သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးရောက်ဆေးရုံမှာ လူနာတဦး Ebola ရောဂါပိုး ရှိ မရှိ စစ်ဆေး


အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရဖွယ် လက္ခဏာရှိနေသူ လူနာတစ်ဦး ဆေးကုသမှုခံနေတဲ့ နယူးယောက်မြို့က Mount Sinai ဆေးရုံ။
အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရဖွယ် လက္ခဏာရှိနေသူ လူနာတစ်ဦး ဆေးကုသမှုခံနေတဲ့ နယူးယောက်မြို့က Mount Sinai ဆေးရုံ။

အီဘိုလာ ဗိုင်းရပ်ကူးစက်ခံရဖွယ် လက္ခဏာမျိုး လူနာတစ်ဦးကိုအမေရိကန်ပြည်ထောင်စု နယူးယောက်ဆေးရုံမှာ စမ်းသပ်တွေ့နေရပါတယ်။ အဲဒီလူနာဟာ အဖျားပြင်းပြီး အစာအိမ်လမ်းကြောင်းဆိုင်ရာပြဿနာနဲ့ Mount Sinai ဆေးရုံကို တနင်္လာနေ့အစောပိုင်းက ရောက်ရှိလာပြီး သူ့ကို အခု သီးခြားခွဲထုတ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သူဟာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ အာဖရိကတိုက်အနောက်ခြမ်းဒေသကို မကြာခင်က ခရီးသွားခဲ့သူဖြစ်ပါတယ်။ အာဖရိကတိုက်အနောက်ခြမ်း အီဘိုလာဗိုင်းရပ်စ် ပြန့်ပွားကူးစက်မှုကြောင့် သေဆုံးရတဲ့ အရေအတွက်ဟာ အခုဆိုရင် ၉၀၀ နီးပါး ရှိသွားပါပြီ။ Guinea ၊ Liberia နဲ့ Sierra Leone တို့မှာ အီဘိုလာဗိုင်းရပ်စ်ကြောင့် နောက်ထပ်သေဆုံးမှုတွေ ရှိခဲ့တာကြောင့်ပါ။

သေဆုံးသူ အရေအတွက် ၉၀၀ နီးပါး ဖြစ်သွားပြီဆိုတာကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တနင်္လာနေ့က အတည်ပြု ထုတ်ပြန်ပေးခဲ့တာပါ။ ဇူလိုင် ၂၅ ရက်နေ့က နိုင်ဂျီရီးယားနိုင်ငံ Lagos မှာတော့ အီဘိုလာရောဂါပိုးတွေ့တဲ့ ပထမဆုံးလူနာကို ကုသပေးခဲ့သူ ဆရာဝန်ဟာ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် နိုင်ဂျီးရီးယားမှာ ဒုတိယမြောက် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူအဖြစ် အာဏာပိုင်တွေက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

အာဖရိကတိုက်အနောက်ခြမ်းတလွှားမှာ အီဘိုလာရောဂါပိုး ကူးစက်ခံရသူအရေအတွက်ဟာ အခုဆိုရင် ၁,၆၀၃ ဦးရှိသွားပြီး သေဆုံးသူဟာ ၈၈၇ ဦး ရှိသွားပြီလို့ WHO က ကြေညာခဲ့ပါတယ်။ Liberia နိုင်ငံမှာ အီဘိုလာပိုးကူးစက်ခံရသူ ရောဂါသည်တွေကို ကုသပေးရင်း အီဘိုလာပိုးကူးစက်ခံခဲ့ရတဲ့ အမေရိကန် ဆရာဝန်တဦးကတော့ အခြေအနေသက်သာလာပြီလို့ သိရပါတယ်။ သူ့ကို အမေရိကန်ပြည်ထောင်စု Atalanta မြို့က Emory တက္ကသိုလ် ဆေးရုံကို ခေါ်ယူကုသပေးနေတာဖြစ်ပါတယ်။

Dr.Kent Brantly ကို Liberia နိုင်ငံက မထွက်ခင်မှာ စမ်းသပ်ဆေးတမျိုး ထိုးပေးခဲ့တယ်လို့ သူအလုပ်လုပ်တဲ့ ခရစ်ယာန်စေတနာဝန်ထမ်းအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် သူကုသပေးခဲ့လို့ အီဘိုလာဗိုင်းရပ်စ်ပိုးကနေ အသက်ရှင်ကျန်ရစ်သူ ၁၄ နှစ်အရွယ် ကလေးငယ်ဆီကလည်း သွေးကို သူ့ဆီသွင်းပေးထားတယ်လို့ ဆိုပါတယ်။ အီဘိုလာပိုးကူးစက်ခံရသူ နောက်တဦးဖြစ်တဲ့ အမေရိကန်သာသနာပြုပုဂ္ဂိုလ် Nancy Writebol ကိုတော့ အခု အင်္ဂါနေ့ အမေရိကန်ကို ပြန်ခေါ်လာဖို့ ရှိနေပါတယ်။ သူ့ကိုလည်း အဲဒီ Emory တက္ကသိုလ်ဆေးရုံမှာ ကုသပေးဖို့ ရှိနေတာပါ။

XS
SM
MD
LG