သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်းအား ၅ Willa မုန်တိုင်း မက်ဆီကို ကမ်းလွန်ပိုင်းဦးတည် တိုက်ခတ်


ပြင်းအားအဆင့် ၅ ရှိတဲ့ ဟာရီကိန်းမုန်တိုင်း Willa ဟာ ပစိဖိတ် သမုဒ္ဒရာထဲကနေ မက်ဆီကိုကမ်းရိုးတန်းဆီ ဦးတည် ရွေ့လျားနေပြီး လေတိုက်နှုန်းက တနာရီကို ၁၆၂ မိုင်နှုန်း ရှိနေတယ်လို့ NHC အမေရိကန် အမျိုးသားဟာရီကိန်းစင်တာက ပြောပါတယ်။

ဟာရီကိန်း Willa ဟာ အင်္ဂါနေ့ နေ့လည်ပိုင်းမှာ ကုန်းတွင်းကို ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပြီး ဒါဟာ သိပ်ကို အန္တရာယ်ကြီးတဲ့ ဟာရီကိန်း မုန်တိုင်းကြီး တခုဖြစ်ကြောင်းလည်း ဟာရီကိန်းစင်တာ ကပြောပါတယ်။

မုန်တိုင်းဟာ လူဦးရေ ၅ သိန်းလောက် နေထိုင်ရာ မြို့ပြဒေသနဲ့ အနားက နာမည်ကျော် Mazatlan အပမ်းဖြေဆိပ်ကမ်း နားကို ဝင်ရောက်လာမယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီတဝိုက်က နိုင်ငံခြားခရီးသွားတွေ လာရောက်လေ့ရှိတဲ့ နေရာ အများအပြားနဲ့ တံငါရွာကလေး တွေလည်း မုန်တိုင်းလမ်းကြောင်းတလျှောက်မှာ ရှိနေတာမို့ မုန်တိုင်းသင့်နိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

မုန်တိုင်းဟာ တနင်္လာနေ့မှာတော့ မက်ဆီကိုနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်က လှပတဲ့မြို့ကလေးဖြစ်တဲ့ Cabo Corrientes ရဲ့ အနောက်တောင် ဘက် မိုင် ၂၀၀ လောက်အကွာမှာ ရှိနေပါတယ်။

အင်္ဂါနေ့မှာ Willa မုန်တိုင်းက အားနည်းနည်း ပျော့လာနိုင်ပေမယ့် မက်ဆီကို ကမ်းခြေကို ရောက်ချိန်မှာ အင်မတန် အန္တရာယ်ကြီးတဲ့ ဟာရီကိန်း မုန်တိုင်း တခု အဖြစ်ရှိနေနိုင်တယ်လို့ NHC ဟာရီကိန်းစင်တာက ခန့်မှန်းပါတယ်။

မက်ဆီကိုနိုင်ငံက Sinaloa နဲ့ Nayarit ပြည်နယ်တွေက အစိုးရတွေကတော့ ကမ်းရိုးတန်းက ကျောင်းတွေကို ပိတ်ထားဖို့နဲ့ အရေးပေါ် ခိုလှုံရာနေရာတွေကို ပြင်ထားဖို့ အမိန့်ထုတ်ထားပါတယ်။

အဲဒီပြည်နယ်တွေမှာ မုန်တိုင်းကြောင့် မိုးရေချိန် ၆ လက်မကနေ ၁၈ လက်မအထိ ရွာသွန်းနိုင်ပြီး တောင်ထူထပ်တဲ့ နေရာတွေမှာ မြေပြိုနိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG