သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Drone လွှတ်လို့ဖမ်းခံရတဲ့ ပြင်သစ်နိုင်ငံသား ပြန်လွှတ်


Drone လွှတ်လို့ဖမ်းခံရတဲ့ ပြင်သစ်နိုင်ငံသား Arthur Desclaux
Drone လွှတ်လို့ဖမ်းခံရတဲ့ ပြင်သစ်နိုင်ငံသား Arthur Desclaux

နေပြည်တော်မှာ လွှတ်တော် အဆောက်အဦးတွေအနီး အဝေးထိန်း Drone ယာဉ်လွှတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့ ပြင်သစ်ကမ္ဘာလှည့် ခရီးသွားဟာ လွတ်ရက်စေ့လို့ ဒီကနေ့ပဲ ထောင်ကပြန်လွှတ်ပေးလိုက်ပါပြီ။

အသက် ၂၇ နှစ်အရွယ် Arthur Desclaux ကိုတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့က နေပြည်တော်မှာ ဖမ်းဆီးခံခဲ့ရပြီး ခွင့်ပြုချက်မရှိပဲ ပြည်ပက ပစ္စည်းသယ်ဆောင်လာမှု အတွက် သွင်းကုန်ထုတ်ကုန် ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၁ လ အပြစ်ပေးခံခဲ့ရတာပါ။ ပြင်သစ်နိုင်ငံသား ခရီးသွားကတော့ မြန်မာနိုင်ငံမှာ Drone ယာဉ်ပျံသန်းမှု ကန့်သတ်ထားတာကို မသိခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ဒီကနေ့ ထောင်ကနေ လွတ်လာတဲ့ ပြင်သစ်ခရီးသွားကိုတော့ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ လေကြောင်းဆိုင်ရာ ဥပဒေတွေနဲ့လည်း အရေးယူခဲ့တာပါ။

ဒါပေမဲ့လည်း ပြစ်မှုတွေအတွက် မြန်မာကျပ်ငွေ တသိန်းခွဲ ဒဏ်ငွေဆောင်ဖို့သာ တရားသူကြီးက စီရင်ချက်ချခဲ့ပါတယ်။ ထောင်ကပြန်လွတ်လာတဲ့ ပြင်သစ်ကမ္ဘာလှည့် ခရီးသွားကိုတော့ နေရပ်ရင်း ပြန်ပို့မှာ ဖြစ်ပေမဲ့လည်း လူဝင်မှုကြီးကြပ်ရေးက အမိန့်စာမရတဲ့အတွက် အချုပ်မှာပဲ တညဆက်နေရမယ်လို့လည်း လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတဦးကို ကိုးကားပြီး AP သတင်းက ဖော်ပြခဲ့တာပါ။

ပြင်သစ်နိုင်ငံသား လွှတ်တော်အနီး Drone လွှတ်တဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတုန်းကလည်း တူရကီသတင်းဌာန TRT က မှတ်တမ်းတင် ဗွီဒီယို ရိုက်ကူးရေးအဖွဲ့ကို လွှတ်တော်အနီး Drone ယာဉ် လွှတ်တင်မှုနဲ့ ဖမ်းဆီးခဲ့ဖူးပါတယ်။

စင်္ကာပူနဲ့ မလေးရှားက သတင်းထောက် ၂ ယောက်နဲ့အတူ မြန်မာသတင်းထောက် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတို့ကိုတော့ သွင်းကုန်ထုတ်ကုန်ဥပဒေ ချိုးဖောက်မှုနဲ့ တရားစွဲခဲ့ပေမဲ့၊ နောက်ပိုင်းမှာ လေကြောင်း ပျံသန်းမှုဆိုင်ရာ ဥပဒေနဲ့ ထပ်တိုးတရားစွဲပြီး ထောင်ဒဏ် ၂ လစီ အပြစ်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG