သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Michael မုန်တိုင်းသင့် ဖလော်ရီဒါဒေသခံ မြန်မာတချို့ အတွေ့အကြုံ


Panama City
Panama City

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ကို အောက်တိုဘာလ ၁၀ ရက်နေ့က ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း Michael ကြောင့် အဲဒီဒေသမှာ ရှိနေကြတဲ့ မြန်မာနွယ်ဖွားတွေရဲ့ အိမ်တွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေပါ ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ မုန်တိုင်းဒဏ် ခံခဲ့ရသူတွေက ပြောပါတယ်။ အခုချိန်ထိ မုန်တိုင်းကြောင့် သေဆုံးသူ ၁၉ ဦးရှိသွားပြီဖြစ်ကြောင်းလည်း အစိုးရက တရားဝင် သတင်း ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းဒဏ်ခံခဲ့ရသူတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှု အခြေအနေတွေကို အဲဒီမှာရှိနေတဲ့ မြန်မာ မိသားစုတွေကို ဆက်သွယ်ပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တနာရီကို လေတိုက်နှုန်း ၁၅၅ မိုင်နဲ့ ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းဒေသတွေကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း Michael ဟာ ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံး မုန်တိုင်းဖြစ်သလို အမေရိကန်ပြည်ထောင်စုကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ နှစ်ပေါင်း (၅၀) အတွင်း အဆိုးရွားဆုံး မုန်တိုင်းလည်း ဖြစ်ပါတယ်။

မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဖလော်ရီဒါ ကမ်းရိုးတန်းဒေသတွေကို သမ္မတ Donald Trump နဲ့ ဇနီးဖြစ်သူ Melania Trump တို့ သွားရောက် ကြည့်ရှုခဲ့ပြီး သန့်ရှင်းလုပ်ငန်းတွေအတွက် ကုန်ကျစားရိတ် အားလုံးကို ဗဟိုအစိုးရက တာဝန်ယူမယ့်အကြောင်း ပြောကြား လိုက်ပြီး၊ သဘာဝဘေး အရေးပေါ်အကူအညီ ထောက်ပံ့ပေးဖို့ လွှတ်တော်ထံ တင်ပြသွားမယ်လို့ ဖလော်ရီဒါပြည်နယ်က ပြန်လည် မထွက်ခွာခင် ပြောကြားခဲ့ပါတယ်။

အားဖူဟာ မုန်တိုင်း တိုက်ရိုက် ဝင်ရောက်တိုက်ခတ်ခံခဲ့ရတဲ့ ဖလော်ရီဒါပြည်နယ်အတွင်း မြို့ ၂ မြို့ထဲက တမြို့ဖြစ်တဲ့ Panama City မြို့မှာ နေထိုင်တဲ့ ကချင်တိုင်းရင်းသား ဆူရှီ ဆိုင်ပိုင်ရှင်တဦးပါ။ သူက - သူတို့မြို့ကို မုန်တိုင်း တိုက်ရိုက် ဝင်ရောက်တိုက်ခတ်မယ့်အကြောင်း သက်ဆိုင်ရာက သတိပေးချက်တွေ ထုတ်ပြန်ပြီးတဲ့နောက် ဘေးကင်းရာကို တိမ်းရှောင်ခဲ့ပြီး နောက်နေ့ မုန်တိုင်းမရှိတော့တဲ့အချိန်မှာ နေရပ်ကိုပြန်လာပြီး ကြုံတွေ့ရတဲ့ အခြေအနေတွေကို အခုလို ရှင်းပြပါတယ်။

"မနည်းဝင်လိုက်ရတယ်။ ကျနော်တို့က မိုးမချုပ်ခင်ရောက်လာတော့ ဝင်လို့ရတယ်။ မိုးချုပ်ပြီးရင်တော့ ဝင်လို့မရတော့ဘူး။ တမြို့လုံး ဓါတ်တိုင်တွေက လဲကျနေတယ်။ ဘာမှလုပ်လို့မရဘူး။ အခုအချိန်အထိ ဓါတ်တိုင်တောင်မထူနိုင်ဘူး။တချို့နေရာတွေမှာ။'

မေး။ ။ အခုအိမ်မှာရော မီးတွေဘာတွေရပြီလား။

ဖြေ။ ။ ရေလည်းမရှိဘူး မီးလည်းမရှိဘူးလေ။ ကျနော်တို့တောင်မှ သူငယ်ချင်းအိမ်မှာ သွားခိုနေရတယ်။

မေး။ ။ အခုအိမ်လည်း ပြန်ဝင်လို့မရသေးဘူးလား။ အားဖူတို့အိမ် ဘယ်လောက်အထိ ပျက်ဆီးသွားသလဲ။

ဖြေ။ ။ ကျနော့်အိမ်က ဝင်လို့တော့ရတယ် ဒါပေမယ့် ဘာမှ သုံးစားလို့မရတော့ဘူး။ ကျနော့် Master Bedroom က အပေါ်က ခေါင်မိုးပြိုကျထားတာ ဘာမှ လုပ်လို့မရတော့ဘူး။

မေး။ ။ အဲဒီတော့ Insurance တွေရောရှိလား ၊ ဘယ်လိုပြန်ပြီးတော့ တည်ဆောက်ကြမလဲ။ ပြင်တာဆင်တာတွေ။

ဖြေ။ ။ Insurance တော့ရှိတယ် ဒါပေမယ့် သူတို့ ချက်ချင်းတော့ ဘယ်လုပ်ပေးနိုင်မလဲ ဒါပေမယ့် လောလောဆယ် ကျနော်တို့ကို ဟိုတယ်တော့ဌားပေးမယ်လို့ ပြောတယ်။ အခု ဖုန်းခေါ်လာမှာကို စောင့်နေတယ်။ ဘယ်လောက်ကြာမယ် ဘယ်လိုဖြစ်မယ်ဆိုတာ မသိသေးဘူး တမြို့လုံးက ကြေမွနေတယ်။ ပြန်လုပ်ဖို့ ကြာတော့ကြာမယ် ဒီမှာရှိတဲ့ မြန်မာတွေအားလုံး ကတော့ ဆူရှီတွေလုပ်ကြတယ်။ ဆိုင်တွေယူထားကြတော့ သူတို့အားလုံးကလည်း ဆိုင်တွေတော့ ခဏ ရပ်ထားရမယ် အနည်းဆုံး ၂ ပတ် ၃ ပတ် ၊ လနဲ့ ချီဖြစ်ရင်လည်း ဖြစ်နိုင်တယ်။ ဆိုတော့ ရေခဲသေတ္တာထဲက ပစ္စည်းတွေကတော့ အကုန်ပျက်ပေါ့။

မေး။ ။ အားဖူ မြန်မာပြန်မှာ ဘယ်လိုအခက်အခဲတွေ ဘယ်လောက်ကြုံခဲ့သလဲတော့ မသိဘူးပေါ့နော်၊ အခုဖြတ်သန်းရတဲ့ အတွေ့အကြုံအရ ဒါ ပထမဦးဆုံးလား။ မြန်မာပြန်က အခက်အခဲတွေနဲ့ နှိုင်းယှဉ်ရင် အစိုးရ ကိုင်တွယ်ပုံကို ဘယ်လိုနှိုင်းယှဉ်လို့ရမလဲ။

ဖြေ။ ။ အရမ်းကွာတာပေါ့နော် ၊ ကွာတယ်ဆိုတာ ဒီပုံစံအတိုင်း ကျနော်တို့ မြန်မာပြည်မှာ ဖြစ်ရင် ကျနော်သေပြီလေ။ ဘာဖြစ်လို့လဲဆိုတော့ အခုဖြစ်တာ ခေါင်မိုးတွေဘာတွေ ပွင့်ထွက်သွားတာက ကျနော့်အိပ်ရာတည့်တည့်လေ ၊ ဆိုတော့ မြန်မာပြည်မှာဆိုရင် အတိအကျ ပြောချင်မှ ပြောပြမှာ၊ သိချင်မှလည်း သိရမှာ ။ ဒီမှာက မဖြစ်ခင်ကတည်းက ၃၊ ၄ ရက်ကတည်းက ပြေးဖို့ပြောထားတော့ ကံကောင်းသွားတာပေါ့ ။ ပြောမယ်ဆိုရင် တမြို့လုံး ကြေမွသွားတယ် အိမ်တွေကအစ ပျက်စီး သွားတယ်။ ဒါပေမယ့် အဲလောက် ခက်ခက်ခဲခဲ မရှိပါဘူး ။ တကယ်လို့ အစားအသောက်လိုတယ်ဆိုရင် သွားယူလို့ရတယ်။ ကျနော်တို့က ဘာပဲဖြစ်ဖြစ် အခြောက်အစာတွေရှိသေးတော့ ဘာပဲဖြစ်ဖြစ် ကိုယ်ယူမယ့်ဟာ သူများစားပါစေ ဆိုပြီး သွားမယူတာလည်း ပါတယ်။"

မုန်တိုင်းကြောင့် Panama City မြို့မှာ အသေအပျောက် မရှိခဲ့ပေမယ့် မုန်တိုင်း တိုက်ရိုက် ဝင်ရောက်တိုက်ခတ်ခံခဲ့ရတဲ့ မြို့ ၂ မြို့ထဲက တခြားမြို့ဖြစ်တဲ့ Mexico Beach မြို့မှာတော့ လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

ကိုနော်ဆန်းဟာ Panama City မြို့နဲ့ ၂ မိုင်လောက်သာဝေးတဲ့ Panama City Beach လို့ခေါ်တဲ့ မြစ်ကျိုးအင်းမှာ နေထိုင်တဲ့ ကချင် တိုင်းရင်းသားတဦး ဖြစ်ပါတယ်။ ကိုနော်ဆန်းနဲ့ သူ့မိသားစုဟာလည်း မုန်တိုင်းမဝင်ခင်က ဘေးကင်းရာကို တိမ်းရှောင်ခဲ့ပြီး မုန်တိုင်း ထွက်သွားပြီး သူ့အိမ်ကို ပြန်ရောက်တဲ့အချိန် ကြုံတွေရတဲ့ အခြေအနေတွေကို အခုလို ပြောပြပါတယ်။

"ကျနော်တို့ရောက်တော့ ကျနော်တို့ဘက်မှာ အဲလောက် မထိလိုက်ဘူး။ ဆိုတော့ ကျနော်တို့က ခေါင်မိုးတွေလောက်ပဲ လန်ပြီးမှ လမ်းမှာကျတော့ သစ်ပင်တွေအကုန် ကျိုးတော့ ဝင်လို့မရဘူး အဲလိုဖြစ်သွားတယ်။ ဖြစ်ပေမယ့် Government process က တအားမြန်တယ် ၊ သူတို့ သောကြာနေ့ည ရောက်လာတယ်၊ စနေနေ့လောက်ကစပြီး ရှင်းနေကြတယ်။စနေနေ့မှာက သစ်ပင် အကုန်ဖြတ်တဲ့လူကဖြတ် ၊ တော်တော်မြန်အောင်လုပ်ကြတယ်။ ကျနော်တို့ Panama City Beach ကတော့ အဲလောက်မထိဘူး။ Panama City ကတော့ တော်တော်လေးကို မြို့ပျက်သွားသလို ဖြဟ်တယ်။"

Panama City နဲ့ Panama City Beach တို့ဟာ ၂ မိုင်လောက်သာကွာပေမယ့် Panama City Beach ကတော ထိခိုက်ပျက်ဆီးမှု သက်သာတဲ့အပြင် အခုချိန်မှာ လျှပ်စစ်မီးလည်း ပြန်ရနေသလို ဓါတ်ဆီဆိုင်တချို့လည်း ပြန်ဖွင့်နိုင်နေပြီလို့ ဆိုပါတယ်။

ကိုနော်ဆန်းနဲ့ အားဖူတို့ ၂ ဦးဟာ တခြား မုန်တိုင်းဒဏ်ခံခဲ့ကြရတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေနည်းတူ ပျက်စီး ဆုံးရှုံးမှုတွေအတွက် အခုချိန်မှာ လျှော်ကြေးပြန်ရအောင် အာမခံကုမ္ပဏီကို ဆက်သွယ် ဆောင်ရွက်နေကြကြောင်း ပြောပါတယ်။

တနင်္လာနေ့အထိ အမေရိကန်အစိုးရက တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ ဒီမုန်တိုင်းကြောင့် သေဆုံးသူ ၁၉ ဦးအထိ ရှိသွားပြီလို့ ဆိုပါတယ်။ မုန်တိုင်းသင့်ဒေသတွေက အဆောက်အအုံပျက်တွေနဲ့ လဲကျနေတဲ့ သစ်ပင်တွေကို အခုချိန်မှာ လိုက်လံ ရှင်လင်းနေဆဲ ဖြစ်တာကြောင့် သေဆုံးသူ အရေအတွက်ဟာ လက်ရှိထက် ထပ်တိုးလာနိုင်ကိန်းရှိကြောင်း FEMA လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးကတော့ အခုချိန်မှာ သိနိုင်ဖို့ မလွယ်သေးသလို ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် ဘယ်လောက် ကုန်ကျမယ် ဆိုတာကို ပြောဖို့ စောသေးတဲ့အကြောင်းလည်း FEMA အကြီးအကဲ Brock Long က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG