဖူ ဖြစ်ပါတယ်။ သူကတော့ အခြေအနေတွေကို သိလိုစိတ် ပြင်းပျနေတာကြောင့် ကြာသပတေးနေ့မှာကတည်းက Panama City ဘက်ကို ပြန်လာနေတဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

"ကျနော် Panama City မြို့ကိုပြန်နေတာအကို အခြေအနေကတော့ ဘယ်လိုလဲ မသိသေးဘူး လောလောဆည်တော့ ကျနော်တို့လည်း အလုပ်တွေလည်း ဒီအတိုင်းပစ်ထားခဲ့ရတယ် ။ ကျနော်တို့ကတော့ ဆူရှီဆိုင်ယူထားတာဆိုတော့ တကယ်လို့ မီးပျက်ရင်တော့ ကျနော်တို့ ပစ္စည်းတွေက frozen တွေများတော့ ပျက်လည်းပျက်မယ် အဲဒါစိုးရိမ်ရတယ်။ ကျနော်တို့ Apartment လည်း ပြိုပြီလား ခေါင်မိုးပဲ လှန်ပြီလား မသိရသေးဘူး အခုအချိန်အထိ ။ အမှန်ကတော့ safe ဖြစ်သလား မဖြစ်သလားဆိုတာ သိချင်လို့ ပြန်နေတာ"

မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ Panama City နဲ့ Mexico Beach မြို့တွေရဲ့ အခြေအနေဟာ အပြင်လူတွေ ဝင်ထွက် သွားလာဖို့ အန္တရာယ်ရှိနိုင်တဲ့ အနေအထားမှာ ရှိနေသေးတဲ့အတွက် မုန်တိုင်းရှောင်ပြီး ပြန်လာကြသူတွေကို အာဏာပိုင်တွေက ပြန်ဝင်ခွင့် မပြုသေးဘူးလို့ အားဖူက ပြောပါတယ်။

မုန်တိုင်းဒဏ်ကြောင့် အဲဒီမြို့ ၂ မြို့စလုံးမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေသလို တယ်လီဖုန်း ဆက်သွယ်ရေးလည်း ပြတ်တောက်နေပါတယ်။ မုန်တိုင်းကြောင့် အဆောက်အဦး အများစု ပျက်ဆီး ပြိုကျခဲ့တဲ့အပြင် သစ်ပင်တွေလည်း လမ်းမတွေပေါ် ကျိုးကျနေတာကြောင့် သွားလာရေးတွေလည်း ခက်ခဲနေတာပါ။ ဒီမြို့ ၂ မြို့မှာ လျှပ်စစ်မီး ပြန်ရရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် လနဲ့ချီ ကြာနိုင်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG