ဖလော်ရီဒါပြည်နယ်ကို အားပြင်းတဲ့ မုန်တိုင်းတခုအဖြစ် ၀င်ရောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း Michael ဟာ အားပျော့လာပြီး အပူပိုင်းမုန်တိုင်းအဖြစ်နဲ့ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းဒေသတွေက ပြည်နယ် အတော်များများမှာ ကြာသပတေးနေ့က မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။
မုန်တိုင်းကြောင့် အခုချိန်ထိ လူ ၆ ယောက် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဟာရီကိန်း Michael ဟာ ဖလော်ရီဒါပြည်နယ်ကို ၀င်ရောက်တိုက်ခတ်တဲ့ အင်အားအပြင်းဆုံး မုန်တိုင်းဖြစ်ပြီး အမေရိကန် ပြည်ထောင်စုကို ၀င်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာ တတိယမြောက် အင်အားအပြင်းဆုံး မုန်တိုင်း ဖြစ်ပါတယ်။
မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်ရှိပြီးရင် သေဆုံးသူအရေအတွက် လက်ရှိထက် တိုးကောင်း တိုးလာနိုင်အောင် အာဏာပိုင်တွေက ပြောပါတယ်။
သူ့အစိုးရအနေနဲ့ ကယ်ဆယ် ကူညီရေးလုပ်ငန်းတွေကို ပြင်းထန်စွာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းတလျှောက်ကို မုန်တိုင်း စတင်ဝင်ရောက် တိုက်ခတ်တဲ့ ဗုဒ္ဓဟူးနေ့မှာဘဲ ပြည်နယ်အုပ်ချုပ်ရေးမှူး Rick Scott က ပြောကြားခဲ့ပါတယ်။
ကယ်ဆယ်ရေးဝန်ထမ်းတွေ သူတို့လုပ်ငန်းတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်အောင် မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေမှာ ရှိနေကြတဲ့ ဒေသခံတွေအနေနဲ့လည်း မိမိတို့အိမ်အတွင်းမှာ နေပေးကြဖို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက မေတ္တာရပ်ခံထားပါတယ်။