သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအပေါ် တုံ့ပြန်ချက်များ


ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်ရှေ့မှာ အစည်းအဝေးအပြီး သတင်းထောက်တွေကို စကားပြောကြားနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (ဇူလိုင် ၂၃၊ ၂၀၂၀)
ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်ရှေ့မှာ အစည်းအဝေးအပြီး သတင်းထောက်တွေကို စကားပြောကြားနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (ဇူလိုင် ၂၃၊ ၂၀၂၀)

ထောင်တွင်း ကျန်းမာရေးအခြေအနေ ဆိုးဆိုးရွားရွား ကြုံခဲ့ရပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီး မကြာခင်မှာပဲ ကွယ်လွန်ခဲ့တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ရဲ့ ဈာပနကို မနက်ဖြန် ကျင်းပဖို့ စီစဉ်ထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ တဦးလည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့ အပေါ်မှာတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက ကြီးမားတဲ့ ဆုံးရှုံးမှုအဖြစ် မြင်ကြပါတယ်။ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အပေါ် အမြင်တွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂ )နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၁၆ ကနေ ၂၀၂၁ ထိ ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အသက် ၇၃ နှစ်အရွယ်မှာ ဒီနေ့ မနက် ၃နာရီလောက်တုန်းက မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။၂၀၁၉ ကတည်းက သွေးကင်ဆာရောဂါခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုထောင်တွင်းမှာ ကျန်းမာရေးပိုဆိုးရွားလာခဲ့ရာက အခုနောက်ဆုံး ကွယ်လွန်သွားခဲ့တာပါ။ ဈာပနကိုတော့ မနက်ဖြန် ကျင်းပမယ်လို့လည်း မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“တောင်အင်းမြောက်အင်းမှာသဂြိုလ်မယ်။ မနက် ၆နာရီမှာသရဏဂုံတင်မယ်။ ၁၀နာရီမှာထွက်မယ် မီးသ‌ဂြိုလ်မယ် ဂူမသွင်းဘူး။”

ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်တွင်း ကျန်းမာရေးဆိုးရွားလာတော့မှ အာဏာပိုင်တွေက လွတ်ငြိမ်းခွင့်ပေးပြီး ဆေးရုံကို ပို့လိုက်တာပါ။ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာမျိုးညွန့်ကတော့ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုဟာ မြန်မာ့နိုင်ငံရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ရှေ့ကနေပြီးတော့ ကွယ်လွန်သွားကြတဲ့ပုဂ္ဂိုလ်တွေဟာ မကွယ်လွန်ခင်မှာနိုင်ငံအတွက် ပါတီအတွက် ဘယ်လောက်သမာသမတ်ကျကျအနစ်နာခံ ဆောင်ရွက်ခဲ့လဲ နောက်လူတွေအတွက် အမြဲတမ်းထွန်းလင်းနေမယ့် မီးရှုးတန်ဆောင်ပါ၊ ဒါကိုကျနော်တို့မပြတ်အောင် စောင့်ကြည့်ပြီး ဒီတိုင်းလိုက်ပါ ဆောင်ရွက်မယ်ဆိုရင်တော့ကျနော်တို့ သဘာဝတရားအရ ပုဂ္ဂိုလ် တယောက်ကိုဆုံးရှုံးရပေမယ့် ကျနော်တို့လမ်းစဉ်အတွက်ကတော့တတပ်တအားဖြစ်ပါလိမ့်မယ် လို့ ပြောချင်ပါတယ်။”

ရခိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ဦးဖေသန်းကလည်း ဒေါက်တာဇော်မြင့်မောင်ဟာ တိုင်းရင်းသားအရေးကို စာနာနားလည်သူ၊ အားပေးထောက်ခံသူ ဖြစ်တာကြောင်း တိုင်းရင်းသားတွေအတွက်ပါ ဆုံးရှုံးမှုတခုဖြစ်တယ်လို့ ပြောပါတယ်။

“ပါတီမှာလည်းကြီးကြီးမားမားတာဝန်ယူထားသူဖြစ်တယ်။ ဒါ့ပေမယ့် ပြောတာဆိုတာမှာ တဖက်သတ်ပြောတာဆိုတာသိပ်မတွေ့မိဘူး။ အထူးသဖြင့်တိုင်း ရင်းသား လူမျိုးစုတွေနဲ့ ပတ်သတ်ရင်တော်တော်ကို ဆင်ဆင်ခြင်ခြင်နဲ့ ကိုယ်ချင်းစာပြီးပြောတာတွေ ကြုံဖူးတယ်ပေါ့။ ပါတီကလည်း အားကိုးရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ကိုယ်ကျိုးရှာတာလည်းမတွေ့မိဘူး ဘယ်လိုလုပ်စားတယ် ဆိုတာမျိုး နိုင်ငံရေးအရ မကောင်းသတင်း ပြောတာတောင် မကြားမိသလောက်ဘဲ။ စိတ်ထဲအရမ်းလေးစားတယ်။ သူဆုံးရှုံးတာက NLD အတွက် ဒီမိုကရေစီအတွက်တင်မကဘူး။ တိုင်းရင်းသားတွေအိပ်မက်မက်နေတဲ့ ဖက်ဒရယ်ပြည်ထောင် စု အတွက်ပါ တော်တော်ကိုအားလျော့ရပါတယ်။”

