သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးဒေါက်တာဝင်းမြတ်အေး လိုက်ပါတဲ့ ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိခိုက်ပျက်စီးမှုမရှိ


ရခိုင်ခရီးစဉ်များတွင် သယ်ယူပို့ဆောင်ပေးလေ့ရှိသည့် တပ်မတော် ရဟတ်ယာဉ် (ဖေဖော်ဝါရီ ၀၉၊ ၂၀၁၉)
ရခိုင်ခရီးစဉ်များတွင် သယ်ယူပို့ဆောင်ပေးလေ့ရှိသည့် တပ်မတော် ရဟတ်ယာဉ် (ဖေဖော်ဝါရီ ၀၉၊ ၂၀၁၉)

(Zawgyi/ Unicode)

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အဖွဲ့ စီးလာတဲ့ ရဟတ်ယာဉ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပစ်ခတ်ခံရပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ တပ်မတော်ဘက်ကတော့ ဒါဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ပစ်တာလို့ စွပ်စွဲပါတယ်။ ဒီအပေါ် AA ဘက်က တုံ့ပြန်တာတော့ ချက်ခြင်း ထွက်မလာသေးပါဘူး။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ မြန်မာအစိုးရ အဖွဲ့ လိုက်ပါလာတဲ့ တပ်မတော်ရဟတ်ယာဉ်ကို ရခိုင်ပြည်နယ် စစ်တွေကနေ ဘူးသီးတောင် အသွားခရီးစဉ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ဒီနေ့မနက် ဒေါက်တာဝင်းမြတ်အေး ဘူးသီးတောင် ခရီးစဉ်အတွင်းမှာ မနက် ၁၀ နာရီ ၄၅ လောက်မှာ အပစ်ခံရတာ ဖြစ်ပါတယ်။ စစ်တွေကနေ ဘူးသီးတောင်ကို အသွားဖြစ်တယ်။ ထိခိုက်ဒဏ်ရာ ရရှိတာတော့ မရှိဘူး ရဟတ်ယာဉ်ကတော့ ဝမ်းဗိုက်ပိုင်းကို ၂ ချက် ထိသွားတယ်။ ဘူးသီးတောင်ကို အောင်မြင်စွာ ဆင်းနိုင်ခဲ့ပါတယ် ပြီးတော့ သူ့ခရီးစဉ်အတိုင်း ဆက်လုပ်ပါတယ်။ ပြီးတော့ ကျနော်တို့ ဘူးသီးတောင်ကနေ ပြန်ထွက်ပြီးတော့ စစ်တွေကို ဒီနေ့ညနေ ၃ နာရီမှာ ရောက်ပါတယ်၊ အန္တရာယ် ကင်းရှင်းပါတယ်။ ဘူးသီးတောင်၊ မောင်တောဘက်ကိုသွားတာ တပ်ရဟတ်ယာဉ်သွားတာပဲ များပါတယ်။ နောက်ထပ်ပြောရရင် အဲဒီမှာလည်း ပစ်ခတ်နေတာပဲ ဘူးသီးတောင်၊ မောင်တောတို့ ရသေ့တောင်တို့ သွားနေကြ တပ်ရဟတ်ယာဉ်ကိုတော့ အောက်ကနေ ရခိုင်ရွာတွေထဲမှာ ရှိတဲ့ သူတို့ အမာခံတွေကနေပြီးတော့ ရဟတ်ယာဉ်ကို လှမ်းပစ်နေကြပါတယ်။”

ဒီပစ်ခတ်မှုမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ လက်ချက်လို့ပြောပေမဲ့ အတည်ပြုနိုင်ဖို့ AA ပြောရေးဆိုခွင့်ရှိသူကို ဗွီအိုအေကနေ ကြိုးစား ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

ဒီခရီးစဉ်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုလဲ လိုက်ပါလာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ နဲ့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ သိရှိမှုမရှိဘူးလို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကတော့

“သူတို့ လေယာဉ်နဲ့ လာတာ ကျနော်တို့ သိတယ်။ သူတို့ကအဲဒီဟိုက်စကီးကို တပ်မှာထားတယ်။ မြို့ထဲဝင်တာကတော့ ကားနဲ့ဝင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ဒီ သွားရောက်မယ့် ဒုက္ခသည်စခန်းတွေကိုတော့ ကျနော်တို့ကို ဖိတ်ကြားထားတာ မရှိဘူးဗျ။ ဘယ်သူပါလဲဆိုတာ မသိဘူး။ ကျနော်တို့ကို မဖိတ်တဲ့အတွက်ကြောင့် ကျနော်တို့အဲဒီအခန်းအနားလည်း မရောက်ဘူးခင်ဗျ။”

ဒေါက်တာ ဝင်းမြတ်အေးဟာ ဘူးသီးတောင်-မောင်တော ဒေသကို မကြာခဏ သွားရောက်လေ့လာသူ တဦး ဖြစ်ပြီး သွားရောက်တဲ့ အခါတိုင်းမှာ တပ်မတော် ရဟတ်ယာဉ်ကို အသုံးပြုနေပါတယ်။

စစ်ရေးးတင်းမာနေတဲ့ ဒေသမှာ တပ်မတော်ရဟတ်ယာဉ် ပစ်ခတ်ခံရတဲ့အနေထားနဲ့ ပတ်သက်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော် ဦးခင်မောင်လတ်က အခုလို သုံးသပ်ပြောဆိုပါတယ်။

“သူတို့အရပ်သားရဟတ်ယာဉ်မှန်း တပ်က စစ်ဆင်ရေးရဟတ်ယာဉ်မှန်း သူတို့က ရဟတ်ယာဉ်ဆို စစ်တပ်ကပဲ ထင်မှာပဲလေ။ ဆိုရင်သူတို့ကလည်း ပစ်ချင်ပစ်နိုင်တယ်။ ဒီရဟတ်ယာဉ်က အခေါက်ခေါက်အခါခါ သွားနေတာပဲ။ ရခိုင်ပြည်နယ်မှာ နေရာအနှံ့။”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ရဟတ်ယာဉ် ဂျက်လေယာဉ်တွေနဲ့ တိုက်ခိုက်နေတာ အစဉ်လိုဖြစ်ပွါးနေပါတယ်။

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်ထောင်စုအဆင့်ဝန်ကြီး လေယာဉ်ပစ်ခတ်ခံရတာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ မနှစ်က ဒီဇင်ဘာ ၁၉ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မာန်အောင်ခရီးစဉ်မှာလည်း မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွေ ရှိခဲ့ဘူးသလို ပြီးခဲ့တဲ့နှစ်တွေတုန်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုလိုက်ပါလာတဲ့ ယာဉ်တန်း မင်းပြားဘက်မှာ မိုင်းခွဲခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိရခိုင်ပြည်နယ် ဘူးသီးတောင်ကျေးရွာ တချို့မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေသလို ပလက်ဝမြို့နယ် မီးချောင်းတံတားဘက်မှာတော့ နှစ်ဘက်တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG