သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငြိမ်းချမ်းရေးစင်တာ ဒေါ်စုလေ့လာ


မေလ ၁၄ရက်နေ့က မြန်မာ ငြိမ်းချမ်းရေး စင်တာကို လာရောက် လေ့လာသော နိုင်ငံတော် အကြံပေး ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွ့ရစဉ်။ ဓါတ်ပုံ - (Min Zaw Oo/ Facebook)
မေလ ၁၄ရက်နေ့က မြန်မာ ငြိမ်းချမ်းရေး စင်တာကို လာရောက် လေ့လာသော နိုင်ငံတော် အကြံပေး ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွ့ရစဉ်။ ဓါတ်ပုံ - (Min Zaw Oo/ Facebook)

ပါဝင်သင့် ပါဝင်ထိုက်သူတွေ အကုန်ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့် လုပ်ဆောင်မယ်လို့ ဆိုထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ မြန်မာ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန MPC စင်တာရဲ့ လုပ်ငန်းစဉ်တွေကို လာရောက် ကြည့်ရှု စစ်ဆေးခဲ့ ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ အခါမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးရဲ့ သဘောထားအမြင်၊ တိုင်းရင်းသား ပါတီတွေရဲ့ အသံကို အလေးထား နားထောင်သင့်သလို အမျိုးသား ရင်ကြားစေ့ရေး နဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန National Reconciliation and Peace Center (NRPC) ကို ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ လူသစ် မူသစ်နဲ့ လုပ်ငန်းစဉ် သစ်တွေကို ဖော်ဆောင်သင့်တယ်လို့လည်း သုံးသပ်မှုတွေရှိပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။

ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့မှာ မြန်မာ ငြိမ်းချမ်းရေးစင်တာ(MPC) ကို ရောက်ရှိလာပြီး MPC တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ငြိမ်းချမ်းရေး ညှိနှိုင်းရေး တာဝန်ခံအဖြစ် တာဝန်ပေးထားတဲ့ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ လိုက်ပါလာပြီး MPC မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေက MPC စင်တာ လည်ပတ်တဲ့ ရုံးလုပ်ငန်းစဉ်တွေကို ရှင်းလင်း တင်ပြခဲ့တယ်လို့ MPC ငြိမ်းချမ်းရေးအဖွဲ့က ဦးလှမောင်ရွှေက ပြောပါတယ်။

” ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်က အရှိန်အဟုန်နဲ့ သွားနိုင်ဖို့ ပြင်ဆင်နေတော့ ဒီလိုမျိုး ရန်ကုန်မှာရော နေပြည်တော်မှာရော Secretariat's body အတွင်းရေးမှူး အဖွဲ့အတွက် လိုမယ့် သဘောရှိတဲ့အတွက် အရင်ကျွန်တော်တို့ အရင်တုန်းက function လုပ်ထားခဲ့တဲ့ ဟာတွေကိုလည်း ဆက်ပြီးတော့ လူကြီးတယောက်အနေနဲ့ စဉ်းစားပြီးတော့ အရင်ကျနော်တို့ အဆောက်အဦးတွေကိုရော ဘယ်လို အသုံးချ လည်ပတ်သလဲ။ ဘယ်လိုမျိုး ထိန်းသိမ်းထားသလဲပေါ့။ လွှဲပြောင်းပေးဖို့ ကျွန်တော်တို့ ထိန်းသိမ်းထားတဲ့ အနေအထားမှာ ရှိတဲ့အတွက် အဓိကက ဒီလို ဟာမျိုးတွေပါပဲ။ MPC ကတော့ မတ်လ ၃၁ရက်နေ့ကတည်းက လုပ်ငန်းတာဝန်တွေ အားလုံးက ပြီးဆုံးပါပြီ။ အဲဒီတော့ နောက်ချန်အဖွဲ့ အနည်းငယ်ကတော့ ဒါကို ထိန်းသိမ်းထားပြီးတော့ လွှဲပြောင်းပေးဖို့ ပြင်ဆင်နေတဲ့အနေအထားပါ။”

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က National Reconciliation and Peace Center (NRPC) လို့ခေါ်တဲ့ အမျိုးသား ရင်ကြားစေ့ရေး နဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေးအပါအဝင် ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူကျင်းပနိုင်ရေး နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိကထား လုပ်ဆောင်နိုင်ဖို့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်တိုင်း မှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ခွင့် ရရှိဖို့ ဆောင်ရွက်သွားမယ် ဆိုတာကိုလည်း သမ္မတအိမ်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ဆုံခဲ့တုန်းက ပြောဆိုခဲ့ဖူးပါတယ်။

အရင်အစိုးရ လက်ထက်တုန်းက မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေအနေနဲ့ ကတော့ နိုင်ငံသားရဲ့ အခန်းကဏ္ဍအနေနဲ့ တတပ်တအား တတ်နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့တော့ National Reconciliation and Peace Center လိုမျိုး ပြန်လည်ဖွဲ့စည်းမယ်။ ဒုတိယ ပင်လုံ ညီလာခံအတွက် ပြင်ဆင်တာမျိုး လုပ်မယ်လို့ တွေ့တဲ့အတွက် အခုအထိတော့ တိတိကျကျပေါ့လေ ကျွန်တော်တို့အနေနဲ့ ဘာမှမရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်မှာတော့ စဉ်းစားပြီးသားတွေ ရှိနိုင်ပါလိမ့်မယ်။ ဒါကို လအနည်းငယ်အတွင်းမှာ ၂၁ရာစု ပင်လုံညီလာခံလိုမျိုး ကျင်းပဖို့ ပြင်ဆင်တာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ ဟာတွေ၊ ကျွန်တော်တို့ကတော့ လေးနှစ်ခွဲလောက်ကြာတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တစ်ထောင့် တစ်နေရာက ပါခဲ့တော့ တာဝန်ပေးသည်ဖြစ်စေ၊ မပေးသည် ဖြစ်စေ နိုင်ငံသား တစ်ယောက်အနေနဲ့တော့ ကျွန်တော်တို့ ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကိုတော့ ဆက်လုပ်ဖို့ စဉ်းစားထားပါတယ်။ ”

အခုလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို ဖော်ဆောင်တဲ့ အခါမှာ အများယုံကြည်အားထားတဲ့ လူပုဂ္ဂိုလ်တွေ၊ တိကျခိုင်မာတဲ့ မူဝါဒသစ်တွေနဲ့ လုပ်ဆောင်မှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရနိုင်ခြေရှိတယ် ဆိုတာကိုလည်း နိုင်ငံရေး အကဲခတ် ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းမယ့် Myanmar Reconciliation and Peace Center ပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ အားကိုးမှုကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူကိုယ်တိုင် ဦးဆောင်ပြီး၊ ဖွဲ့စည်းမယ့် ငြိမ်းချမ်းရေးနဲ့ ပက်သက်တဲ့ အဖွဲ့အစည်းကို လူသစ်တွေနဲ့ ဖွဲ့စည်းနိုင်တယ်ဆိုရင် အကောင်းဆုံးပဲလို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။ တကယ်တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ အလုပ်လုပ်တဲ့ သူတွေဟာ လူသစ်တွေ ဖြစ်ဖို့ လိုပါတယ်။ အထူးသဖြင့်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုကို ရနိုင်မယ့်၊ နောက်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက လေးစားတဲ့ ပုဂ္ဂိုလ်မျိုးကို လိုအပ်တယ်လို့ မြင်ပါတယ်။”

နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အနေနဲ့ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ NCA အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေအပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ အစိုးရတို့ တွေ့ဆုံပြီး သူတို့ရဲ့ သဘောထားအမြင် အသံတွေကို အလေးအနက်ထား နားထောင်သင့်တယ် လို့လည်း ဒေါက်တာရန်မျိုးသိမ်းက အကြံပြုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အခု အခြေအနေထက် ပိုပြီး ပွင့်လင်း မြင်သာမှု ရှိရှိနဲ့ စီမံဆောင်ရွက်နိုင်ဖို့ လိုတယ်လို့ မြင်ပါတယ်။ အထူးသဖြင့်တော့ တိုင်းရင်းသား နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ၊ NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေရဲ့ အသံတွေကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် နားထောင်နိုင်ဖို့ လိုပါတယ်။ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသုံးသပ်နိုင်ဖို့ လိုတယ်လို့ကျွန်တော်ကတော့ သုံးသပ်ပါတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘက်ကလည်း နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ လက်တွဲပြီး ငါးနှစ်အတွင်း ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်သွားမယ် ဆိုတာကိုလည်း ပြည်တွင်း သတင်းမီဒီယာတွေနဲ့ မနေ့က တွေ့ဆုံတုန်းက အဓိက ပြောကြားခဲ့ပါတယ်။

အခုလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ သမ္မတသစ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ ဘက်က ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မယ် လို့ ပြောဆိုနေချိန်နဲ့ တပြိုင်တည်းမှာပဲ အခုရက်ပိုင်းတွေမှာကို ရခိုင်၊ ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသား ဒေသတွေမှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်နေတဲ့အတွက် တိုင်းရင်းသားတွေနဲ့ လက်ရှိအစိုးရသစ်ကြား ယုံကြည်မှုတည်ဆောက်ဖို့က အရေးကြီးဆုံးလုပ်ဆောင်ရမယ့် အဓိက လုပ်ငန်းစဉ်ဖြစ်တယ်လို့လည်း သုံးသပ်မှုတွေရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG