သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့ဘောင်သစ်ပါတီ မှတ်ပုံတင်ကိစ္စ သဘောထားကွဲ


လူ့ဘောင်သစ်ပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ ဦးကျော်လင်း။ (ဓာတ်ပုံကို- ကိုဘသက်အောင်ရဲ့ ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြပါသည်။)
လူ့ဘောင်သစ်ပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ ဦးကျော်လင်း။ (ဓာတ်ပုံကို- ကိုဘသက်အောင်ရဲ့ ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြပါသည်။)
(၈) လေးလုံးလူထုအရေးတော်ပုံကြီးနောက်ပိုင်း ဒုတိယအင်အားအကြီးဆုံး လူငယ်ကျောင်းသား နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဟာ နိုင်ငံအတွင်း တရားဝင်ရပ်တည်ခွင့်ရဖို့ ကြိုးစားနေတဲ့တပြိုင်တည်းမှာပဲ သဘောထားကွဲလွဲမှုတွေနဲ့ မရေမရာအခြေအနေတွေနဲ့ ကြုံနေရပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို အင်အားကြီးနိုင်ငံရေးပါတီတစ်ခုအဖြစ် ပြန်လည်ရပ်တည်ပြီးတော့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် လုပ်နိုင်ဖို့ရာမှာ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ် ဆိုတာကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ပြည်တွင်းမှာနိုင်ငံရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့်ဆောင်ရွက်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို မြန်မာနိုင်ငံအတွင်း တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်တည်ထောင်ခွင့်ရရေး လက်ရှိပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဦးဆောင်တဲ့ အဖွဲ့ဝင် ၂၁ ဦးက ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်မှာ လျှောက်ထားခဲ့ပြီးဖြစ်ပါတယ်။

ဒီလိုလျှောက်ထားတာဟာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအတွင်း ပါတီဝင်အားလုံးရဲ့သဘောထားဆန္ဒ ညှိနှိုင်းနေဆဲကာလမှာ သဘောတူညီချက်မရသေးဘဲ လုပ်လိုက်လို့ စွပ်စွဲပြီးတော့ ပါတီမှတ်ပုံတင်တာကို တရားဝင်ကန့်ကွက်တယ်လို့ လူ့ဘောင်သစ် တခြားအစုအဖွဲ့တခုက စနေနေ့မှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောလိုက်ပါတယ်။ ဒီလိုကန့်ကွက်တယ်ဆိုတာကို ရွေးကောက်ပွဲကော်မရှင်ကိုလည်း အကြောင်းကြားစာ ပေးပို့ခဲ့ပြီးဖြစ်ပြီးတော့ လူထုကိုအသိပေးတာဖြစ်ပါတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် ဗဟိုကော်မတီအစုထဲမှာ ပါဝင်သူတွေထဲက တစ်ဦးဖြစ်သူ ဦးကျော်လင်းက ပြောပါတယ်။

“ဘာကြောင့် ကန့်ကွက်ရတာလဲဆိုခဲ့ရင် ကျနော်တို့ ညီညွတ်ရေးလုပ်ပြီးတော့ ညှိနေတဲ့အချိန်မှာ သတ်မှတ်ချက်ကိုမရောက်ခင်မှာ လက်ဦးမှုယူပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မှတ်ပုံတင်ခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ပါတယ်။ နှစ်ဦးနှစ်ဘက်ညှိတဲ့အချိန်က မပြီးသေးပါဘူး။ ညှိနေတုန်းပါပဲ။ ပထမအကြိမ် ပါတီညီလာခံက အစုတွေအားလုံးဟာ ညီညွတ်ရေးကို တည်ဆောက်ကြမယ်၊ အဖွဲ့တွေအားလုံး၊ အစုတွေအားလုံးဟာ ညီညွတ်ရေးကို တည်ဆောက်ကြမယ်။ အဖွဲ့တွေအားလုံး၊ ပြန့်ကျဲတဲ့လူတွေ အားလုံး စုပေါင်းပြီးတော့ လုပ်ပါမယ်ဆိုပြီး တည်ဆောက်နေတဲ့အချိန်မှာပဲ သူတို့ လက်ဦးမှုယူပြီး မှတ်ပုံတင်တဲ့အတွက် ဒီပြဿနာဖြစ်လာခဲ့ရတာပါ။”

လူ့ဘောင်သစ်ပါတီရဲ့ မူလ နိုင်ငံရေးဦးတည်ချက်တွေဖြစ်တဲ့ စစ်အာဏာရှင်စနစ် လုံးဝဖျက်သိမ်းရေး၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး အပြည့်အဝ အာမခံမှုရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်တဲ့ ပြည်နယ်ပေါင်းစုံ ပြည်ထောင်စုတည်ဆောက်ရေး-စတဲ့ ဦးတည်ချက်တွေနဲ့ ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ တရားဝင်မြေပေါ်မှာ ပြန်လည်ရပ်တည်နိုင်အောင် ပါတီ မှတ်ပုံတင်သာတာ ဖြစ်တယ်လို့ အခုပါတီမှတ်ပုံတင်တဲ့ ကိစ္စကို ပါဝင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးဇော်ဇော်ထွန်းက တုံ့ပြန်ပါတယ်။

“ပြန်ဝင်လာကတည်းက တစ်နှစ်နီးပါးလောက်ပေါ့နော်၊ ဇန်နဝါရီလကတည်းက စပြီး တလျှောက်လုံး ပြည်တွင်းမှာရှိတဲ့ လူ့ဘောင်သစ်အင်အားစုအသီးသီး၊ အနယ်နယ်အရပ်ရပ်က ရဲဘော်တွေအကုန်လုံးနဲ့ စုစည်းတိုင်ပင်တဲ့ကိစ္စတွေကို ကျနော်တို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့ ပြန်ဝင်လာတဲ့၊ နယ်စပ်မှာအခြေစိုက်တဲ့ လူ့ဘောင်သစ်ပါတီဌာနချုပ်အနေနဲ့ ကိုယ်စားလှယ် (၇) ဦးရယ်၊ ပြည်တွင်းမှာရှိတဲ့ အနယ်နယ်အရပ်ရပ်က ကိုယ်စားလှယ် (၁၄) ဦးရယ်ပေါင်းပြီးတော့ (၂၁) ဦးနဲ့ ကျနော်တို့ ပါတီ မှတ်ပုံတင် ထားတာပါ။ ဒီကိစ္စကလည်း အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းသဘောတူညီချက်အရ ကျနော်တို့ပါတီကို တရားဝင် မြေပေါ်မှာ ပြန်လည်ရပ်တည်နိုင်အောင် ကြိုးပမ်းတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။”

အခုလိုမျိုး အစုအဖွဲ့နှစ်ခုအကြား သဘောထားကွဲလွဲနေတဲ့အခြေအနေကို ညှိနှိုင်းပြီးတော့ ညီညွတ်ရေးတည်ဆောက်သွားချင်တဲ့ဆန္ဒရှိတယ်ဆိုတဲ့ သဘောမျိုး နှစ်ဘက်စလုံးက ပြောခဲ့ပေမယ့်လည်း လက်ရှိမှာကတော့ သိပ် မကြာခင်အချိန်အတွင်း ညှိနှိုင်းလို့ရနိုင်မယ့် အလားအလာ မတွေ့ရသေးပါဘူး။ တချိန်က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ လူ့အခွင့်အရေး အပြည့်အဝရရေးတို့အတွက် လက်တွဲလုပ်ဆောင်ခဲ့ကြသူတွေဟာ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေတဲ့ ဒီလို အချိန်ကာလမှာမှ သဘောထား ကွဲပြားပြီး တဖက်နဲ့တဖက် ပြစ်တင်ဝေဖန်နေကြ တာဟာ ညီညွတ်ရေးအတွက် အလားအလာကောင်းမဟုတ်သလို ဒီမိုကရေစီတည်ဆောက်ရေးအတွက်လည်း အားလျော့စေတယ်လို့ သုံးသပ်တာမျိုးတွေ ထွက်ပေါ်လာနေပါတယ်။
XS
SM
MD
LG