အနောက် အာဖရိကတိုက်မှာ အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၁၄၅ ယောက်အထိ ရှိသွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်နေတယ်လို့ မသင်္ကာသူနဲ့ အတည်ပြုနိုင်တဲ့ ဝေဒနာရှင် စုစုပေါင်း ၁၅၂ ဦး လက်ခံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ ၂ ရက်အတွင်းမှာပဲ သေဆုံးအရေအတွက်ဟာလည်း ၇၆ ယောက်ရှိခဲ့တယ်လို့ WHO က သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြ ထားပြီး သေဆုံးသူ အများစုဟာ လိုင်ဘေးရီးယားနိုင်ငံကလို့ ဆိုပါတယ်။
အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့ ဝေဒနာရှင်တွေကို ကူညီပေးနေတဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ကတော့ သူတို့အနေနဲ့ ဒီကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် အခက်အခဲရှိနေတယ်လို့ သောကြာနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ရောဂါပိုး ပြန့်ပွားနေတဲ့ နေရာတွေကို ရောက်သွားတဲ့အခါ စစ်မြေပြင်လို ခံစားခဲ့ရတယ်လို့ အနောက်အာဖရိကတိုက်က ဗိုင်းရပ်စ်ပိုး ပြန့်ပွားနေတဲ့ ဒေသတွေ ကို သွားရောက် လေ့လာခဲ့တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့အကြီးအကဲ Joanne Liu က ပြောပါတယ်။
ရောဂါပိုး ကူးစက်ပြန့်ပွားတဲ့ ပမာဏက ကြီးမားလွန်းတဲ့အတွက် ကျန်းမာရေး ကုသပေးတဲ့ဌာနတွေမှာပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီလို့ Joanne Liu က ပြောပါတယ်။