ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသတွေက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။
ကယားပြည်နယ်အတွင်း
ရွေးကောက်ပွဲကော်မရှင်က ကယားပြည်နယ်အတွင်းမှာရှိတဲ့ ကျေးလက်တောရွာဒေသတွေနဲ့ အစိုးရတပ်တို့ လုံခြုံရေး မယူနိုင်တဲ့ နေရာတွေကို မဲရုံတွေဖျက်သိမ်းတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြို့နဲ့အလှမ်းဝေးတဲ့ နေရာဒေသတွေဖြစ်တဲ့ လွယ်လင်၊ ဒေါတမကြီး၊ ကွန်နန်းနဲ့ဟိုယာ စတဲ့ကျေးရွာ တော်တော်များများမှာရှိတဲ့ မဲရုံတွေ ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။
ဖျက်သိမ်းမခံရတဲ့မြို့နဲ့ နီးစပ်တဲ့ဒေသတွေကိုတော့ ရပ်ကွက်ကိုယ်စား တရပ်ကွက်ကို ၁၀ ယောက်လောက် ခေါ်ယူပြီး မဲထည့်ပုံ ထည့်နည်းကို သင်ကြားပို့ချပေးပြီး မိမိတို့ရဲ့ရပ်ကွက်ကို ပြန်ရောက်ရင် ပြန်လည်ပြောကြားခိုင်းတယ်လို့ လွိုင်ကော်ဒေသခံတယောက်က ပြောပါတယ်။
ဖျက်သိမ်းလိုက်တဲ့ ဒေသတွေမှာ လူစာရင်းတွေ ကောက်ထားပြီးဖြစ်တာမို့ ဒေသခံတွေက သူတို့ မဲမပေးရဘဲ မဲပေးပြီး ဖြစ်သွားမှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
မိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ
သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစိုင်းအောင်ကြည်က လူထု အပြည့်အဝထောက်ခံမဲ ပေးရင် ထိုင်း-မြန်မာနယ်စပ်ဂိတ်တခုဖြစ်တဲ့ ဘီပီဝမ်းဂိတ် ပြန်ဖွင့်ပေးမယ်လို့ ပြောဆိုစည်းရုံးနေပါတယ်။
အဲဒီဂိတ်ဟာဆိုရင် လွန်ခဲ့တဲ့နှစ်တွေက နယ်စပ်အရေးမတည်ငြိမ်လို့ ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေခဲ့တာပါ။ ဒီ ဂိတ်ဟာ ချင်းမိုင်ခရိုင်၊ ချင်းတောဝ်မြို့နယ်နဲ့ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ၊် ပုံပါကျင်မြို့နယ်ခွဲကြားမှာ ရှိပြီး နောက်ဆုံး ပိတ်ထားတာ ၂ နှစ်နီးနီး ရှိနေပါပြီ။
အခုအခြေအနေမှာ အရေးပေါ်လူနာတွေ၊ ဒေသခံအာဏာပိုင်နဲ့ အဆက်အသွယ်ရှိတဲ့သူတွေပဲ ဖြတ်သန်းသွားလာနိုင်တဲ့အတွက် မိုင်းတုံ က လူတွေအနေနဲ့ တာချီလိတ်ဘက်က လာတဲ့ကုန်စည်တွေကိုပဲ အားထားနေရတယ်လို့ ရှမ်းတရုတ် ကုန်သည် အမျိုးသမီးတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ရခိုင်ပါတီ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရခိုင်ပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ အပြိုင်စည်းရုံးရာမှာ ရခိုင်ပါတီကို ထောက်ခံသူ ပိုများတယ်လို့ စစ်တွေ မြို့ခံတွေက ပြောပါတယ်။
မနေ့က စစ်တွေမြို့ တရားသီးစုရပ်ကွက်မှာ ကြံ့ဖွံ့ပါတီက စာရေးဆရာ ကျွန်းသားငမန်း၊ အငြိမ်းစားဗိုလ်မှူး ကျော်ဇံလှနဲ့ ဒေါက်တာ ချမ်းသာတို့ ဟောပြောပွဲပြုလုပ်တဲ့နေရာကို လာရောက်နားထောင်သူ ၃၀ လောက် သာရှိခဲ့ပါတယ်။
ဒါပေမယ့် ရပ်ကွက်ချင်းကပ်နေတဲ့ လမ်းမတော်မြောက်ရပ်ကွက်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဟောပြောတဲ့နေရာကို တော့ လူထု ၄၀၀ လောက် လာရောက်နားထောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ စည်းရုံးရေးခရီးဆင်းရာမှာ သက်ဆိုင်ရာ အာဏာပိုင်တို့က နှောင့်ယှက် တားဆီးနေတာကြောင့် စည်းရုံးရေးကို တအိမ်တက်တအိမ်ဆင်းပြီး လုပ်ဆောင်နေရပါတယ်လို့ စည်းရုံးရေးမှူးတစ်ဦးက ပြောပါတယ်။
ကျွန်မက ချမ်းလွန်ပါ။ ခု သတင်းဆောင်းပါး တပုတ်ကြားကြရမှာပါ။ ကရင်နီဒေသမှာတော့ ဒေသခံတိုင်းရင်းသား မျိုးနွယ်စုတွေထဲက ကယန်းမျိုးနွယ်စုတွေရဲ့ ကယန်းအမျိုးသားပါတီသာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီပါတီတခုထဲနဲ့ ကရင်နီ လူမျိုးစုအားလုံးကို ကိုယ်စားပြုနိုင်မလား၊ ကရင်နီတွေက ဘယ်လိုမြင်ကြသလဲ ဆိုတာ ဒေလီထက်က စုစည်းတင်ဆက်ပေးထားပါတယ်။
ကယန်းအမျိုးသားပါတီဟာ မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ ကယန်းပြည်သစ်ပါတီကို အခြေခံပြီး ဖွဲ့စည်းထားတာပါ။
ကယန်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ကခေါင်းဆောင်တွေ ပါဝင်တဲ့အတွက် ထောက်ခံမှု တစုံတရာကိုတော့ ရထားတယ်လို့ ကယန်း အမျိုးသမီး အဖွဲ့မှ ဆိုဖီယာက ပြောသွားပါတယ်။
“ကယန်းစာပေရဲ့ ယဉ်ကျေးမှုဆိုတော့ လူအများလေးစားတဲ့အထဲမှာ သူတို့လည်းပါတယ်။ နားမလည်တဲ့ အဲလိုမျိုး လူတွေကတော့ ကိုယ့်ကယန်း ကိုယ်အားပေး၊ ကိုယ့်ကယန်းမှ အားမပေးရင် ဘယ်သူအားပေးမလဲဆိုပြီး မဲထည့်ခိုင်းတယ်။”
ကရင်နီမျိုးနွယ်စုအတွင်းက ကယန်းလူမျိုးတွေဟာ ကယားပြည်နယ်လို့ခေါ်တဲ့ ကရင်နီပြည်ရယ်၊ ရှမ်းပြည်ရယ်၊ ကရင်ပြည်ရယ်၊ မန္တလေး တိုင်းရယ်ဆိုပြီးတော့ နယ်မြေ လေးပိုင်းကို ပိုင်းခြားပြီးတော့ နေထိုင်လာကြတာပါ။
ဒါကြောင့် ကယန်းအမျိုးသားပါတီဟာ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဖယ်ခုံမြို့နယ်၊ ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်အပြင် ကရင်ပြည်နယ်မြောက်ပိုင်း၊ သံတောင်မြို့နယ်တွေမှာ ပါတီကိုယ်စားလှယ်ပေါင်း ၁၃ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမှာဖြစ်ပါတယ်။
ကရင်နီအမျိုးသားလူငယ်အစည်းအရုံး ဥက္ကဋ္ဌ ဆန်းရှိုင်းကတော့ ပါတီအနေနဲ့ ဒေသခံပြည်သူတွေရဲ့ ဘဝတိုးတက်မှုကို လုပ်ပေးနိုင်မယ် မလုပ်ပေးနိုင်ဘူးဆိုတာ အခြေအနေတရပ်ပေါ်တော့ မူတည်လိမ့်မယ်လို့ ပြောပါတယ်။
“သူတို့ကရှင်းတယ်။ ကယန်းအမျိုးသားပါတီက သူတို့က ကယန်းအမျိုးသားတွေဘ၀ တိုးတက်အောင်။ ဘဝတိုးတက်အောင် လုပ်မယ်လို့ သူတို့အဲလိုပဲ အဲတခုပဲသူတို့ပြောတာလေ။ သူတို့ဒီ ကရင်နီမျိုးနွယ်စုထဲက ကယန်းအတွက်ပဲလုပ်မယ်ဆိုတော့ ဒီတခြားမျိုးနွယ်စု အတွက်ကတော့ လုပ်ပေးမယ့်ပုံမပေါ်ဘူးပေါ့”
ကယန်းဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်မယ်လို့ကယန်းအမျိုးသားပါတီက ကြွေးကြော်နေပေမယ့် တကယ့်လက်တွေ့မှာတော့ ဖြစ်လာနိုင်စရာမရှိဘူးလို့ ကယန်းမျိုးဆက်သစ်လူငယ်တွေက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ခွန်းရော်ဘင်ဆန်ကတော့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဖြစ်ပါတယ်။
“ကယန်းအမျိုးသားပါတီထဲမှာ တစည အဖွဲ့ဝင်ဟောင်းတွေ၊ ကြံ့ဖွံ့ရဲ့အဖွဲ့ဝင်၊ လမ်းစဉ်လူငယ်ရဲ့အဖွဲ့ဝင်ဟောင်းတွေလည်း ပါဝင်ပြီးတော့မှ ကယန်းအမျိုးသားပါတီ နာမည်ခံပြီးတော့မှ ဖွဲ့စည်းခွင့်ရှိတယ်ပေါ့နော် ။ အဲဒါကြောင့် ကယန်းလူငယ်အနေနဲ့ ကယန်းလူထုအနေနဲ့ပါ လက်မခံရခြင်းဖြစ်တယ်”
၁၉၉၀ ရွေးကောက်ပွဲမှာ လွတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရတဲ့ ကယန်းအမျိုးသား ခွန်းမားကိုဘန်းက ကယန်းပါတီရှိပေမဲ့လည်း ကယန်းအမျိုးသားတွေအတွက် မျှော်လင့်စရာသိပ်မရှိဘူးလို့ ပြောပါတယ်။
“ဒါ အခုက ကိုယ့်ပါတီရှိပါတယ်၊ ကိုယ့်လူမျိုးရှိပါတယ် ဆိုပြီးတော့ ပြသတဲ့အနေနဲ့ကလွဲလို့ ဘာမှဥပဒေပြုအာဏာ အုပ်ချုပ်အာဏာ၊ တရားရေးရာအာဏာ ဘာ တစ်ခုမှ လုပ်နိုင်မှာမဟုတ်ဘူး။”
ကယန်းတိုင်းရင်းသားလူမျိုးစုကို လက်မခံလို့၊ ပါတီထောင် လူပုဂ္ဂိုလ်ကို မုန်းလို့မဟုတ်ဘဲ စစ်အာဏာရှင်ကြီးစိုးမယ့် ၂၀၀၈ ဖွဲ့စည်းပုံ ကြောင့် ကယန်းအမျိုးသားပါတီအနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ရင်လည်း ဘာမှမလုပ်ပေးနိုင်ဘူးလို့ ခွန်းမားကိုဘန်းက ပြောသွားပါတယ် ရှင်..။