သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ် မဲရုံအချို့ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမလုပ်နိုင်


ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA စစ်စခန်း။
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA စစ်စခန်း။

ရှမ်းပြည်နယ်တွင်း SSA မြောက်ပိုင်းတပ်နဲ့ မြန်မာအစိုးရအကြား တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပြီး၊ ဒီအခြေအနေကြောင့် ရှမ်းပြည်နယ်တွင်း နောက်ထပ်မြို့နယ် လေးမြို့နယ်က မဲရုံအချို့မှာ ရွေးကောက်ပွဲကျင်းပနိုင်တော့မှာမဟုတ်ပါဘူး။ လွတ်လပ်မျှတပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန် အခြေအနေမရှိတာကြောင့်၊ အဲဒီမဲရုံတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တာပါ။ ရှမ်းပြည်နယ်တွင်း တိုက်ပွဲအခြေအနေနဲ့ ဒေသတွင်း ရိုက်ခတ်မှုတွေအကြောင်း ဗွီအိုအေ သတင်းထောက်ကိုမိုးဇော်က စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ကွတ်ခိုင်ဒေသနဲ့ မိုင်းရှုးဒေသဖက်တွေမှာ အစိုးရတပ်နဲ့ ကချင်၊ ရှမ်း တပ်ဖွဲ့တွေဟာ အောက်တိုဘာလ လယ်လောက်က စတင်ပြီး ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ ကွတ်ခိုင်ဒေသဖက် မှာတော့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်မဟာ ၄ က ဗိုလ်မှုးကြီး ဇော်ဂမ်က အခုလို ပြောပါတယ်။

"အခုဒီ တပ်ရင်း ၉ ဒေသ ဂုတ်ဖြတ်ကျေးရွာမှာတော့ နဲနဲကျင်းကျင်းတော့ရှိတယ်။ ကွတ်ခိုင်နဲ့ နမ့်ဖက်ကာ ဒေသ ကြားထဲမှာပေါ့။ အရှေ့ဖက်ခြမ်းကျတယ်။ အခု ကျိုကြားကျိုကြားဖြစ်တယ်။ အခု ဒီမနက်လည်း သူတို့ဆီက တဖွဲ့ နဲ့ပြန်ဖြစ်တယ်။ အသေးစိတ်ကတော့ မသိရသေးဘူး။ ဒီမှာ အခုဖြစ်နေတာက တပတ်လောက်ရှိပြီ။ ၂၀ ရက်နေ့က ရဟတ်ယာဉ် နှစ်စင်းနဲ့ လာပစ်တယ်။”

လောလောဆည်မှာတော့ ကွတ်ခိုင်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားရာဒေသမှာ လူနေကျဲပါးတာကြောင့် ဒုက္ခသည်တွေ တိမ်းရှောင်တာမျိုးမရှိဘူးလို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့ နဲ့ အစိုးရတပ်အကြား မိုင်းရှုးဒေသအတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ တာကြောင့် ဒုက္ခသည် ၂ထောင်ကျော်လောက် တိမ်းရှောင်နေရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

“အခုဟာက ကျနော်တို့ မိုင်းရူးနားမှာဖြစ်နေတယ်ခင်ဗျာ။ ဒီနေ့မနက်က မိုင်းရူးနားမှာ ဖြစ်နေတယ် ။ မိုင်းရူးနဲ့ ကပ်ရပ်ပဲ ခင်ဗျာ။ မိုင်းရူးနဲ့ ကျနော်တို့ သံတွဲရွာပေါ့။ ၁ မိုင်ကျော်ကျော်လောက်ပဲ ကွာတယ်ခင်ဗျာ။ ဒုက္ခသည်က ဟိုင်းပန်မှာ ၉၀၀ ကျော်ပေါ့။ ဝမ်ဆော့မှာတော့ ၁၀၀၀ ကျော်တယ်ခင်ဗျာ။ မနေ့ကထိ မိုင်းရူးမှာက ၄၀၀ ကျော်ရှိတယ်ခင်ဗျာ။ အားလုံးပေါင်းဆိုရင် ၂၅၀၀ လောက်တော့ ရှိတယ်ခင်ဗျာ။”

ဒီလိုတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အခက်အခဲတွေ ရှိလာနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲဆိုင်ရာ တာဝန်ခံ ဦးမြင့်စန်းဦးကတော့ ကွတ်ခိုင်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေပေမဲ့ ရွေးကောက်ပွဲကို ဆက်လက် ကျင်းပဖွယ် ရှိကြောင်းပြောပါတယ်။

“ရွေးကောက်ပွဲကို ဘာမှ မထိခိုက်ပါဘူး။ သူဟာသူ တိုက်ပွဲ က တပ်နဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဖြစ်နေတာ။ လက်ရှိရွေးကောက်ပွဲ လုပ်ငန်းစဉ် အတိုင်းပဲ ဆောင်ရွက်နေပါတယ်။

ရှမ်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသဖက်က တန့်ယန်းမြို့နယ် အတွင်း မှာတော့ ကျေးရွာအုပ်စု ၈အုပ်စု ရွေးကောက်ပွဲရွှေ့ဆိုင်း ဒါမှမဟုတ် ပယ်ဖျက်ဖွယ် ရှိနေတယ်လို့ ဆက်ပြောပါတယ်။

“ အဲဒီဖက်မှာ ကျနော်တို့ တမ့်ရန်းမြို့နယ်က ကျေးရွာ ၈ အုပ်စုပဲ၊ တိုက်ပွဲဖြစ်တဲ့ ဖက်ကို ပါနေတာလေ။ ဆိုပါတော့ တိုင်းစစ်ဌာနချုပ်ရဲ့ နယ်မြေမဟုတ်တဲ့ ဟာပေါ့။ ဒီကျနော်တို့ ဒီဖက် တိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာ ပါတဲ့ တမ့်ရန်းမြို့နယ် တခုအတွက်ကတော့ မဲပေးမယ့်ဟာကို ဘာမှ အနှောက်အယှက် မရှိပါဘူး။ အထူးသဖြင့်ရွေးကောက်ပွဲလုပ်မယ့်ကာလမှာ သက်ဆိုင်ရာ လုံခြုံရေး အတွက် စစ်ဌာနချုပ်က လုံခြုံရေးဆောင်ရွက်ပေးမယ်ဆိုရင် ဘာမှ အနှောက်အယှက်မရှိပါဘူး။ တကယ်လို့ ဒီအတိုင်းမဟုတ်ပဲ သူတို့ တိုက်ပွဲတွေဖြစ်နေတာနဲ့ ဒီဖက်ကိုလည်း လုပ်ဖို့ နဲနဲအခက်အခဲရှိနေတယ်ဆိုရင်တော့ အဲဒါတွေကို တော့ တန့်ရမ်းမြို့နယ် ကျေးရွာ အုပ်စု ၈ အုပ်စုကတော့ ခဏ ပယ်ဖြတ်မယ့်သတင်းထဲမှာ ပါသွားမယ်ပေါ့နော်။”

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ မိုင်းရှုး၊ ကျေးသီးနဲ့ တန့်ယန်းမြို့နယ် ၃မြို့နယ်မှာ ရွေးကောက်ပွဲယာယီ ရပ်ဆိုင်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကို တင်ပြထားပါတယ်။ ဒီတင်ပြချက်အပေါ်မှာတော့ ကျားခေါင်းပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ SNLD က ကန့်ကွက်ထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကော်မရှင်က ဒီလ ၁၂ရက်နေ့က ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၁၃မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ကြောင်း ထုတ်ပြန်ထားရာမှာ လက်ရှိတိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ဒေသတွေကို ထပ်မံ ကြေညာဖွယ်ရှိနေပါတယ်။

XS
SM
MD
LG