ပစိဖိတ် သမုဒ္ဓရာရဲ့ တဖက် တချက် ဒေသတွေမှာ ဒီကနေ့ အင်္ဂါနေ့မှာ ငလျင်လှုပ်တာတွေ၊ မီးတောင် ပေါက်ကွဲတာတွေ ဆက်တိုက် ဖြစ်နေပါတယ်။ အမေရိကန် ပြည်ထောင်စု အလက်စကား ပြည်နယ် Kodiak Island ရဲ့ အရှေ့တောင်ဘက် ၂၈၀ ကီလိုမီတာ အကွာမှာ အင်အား ၈ ဒသမ ၂ မဂ္ဂနီကျူ ရှိတဲ့ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းထွာရေး ဌာနက ပြောဆိုပါတယ်။
အရေးပေါ် တာဝန်ရှိသူတွေက အလက်စကားပြည်နယ်နဲ့ ကနေဒါနိုင်ငံ British Columbia ကမ်းရိုးတန်း ဒေသ အများစုကို ဆူနာမီ ရေလှိုင်း သတိပေးချက် ထုတ်ပြန်ခဲ့သလို အမေရိကန် အနောက်ဘက်ကမ်းရိုးတန်း ဒေသ တခုလုံးနဲ့ ပစိဖိတ်ကျွန်း ဟာဝိုင်အီ ပြည်နယ်တို့ကို ဆူနာမီ စောင့်ကြည့်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒေသခံတွေကိုလည်း ကုန်းမြင့်တွေ ဒါမှမဟုတ်လည်း ကုန်းတွင်းပိုင်းကို ရွှေ့ပြောင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဆူနာမီ သတိပေးချက်ကို နောက်ပိုင်းမှာ ပယ်ဖျက်ခဲ့ပါတယ်။
ဒီ မတိုင်ခင် နာရီပိုင်းတွေ အတွင်းကတော့ ဂျပန်နိုင်ငံက နှင်းလျှောစီး အပန်းဖြေ စခန်း ရှိရာ အနီးမှာ မီးတောင် ပေါက်ကွဲတာကြောင့် ဂျပန် စစ်သား တဦး သေဆုံးခဲ့ပြီး လူအတော်များများ ဒဏ်ရာရခဲ့ပါတယ်။
ဖိလစ်ပိုင် နိုင်ငံမှာတော့ မေယွန် မီးတောင်က ရက်အတော်ကြာ လှုပ်ရှားမှုတွေ ရှိလာပြီးနောက် အန္တရာယ် ရှိတဲ့ အဆင့်အဖြစ် အာဏာပိုင်တို့က သတ်မှတ်ထားပါတယ်။ မီးတောင် ပတ်ဝန်းကျင် ၈ ကီလိုမီတာ ဝန်းကျင်ကို အန္တရာယ်ရှိ ဒေသ အဖြစ် သတ်မှတ်ထားပြီး ဒေသခံ ၄ သောင်းလောက်ကိုလည်း ပြောင်းရွှေ့ထားပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာတော့ ဒီကနေ့ အင်္ဂါနေ့ ပြင်းအား ၆ မဂ္ဂနီကျူရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် မြို့တော် ဂျကာတာမှာ လူတွေ လမ်းမတွေပေါ်ကို ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရပါတယ်။