သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်သာယာအမှိုက်ပုံမီး ထိန်းချုပ်နိုင်ပြီလား


ရန်ကုန် လှိုင်သာယာက ထိန်ပင်အမှိုက်ပုံမီးလောင်
ရန်ကုန် လှိုင်သာယာက ထိန်ပင်အမှိုက်ပုံမီးလောင်

ရန်ကုန် လှိုင်သာယာက ထိန်ပင်အမှိုက်ပုံမီးလောင်မှုကို မီးသတ်တပ်ဖွဲ့အနေနဲ့ အတော်အတန် ထိန်းချုပ်ထားပြီး၊ အတွင်းလှိုက်လောင်နေတဲ့ မီးစတွေကို ငြိမ်းသတ်နိုင်ဖို့ ကြိုးစားနေကြတယ်လို့ အဲဒီနေရာကို ကိုယ်တိုင်ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။ မီးငြိမ်းသတ်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်အချိုု့ မူးမေ့တာမျိုးရှိနေပြီး၊ ကျန်းမာရေးအရ ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ မီးလောင်နေတဲ့နေရာကို ကိုယ်တိုင်ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့်ကို နန်းလောင်ဝ်က မေးမြန်းထားပါတယ်။

မေး။ ။ကိုထက်အောင်ခန့်ရေ..ခု ထိန်ပင်အမှိုက်ပုံမီးလောင်တဲ့နေရာကိုရောက်နေတယ်ဆိုတော့ အဲဒီမှာ ခုမြင်ရတဲ့အခြေအနေကို ပြောပါဦးရှင့်။

ဖြေ။ ။မီးသတ်နေတဲ့မြင်ကွင်းကတော့ လွန်ခဲ့တဲ့လေးရက်ကထက်စာရင်တော့ တော်တော်ငြိမ်းနိုင်သွားပြီလို့ပြောလို့ရတယ်ခင်ဗျ။ အခုကတော့ အပေါ်မှာရှိတဲ့ မီးကြွင်းမီးကျန်တွေကို လိုက်ငြိမ်းသတ်နေရတဲ့သဘောလောက်ပဲရှိတော့တယ်။ အရင်နေ့ကထက်စာရင်တော့ မီးခိုးငွေ့တွေ ထွက်တာ သိပ်မတွေ့ရတော့ဘူးခင်ဗျ။ ဒီနေ့မှာ ဆိုရင်လည်း မီးသတ်တပ်ဖွဲ့ဝင် အရင်နေ့က နှစ်ရာလောက် ချထားပေးတယ်။ ဒီနေ့ဆို လေးရာလောက်ပေါ့နော်။ အင်အားထပ်တိုးပေးထားတယ်။ အဲတာ အပြင်ကို ရန်ကုန်တိုင်းကပေါ့နော်။ ဒီတပ်မတော်သားတွေကလည်းပဲ မီးသတ်ကားတွေရော လူအင်အားတွေနဲ့ပါ လာပြီးကူညီငြိမ်းသတ်ပေးနေပါတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့။ ဒီတော့ မီးသတ်အကူအညီက တပ်ကအပြင် တခြားအဖွဲ့အစည်းတွေကရော လာကူတာရှိပါသလားရှင့်။

ဖြေ။ ။ တခြားအဖွဲ့အစည်းတွေကတော့ ဒီ တခြားပရဟိတ ရေသယ်ကားတွေရှိတဲ့လူတွေကတော့ ရေသယ်ယာဉ်တွေနဲ့ လာပြီးတော့ ကူညီကယ်ဆယ်ပေးတာတွေရှိသလို တခြားအလှုရှင်တွေကလည်း ဒီမှာ ရေဖျန်းပေးနေတဲ့လူတွေကိုပေါ့နော် ဒီအလှုပစ္စည်းတွေကိုလည်း သူတို့အမြဲမပြတ်ပေါ့နော်။ ဥပမာ-ဓာတ်ဆားတို့၊ 100 plus အဲဒီလို အားဖြည့်အချိုရည်အပြင် အခြားအစားအသောက်တွေကို လာပြီးလှုဒါန်းတာကိုတွေ့ရပါတယ်ခင်ဗျ။

မေး၊ ။ ဒီမီးလောင်မှုနဲ့ဆက်စပ်ပြီးတော့မှ လူသေတယ်လို့လည်း ကြားပါတယ်ရှင့်။ အဲတာ ကိုထက်အောင်ခန့် ကြားမိတာမျိုးှရှိလား။

ဖြေ။ ။ ပထမတော့ အဲဒီလို သတင်းတွေထွက်လာတာပေါ့နော်။ ဒီမီးလောင်မှုကြောင့် လူတယောက်သေသွားတယ်လို့ ကြားတယ်။ ဒါပေမယ့် ကျန်းမာရေးဌာနကို ကျနော်တို့ အတည်ပြုချက်ရယူတဲ့အခချိန်မှာ ဒီလူက နာတာရှည်ရောဂါဖြစ်နေတဲ့လူတယောက်လို့ သိရတယ်ခင်ဗျ။ ဒီနာတာရှည်ရောဂါနဲ့ပဲ သေသွားတယ်လို့ ကျန်းမာရေးဝန်ထမ်းက အတည်ပြုပါတယ်ခင်ဗျ။ တိုင်းကျန်းမာရေးဝန်ထမ်းက အတည်ပြုတာပါ။

မေး။ ။ ဟုတ်ကဲ့။ အဲဒီသေသွားတဲ့လူက လှိုင်သာယာမီးလောင်ကွင်းမှာ နေတဲ့လူလားရှင့်။

ဖြေ။ ။ မဟုတ်ဘူးခင်ဗျ။ သူနဲ့(မီးလောင်ကွင်း) နဲ့ကပ်ရက်မှာ ၂၀ရပ်ကွက်ဆိုတာ ရှိပါတယ်ခင်ဗျ။ ဒီအမှိုက်ပုံနဲ့ အနီးဆုံးနေရာပေါ့နော်။ မီးခိုးငွေ့အများဆုံးခံစားရတဲ့နေရာပါခင်ဗျ။ အဲဒီနေရာက ၂၀ ရပ်ကွက်ထဲကပေါ့။ နေ့လည်လောက်မှာ ဆုံးသွားတာပေါ့နော်။ သူခံစားနေရတဲ့ နာတာရှည်ရောဂါနဲ့ပဲ ဆုံးသွားတာပါခင်ဗျ။ မီးခိုးငွေ့ကြောင့်တော့ မဟုတ်ဘူးခင်ဗျ။ ကျနော် ကျန်းမာရေးဌာနကို အတည်ပြုချက်ရယူထားပါတယ်။

မေး။ ။ မီးလောင်ကွင်းကနေထွက်တဲ့မီးခိုးငွေ့တွေက ရန်ကုန်မြို့ထဲထိကို ရောက်နေတယ်လို့ ကျမတို့ ကြားရပါတယ်ရှင့်။ ခုရော အဲဒီအခြေအနေ ဘယ်လိုရှိလဲရှင်။

ဖြေ။ ။ မနေ့ကထက်စာရေင်တော့ အများကြီး သက်သာသွားပြီခင်ဗျ။ မနေ့ကဆိုရင် ကျနော်တို့ ဒီ မီးခိုးငွေ့ခံစားရတာက လှိုင်သာယာ၊ လှိုင်သာယာအပြင်ကို သူနဲ့ နီးစပ်တဲ့မြို့တွေဖြစ်တဲ့ အင်းစိန်၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ အပြင်ကို မြို့ထဲက ကျောက်တံတားတို့၊ ပန်းပဲတန်းတို့ထိကိုပါ ညတုန်းကဆိုရင် လေသင့်တဲ့အတွက် မီးခိုးတွေက ရောက်လာတယ်ခင်ဗျ။ ဒီနေ့ကတော့ မိးခိုးငွေ့တွေက အရင်နေ့တွေလောက် မဆိုးတော့သလို ဒီလှိုင်သာယာ မြို့နယ်မှာဆိုရင်လည်း မီးခိုးငွေ့တွေက အရင်ကလောက်မရှိတော့ဘူးခင်ဗျ။ တော်တော်ကို ကိုပါးသွားပြီခင်ဗျ။

မေး။ ။ ဒါဆိုရင် ကိုထက်အောင်ခန့် မြင်ရသလောက် ဆိုရင်တော့ ဒါ ကျမတို့ မီးကို လုံးဝအပြီးငြိမ်းသတ်ဖို့အခြေအနေ နီးကပ်လာပြီပေါ့နော်။

ဖြေ။ ။ မီးကိုထိန်းနိုင်ပြီးတော့ ဒီမီးကြွင်းမီးကျန်ကို ငြိမ်းသတ်နေတဲ့ အဆင့်လောက်တော့ ရှိသွားပြီခင်ဗျ။ မီးက အထဲမှာ လှိုက်လောင်နေတာဖြစ်တဲ့အတွက် အပြီးသတ် ငြိမ်းသတ်ဖို့မရတဲ့အတွက် ဧရိယာကျယ်တဲ့ အတွက် သူတို့ အပေါ်ယံလေးတွေလိုက်ပြီး ငြိမ်းသတ်နေတယ်။ အခုဆိုရင် ဒီနေရာမှာ မြောင်းကြီးတွေ တူးလိုက်တယ်။ မီးတားဖို့ မြောင်းကြီးတွေ တူးလိုက်တယ်ခင်ဗျ။

မေး။ ။ အဲဒီမီးလောင်တဲ့နေရာက ဧက ၃၀၀လောက်ဆိုတော့ စုစုပေါင်း ဘယ်လောက်ကို မီးလောင်သွားတာလဲ။

ဖြေ။ ။ မီးသတ်က ထုတ်ပြန်တာကတော့ ဧက ၃၀၀ ရှိတဲ့နေရာမှာ ဧက ၁၀၀ လောက်ကို လောင်ကျွမ်းသွားပြီပေါ့နော်။ သူက ငြိမ်းသတ်ဖို့ ခက်နေတာက ဒီအမှိုက်ပုံက အခုဆိုရင် စပြီးတော့လုပ်လာတာ ၁၇ နှစ်လောက်ရှိပြီခင်ဗျ။ ၁၇ နှစ်လောက်ရှိပြီးတော့ ရန်ကုန်တမြို့လုံးက အမှိုက်တွေစုနေတဲ့အတွက် ဒီအမှိုက်ပုံထု ကအောက်မှာတင် ၁၅ ပေလောက်ရှိတယ်လို့ တာဝန်ရှိသူတွေကပြောတယ်ခင်ဗျ။ ဒါကြောင့်မို့ ငြိမ်းသတ်ဖို့ခက်သလို ပြီးတော့ မီးသတ်ကားတွေကလည်း အထဲဝင်လို့မရတဲ့အတွက် ငြိမ်းသတ်ဖို့က ဒီလောက်ရက်နည်းနည်းကြာသွားတာခင်ဗျ။ ပြီးတော့ ဧရိယာ ကျယ်ပြန့်တဲ့အတွက်လည်း ငြိမ်းသတ်ရာမှာ အခက်အခဲတွေဖြစ်တယ်ခင်ဗျ။

မေး။ ။ မီးသတ်သမားတွေရဲ့ ကျန်းမာရေးအခြေအနေကရော။ သူတို့တွေရော အဆင်ပြေရဲ့လား။

ဖြေ။ ။ မီးသတ်သမားတွေ မူးလဲတာတွေရှိတယ်၊ အသက်ရှုမဝလို့ အောက်ဆီဂျင်ပေးရတာတွေရှိတယ်၊ ဒီမီးငြိမ်းသတ်တဲ့နေရာရဲ့ အနီးအနားမှာဆိုရင် သူတို့ ကျန်းမာရေးစင်တာတွေ ထားထားသလို Ambulance (လူနာတင်ယာဉ်) တွေ၊ ဆေးပေးခန်းတွေလည်းထားပြီးတော့ သူတို့ ၂၄ နာရီမီးငြိမ်းနေတဲ့လူတွေကို ၂၄ နာရီကျန်းမာရေး ဝန်ဆောင်မှုတွေပေးနေတယ်ခင်ဗျ။

မေး။ ။ အဲဒီကျန်းမာရေးဝန်ဆောင်မှုပေးတာက အစိုးရအဖွဲ့အစည်းဘက်ကလား၊ အန်ဂျီအို(NGO) တွေကရော ပါလား။

ဖြေ။ ။ အစိုးရအဖွဲ့အစည်းတွေကပဲ ကျနော်တို့ တာဝန်ရှိတဲ့ လွှတ်တော်အမတ်တွေနဲ့ အစိုးရအဖွဲ့အစည်းတွေကပဲ လာပေးတာခင်ဗျ။ အန်ဂျီအို(NGO) တွေကတော့ ပစ္စည်းတွေ လာလှုဒါန်းတာလောက်ပဲရှိတယ်ခင်ဗျ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG