သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာစင်သီယာ ၂၀၁၆ လူသားချင်းစာနာမှု သူရဲကောင်းဆု ချီးမြှင့်ခံရ


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ မဲတော်ဆေးခန်းထူထောင်သူ ဒေါက်တာစင်သီယာမောင်ကို နိုင်ငံတကာပရဟိတအဖွဲ့တခုဖြစ်တဲ့ AidEx အဖွဲ့ကနေ ၂၀၁၆ ခုနှစ်ရဲ့ လူသားချင်းစာနာမှုသူရဲကောင်းဆု ချီးမြှင့်ခံခဲ့ရပါတယ်။

ဒီဆုရရှိမှုနဲ့ပတ်သက်လို့ ဒေါက်တာ စင်သီယာမောင်က - သူ့ဆေးခန်းမှာ နှစ်တိုင်း လူနာအရေအတွက် တိုးလာနေပြီး ဆေးခန်းအနေနဲ့ ကျန်းမာရေးလုပ်သားများကို သင်တန်းတွေ ပို့ချတဲ့အပြင် ဆေးဝါးကုသဖို့ လိုအပ်နေတဲ့ လူ့အဖွဲ့အစည်းတွေထံကိုလည်း နယ်လှည့်ကျောပိုးအိတ် ဆေးကုတဲ့အဖွဲ့တွေက သွားရောက် ကုသပေးနေတဲ့အကြောင်းနဲ့ သူ့ဆေးခန်းအနေနဲ့ ရင်ဆိုင်ရတဲ့ အကြီးမားဆုံး အကဲစမ်းမှုကတော့ အိုးအိမ်မဲ့ ဖြစ်ကြနေသူတွေရဲ့ အစားအစာ၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှု၊ အလုပ်လက်မဲ့ဖြစ်မှုတို့အပေါ် စိုးရိမ်မကင်းဖြစ်မှုတွေကြောင့် ခံစားကြရတဲ့ ကြီးမားတဲ့ စိတ်ဒဉ်ရာရမှုတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ရှိ မဲတော်ဆေးခန်းအနေနဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ လူမှုရေးနဲ့ ကျန်းမာရေးအကူအညီ လိုအပ်နေတဲ့ ကာလပတ်လုံး ဆက်လက် ရပ်တည်ပေးသွားမှာဖြစ်တယ်လို့လည်း ဒေါက်တာ စင်သီယာမောင် က ပြောဆိုခဲ့ပါတယ်။

AidEx ရဲ့ နှစ်ပတ်လည် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက် ဗုဒ္ဓဟူးနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်စဲလ်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး -၂၀၁၆ ခုနှစ်ရဲ့ လူသားချင်းစာနာမှု သူရဲကောင်းဆုကိုပေးအပ်ဖို့ နောက်ဆုံးစကာတင် လျာထားခြင်းခံရသူတွေထဲမှာ - အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု ကို ဆန့်ကျင်လှုပ်ရှားသူ Jaha Dukureh; ကင်ညာနိုင်ငံမှာ လူထုအကျိုးပြုလူမှုရေးလုပ်ငန်းတခုကို ထူထောင်သူ ဒေါက်တာ Martin Fisher; နဲ့ အမေရိကန်ပြည်ထောင်စုမှာ လူထုအကျိုးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ထူထောင်ခဲ့သူ Shaima Al Zarooni တို့နဲ့အတူ မြန်မာနိုင်ငံသား ဒေါက်တာ စင်သီယာမောင်လည်း ပါဝင်ခဲ့တာဖြစ်ပြီး - သူ့ကို - ကိုယ်ကျိုးမဖက် လူထုအကျိုးပြု စေတနာ့လုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နေမှုတွေအတွက် ဒီဆု ပေးအပ်ဖို့ AidEx အဖွဲ့ကြီးက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း - ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို ကူညီဖို့ အတွက် - မဲဆောက်မြို့မှာ ဆေးခန်းငယ်လေးတခုကို စတင်ဖွင့်လှစ်ခဲ့တာပါ။ မဲတော်ဆေးခန်းကို စတင်ချိန်က ကုတင် ၄ လုံးသာရှိခဲ့ပြီး၊ အခုဆိုရင် အဲဒီဆေးခန်းမှာ ကျန်းမာရေးဝန်ထမ်း ၇၀၀ လောက်နဲ့အတူ နှစ်စဉ် ဆေးခန်းကို လာတဲ့ လူနာ အရေအတွက်က ၁ သိန်းခွဲနီးပါးထိ ရှိခဲ့တာဖြစ်ပါတယ်။

ဆေးခန်းစတင်ဖွင့်လှစ်ချိန်က မြန်မာဒုက္ခသည်တွေကို ကူညီဖို့ အဓိကရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်း ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် ကရင်ပြည်နယ်တွင်း မိုင်းထိမှန်သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ HIV ပိုးကူးစက်ခံထားရသူတွေ အပြင် မြန်မာနိုင်ငံ ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေကနေ ကျန်းမာရေးစရိတ် မတတ်နိုင်သူတွေနဲ့ ဒီဆေးခန်းမှာ လာရောက်ပြသရင်း လူနာတွေ တိုးများလာတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေအတွက်လည်း အခမဲ့ကျောင်းတွေ ဖွင့်လှစ်ပြီး ပညာသင်ကြားပေးနေတာလည်း ဖြစ်ပါတယ်ရှင်။ အခုရရှိခဲ့တဲ့ ၂၀၁၆ လူသားချင်းစာနာမှုသူရဲကောင်းဆုအပြင် Ramon Magsaysay ဆု၊ အာရှ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆုတွေ အပါအဝင် နိုင်ငံတကာက ပေးအပ်တဲ့ ဆုပေါင်း ၂၀ လောက်ကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG