သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး လှုပ်ရှားမှုကြောင့် မဟာမိတ်အဖွဲ့မှ NGO တချို့ ထုတ်ပယ်ခံရ


ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ အနေနဲ့ ပါဝင်ယှဉ်ပြိုင်မယ့် မင်္ဂလာမြန်မာ လူမှုရေးအသင်း ဦးဆောင်သူတွေ ဖြစ်တဲ့ ဒေါက်တာ ဖုန်းဝင်းနဲ့ ဒေါ်ယူဇာမော်ထွန်းတို့ကို NGO ၁၇ ခု ပူးပေါင်း ဖွဲ့စည်းထားတဲ့ ဒီရေတော ပြန်လည်ထူထောင်ရေး ပူးပေါင်းလုပ်ဆောင်မှု အဖွဲ့က အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်းလိုက်ပါတယ်။ အသင်းဖွဲ့စည်းခဲ့တုန်းက နိုင်ငံရေး မလုပ်ရဆိုတဲ့ စည်းကမ်း မပါခဲ့ဘဲ အခု ရွေးကောက်ပွဲကာလ ရောက်မှ ဒီစည်းကမ်းကို ထည့်ပြီး အသင်းကထုတ်တာ ဖြစ်တယ်လို့ ဒေါက်တာ ဖုန်းဝင်းက တုံ့ပြန်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဖုန်းဝင်းနဲ့ ဒေါ်ယူဇာမော်ထွန်းတို့ကို နိုင်ငံရေး လုပ်ဆောင်တဲ့အတွက် ဒီရေတော ပြန်လည်ထူထောင်ရေး ပူးပေါင်းလုပ်ဆောင်မှု အဖွဲ့မှာ ပါဝင်တဲ့ တခြား NGO အဖွဲ့တွေက အများသဘောတူညီမှုနဲ့ အဖွဲ့ကနေ ထုတ်လိုက်ပါတယ်။ သင်းဖွဲ့စည်းမျဉ်းမှာ အဖွဲ့ဝင်တွေ နိုင်ငံရေး မလုပ်ရဆိုတာ မပါပေမဲ့ အခု ပြည်ထဲရေး ဝန်ကြီးဌာနက ညွှန်ကြားချက်ကို သဘောတူတဲ့ အနေနဲ့ ထုတ်လိုက်တာလို့ ဒီအဖွဲ့မှာပါတဲ့ FREDA အဖွဲ့က ဦးအုန်းက အခုလို ပြောပြပါတယ်။

“NGO ဆိုတာဟာ နိုင်ငံရေး ကင်းရမယ်လို့ အစိုးရရဲ့မူကိုလည်း ကျနော်တို့ လက်ခံတဲ့ သဘောနဲ့ အများရဲ့ သဘောတူညီမှုနဲ့ နိုင်ငံရေးမလုပ်ရ ဆိုပြီးတော့ ဆုံးဖြတ်တယ်။ နိုင်ငံရေး လုပ်တဲ့အတွက် အသင်းက ထုတ်လိုက်တယ်။ ထုတ်ပစ်လိုက်တာ ပုဂ္ဂိုလ်ရေးတင် မကဘူး၊ သူတို့အသင်းပါ ထုတ်ပစ်လိုက်တာ။ မင်္ဂလာမြန်မာရော၊ MDF Myanmar Development Foundation နှစ်ခုစလုံး ကျနော်တို့ အဲဒီအထဲက ပယ်လိုက်တဲ့ သဘောပါ။”

ဒီရေတော ပြန်လည်ထူထောင်ရေး နက်ဝပ်ခ် (MERN) ဘယ်လို ပေါ်ပေါက်လာတာလဲ ဆိုတာ ဒေါက်တာ ဖုန်းဝင်းက အခုလို ရှင်းပြပါတယ်။

“နာဂစ်ဖြစ်ပြီးတဲ့ အချိန်မှာ ကျနော်က စပြီးတော့ Organize လုပ်တယ်။ Mangrove ပြန်စိုက်ဖို့ ဆိုပြီးတော့။ Mangrove ပြန်လုပ်မယ်ဆိုတော့ ကျနော်တို့ တယောက်တည်းကို ကူညီရင်လည်း နိုင်ငံခြားသား အဖွဲ့အစည်းတွေ အနေနဲ့ ဘက်လိုက်ရာ ကျမယ်ပေါ့။ INGO တွေ၊ UN တွေနဲ့ လုပ်တယ်ဆိုရင် မကောင်းဘူး ဆိုပြီးတော့ ကျနော်တို့က အဖွဲ့တဖွဲ့ ဖွဲ့လိုက်မယ်ဆိုပြီး ဖွဲ့လိုက်တယ်။ တရားမဝင် အဖွဲ့ပေါ့ဗျာ၊ မှတ်ပုံလည်း တင်ထားတာ မဟုတ်ပါဘူး။ Mangrove and Environmental Rehabilitation Network ဆိုပြီးတော့ အဲဒီအဖွဲ့ကို ဖွဲ့လိုက်တယ်။”

လူမှုရေး အသင်းအဖွဲ့တွေ အနေနဲ့ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်ဆိုတာ ပြည်ထဲရေး ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ နီးလာတဲ့ အချိန်မှာ ပြည်တွင်းက ကုန်သည်စက်မှုအဖွဲ့၊ ဟိုတယ်ခရီးအဖွဲ့တွေ အပါအဝင် လူမှုရေး အသင်းအဖွဲ့တွေက နိုင်ငံရေး မလုပ်ရဆိုတဲ့ သင်းဖွဲ့စည်းမျဉ်းကို ပယ်ဖျက်ပြီး လုပ်ငန်းရှင်အချို့ ရွေးကောက်ပွဲ ဝင်ကြပါတယ်။ ဒါပေမဲ့ အခု ဒီရေတော ပြန်လည်ထူထောင်ရေး နက်ဝပ်ခ်မှာတော့ အရင်က နိုင်ငံရေး မလုပ်ရဆိုတဲ့ စည်းမျဉ်း မထည့်ခဲ့ပါဘူးလို့ ဦးအုန်းက ပြောပြပါတယ်။

“Mangrove Environment Network ကျတော့ တချို့ကတော့လည်း နိုင်ငံရေး လုပ်ချင်တဲ့ဆန္ဒ ရှိလို့လား၊ သို့မဟုတ် အမှတ်တမဲ့ ဖြစ်သွားလို့လား မသိဘူး၊ နိုင်ငံရေးမလုပ်ရဆိုတဲ့ Charter မှာ မပါဘူး။”

ဒီနက်ဝပ်ခ်မှာ သူတို့တင် နိုင်ငံရေးလုပ်တာ မဟုတ်ဘူးလို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဖုန်းဝင်းက ပြန်လည် တုံ့ပြန်ပါတယ်။

“နိုင်ငံရေး သင်တန်းတွေ ပေးနေတဲ့ Egrass က ထောင်ထားတဲ့ NAG နဲ့ ECO Dev ကိုကျတော့ အရေးမယူဘူးဗျာ။ ကျနော်တို့ကိုယ်တိုင်က သူတို့ လုပ်ခွင့်ရှိလို့ လုပ်တယ်လို့ပဲ သဘောထားတယ်။ ရှင်းရှင်းပြောရင် Majority နဲ့ အနိုင်ကျင့်တာပေါ့ဗျာ။ သူတို့ ဒီမိုကရေစီကို Practice လုပ်တာ မှားတယ်လို့ ကျနော်က ယူဆတယ်။ ဒီဟာတွေက Charter ကို ပြင်တာဗျာ။”

ဒီရေတော ပြန်လည်ထူထောင်ရေး နက်ဝပ်ခ်ကို နာဂစ်မုန်တိုင်းအပြီးမှာ NGO ၁၇ ခု ပါဝင် ဖွဲ့စည်းထားပါတယ်။ အခုချိန်မှာတော့ နိုင်ငံတကာ အလှူရှင်တွေဆီက အမေရိကန် ဒေါ်လာ ၁၀ သိန်းနီးပါးနဲ့ ဒီရေတော ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။ အခုလို အဖွဲ့ကနေ ရွေးကောက်ပွဲနီးတဲ့ အချိန်မှာ ထုတ်လိုက်တာကို တရားဥပဒေအရ ရင်ဆိုင်ဖို့ စဉ်းစားနေတယ်လို့ ဒေါက်တာ ဖုန်းဝင်းက ပြောကြားပါတယ်။

XS
SM
MD
LG