ကွယ်လွန်သူ ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်ပြီး နိုင်ငံရေး အသိုင်းအဝိုင်းက လေးစားမှုရရှိသူ တဦးလည်း ဖြစ်ပါတယ်။

လူ့ဘောင်သစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်ကတော့ အစားထိုးမရတဲ့ဆုံးရှုံးမှုတခုလို့ ပြောပါတယ်။

“ဒီလိုအခြေအနေမျိုးမှာဆရာဇော်ဆုံးတာက အစားထိုးမရတဲ့ဆုံးရှုံးမှုတခုပါ၊ ဒီမိုကရေစီရေးလှုပ်ရှားမှုအပေါ်မှာ သူသက်ဝင်ယုံကြည်မှုကအတော်ကြီးတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ တော်လှန်ရေးစထဲက ဒီနေ့ထိ တောက်လျှောက်ရပ်တည်ခဲ့တဲ့သူဖြစ်တယ်။ နောက်ပြီးအမျိုးသားဒီမိုကရေစီအတွက်ကော သူ့ဒေသအတွက် ကော အတော် သံယောဇဉ်ကြီးတဲ့သူ တယောက်ဖြစ်တယ်လို့ကျနော်မြင်ပါတယ်။”

ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉ဝ ပြည့်နှစ်မှာ ဖမ်းဆီးခံခဲ့ရစဉ်ကလည်း ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရဘူးပြီး၊ ၂ဝဝ၉ ခုနှစ်မှာ မြစ်ကြီးနားထောင်ကနေ ပြန်လွတ်လာခဲ့တာပါ။

ဒီလိုဆယ်စုနှစ်နဲ့ချီ နိုင်ငံရေးလောကကို အခက်အခဲတွေကြား ဖြတ်သန်းခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်ကို အမှတ်ရနေသူတွေထဲမှာ ပြည့်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး လည်း တဦး အပါအဝင်ဖြစ်ပါတယ်။

“ကျနော်တို့ ၈၈၈၈အရေးတော်ပုံပြီးတော့ ကျနော်တို့အင်းစိန်အကျဉ်းထောင်ထဲမှာ ဂျေးတိုက်အတိုဂျေးတိုလို့ခေါ်တဲ့ ဒေါက်တာဇော်မြင့်မောင်တို့ကျနော်တို့ အ တူတကွနေခဲ့ရတဲ့အခါကျတော့ ဆရာ့ရဲ့ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အားလုံးနဲ့ရင်းရင်းနှီးနှီး ပြောကြခုံကြငြင်းကြ သူ့ရဲ့နိုင်ငံရေးအပေါ်ယုံကြည်ထက်သန်မှု တွေက ကျနော်တို့အတွက်အမှတ်တရဖြစ်နေမှာပါ။ ဆရာကောင်းရာသုဂတိလားပါစေ။”

နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ဦးထွန်းကြည် ကလည်း ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောပါတယ်။

“သူလိုလူက နိုင်ငံအတွက်ကော NLD အတွက်ကော အထူးသဖြင့်မန်းလေးအတွက်ကတော့အစားထိုးမရတဲ့ဆုံးရှုံးမှုတရပ်လို့ကျနော်မြင်ပါတယ်။ “

၂ ၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်ကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှု၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု၊ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံး မဲမသမာမှု၊ အဂတိလိုက်စားမှု စတာတွေ အပါအဝင် စွဲချက် အများအပြားနဲ့ စစ်ကောင်စီက အရေးယူခဲ့ပြီး ထောင်ဒဏ် ၂၉ နှစ် ထောင်ဒဏ်ချခဲ့တာပါ။

ပြစ်ဒဏ်ကျခံနေစဉ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အတွက် မိသားစု မိတ်ဆွေတွေနဲ့အတူ ဝမ်းနည်း ကြေကွဲရတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံးကလည်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ၃ ကြိမ်တိုင်တိုင် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားပြီး မကွယ်လွန်ခင် နာရီပိုင်းအလိုမှ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာဟာ စစ်မှန်တဲ့ သနားကြင်နာမှု မဟုတ်ဘူးလို့လည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒေါက်တာဇော်မြင့်မောင် ဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လမ်းညွှန်ခဲ့သူ၊ လူ့အခွင့်အရေးကို အထူးအလေးအနက်ထား ခုခံကာကွယ်သူ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သား ၂ယောက် သမီး ၁ယောက်နဲ့ မြေး ၂ယောက်ကျန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG