သုံးရလွယ်ကူစေသည့် Link များ

တိုင်းရင်းသားဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ


ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့ အတူ တင်ဆက်သွားမှာပါ။

တသီးပုဂ္ဂလ ချင်းကိုယ်စားလှယ်ကို ချင်းတိုးတက်ရေးပါတီက အသရေဖျက်မှုနဲ့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြား

ကလေးမြို့မဲဆန္ဒနယ်မှာ တသီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ပူး ဧနောခ်ကို ချင်းတိုးတက်ရေးပါတီ (စီပီပီ) က ပါတီဥက္ကဋ္ဌကို ပုဂ္ဂိုလ်ရေး စွပ်စွဲမှုများ ပြုလုပ်တာကြောင့် အရေးယူပေးဖို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို တိုင်တမ်းလိုက်တယ်လို့ စီပီပီ ပါတီ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့က ပူး ဧနောခ် တို့အဖွဲ့ လူထုစည်းရုံးဟောပြောမှာ ပေး ဝေတဲ့ လက်ကမ်းစာစောင်မှာ ချင်းတိုးတက်ရေး ပါတီရဲ့ ဥက္ကဋ္ဌ ပူး နိုးထန်ကပ်၏ ပုဂ္ဂိုလ်ရေးအကြောင်းများ ရေးသားထားသဖြင့် အရေးယူပေးရန် တင်ပြခြင်း ဖြစ်ပါတယ်။

အတိုင်ခံရတဲ့ ပူးဧနောခ်က ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ နီးစပ်သူဖြစ်ပြီး သူဖြန့်ဝေတဲ့ လက်ကမ်းစာစောင်မှာ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့တိုင်းဒေသ ကြီးလွှတ်တော်များအတွက် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ရန် ချင်း တိုင်းရင်းသား လွှတ်တော်အတွက်မူ သူ့ကို မဲထည့်ဖို့ ဖော်ပြထားတယ်လို့ လက်ကမ်းစာစောင် ဖတ်ရသူတယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက မူဆလင်အမျိုးသား ၅ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှာ ကြံ့ဖွံ့ပါတီကစိုက်ထူထားတဲ့ မြေစိုက်ဆိုင်းဘုတ်ကို ဖျက်ဆီးတဲ့အတွက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင် တမန်းသားကျေးရွာက မူဆလင်အမျိုးသား ၅ ယောက်ကို စစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။

ကြံ့ဖွံ့ပါတီရဲ့ ဆိုင်းဘုတ်ကို တနင်္လာနေ့ ညအချိန်မှာ ဖျက်ဆီးခဲ့ကြတာပါ။ ဖမ်းထားတဲ့ လူ ၅ ယောက်ကို မောင်တောနယ်မြေ အမှတ် ၂ န၊ စ၊ က စခန်းမှာ စစ်ဆေးနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ကြံ့ဖွံ့ပါတီကလည်း လက်တုန့်ပြန်တဲ့အနေနဲ့ မနေ့က နေ့လည်ပိုင်း ငခူရကျေးရွာ ဘောလုံးကွင်းမှာ မဲဆွယ်စည်းရုံးဖို့လာတဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်တွေကို ရွာထဲကိုဝင်ခွင့်မပေးဘဲ ဟန့်ထား ခဲ့တဲ့အတွက် နှစ်ဘက်အငြင်းပွားမှု တွေ ဖြစ်ပွားခဲ့ကြပါတယ်။

မြစ်ကြီးနား NDF ပါတီပိုစတာ ဖြန့်ဝေမှုကို စတင်ဖြန့်ဝေ

မြစ်ကြီးနားမြို့၊ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက ဆိုင်းဘုတ် အဖြုတ်ခံ လိုက်ရလို့ ရပ်ဆိုင်းထားတဲ့ မဲဆွယ်ပွဲ ပိုစတာတွေ ကို ဒီကနေ့ စတင်ဖြန့်ဝေပြီး မြို့အနှံ့ လိုက်ကပ်နေပြီလို့ NDF ပါတီ ကိုယ်စားလှယ် ဦးမာခါးက ပြောပါတယ်။

မြစ်ကြီးနားမြို့၊ ဧဒင်နဲ့ ဒူကထောင် လူသွားလူလာများတဲ့ လမ်းဘေးအိမ်ရှေ့မှာ ပြည်သူ့ စစ် ဘဝသစ်ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ တစ်ခါသေ ဖူး ပျဉ်ဖိုး နားလည်ဆိုသလို အတိတ် သင်ခန်းစာယူပြီး အနာဂတ်အတွက် အကောင်းဆုံးရွေးချယ်သင့်ပါတယ်။ မင်းသား ခေါင်းဆောင်း ထားပြီး ကိုယ်ပိုင်ဦးနှောက်နဲ့ အလုပ်မလုပ်တဲ့ ဒီပုတ်ထဲက ဒီပဲ မဖြစ်အောင် ကျနော်ကြိုးစားသွားမယ်လို့ အာမ ခံပါရစေ ဆိုတဲ့ စာသားတွေပါတဲ့ ပိုစတာတွေ ကပ်ထားတဲ့ ဆိုင်းဘုတ်ကို တနင်္လာနေ့ ညက အဖြုတ်ခံခဲ့ရတာပါ။

ခုလို သံမှိုနဲ့ အခိုင်အမာ စိုက်ထူထားတဲ့ ဆိုင်းဘုတ်ဖြုတ်ခံရတာကြောင့် မည်သူမည်ဝါ ဖြုတ်တယ်ဆိုတာကို သဲလွန်စ လိုက်လံစုံစမ်း နေကာ ဒီနေ့ မနက်မှ ပို့စတာများ မြစ်ကြီးနား တစ်မြို့တွင် စတင် လိုက်လံကပ်နေပြီဖြစ်တယ်လို့ ဦးမာခါးက ပြောပါတယ်။

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း မဲဆန္ဒရှင်ဦးရေနဲ့ မဲရုံအရေအတွက် မမျှမတ ဖြစ်နေ

မွန်ပြည်နယ် မုဒုံမြို့နယ်မှာ မဲဆန္ဒရှင် အရေအတွက်နဲ့ မဲရုံ အရေအတွက် မညီမမျှ ဖြစ်နေတယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဝင်တဦးက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင် ကြေညာချက်တွေအရ မဲဆန္ဒရှင် ၃၀၀ တွင် မဲရုံ တရုံခန့် ရှိရ မယ်လို့ ဆိုထားပေမဲ့ မဲဆန္ဒရှင် ၂၆၀၀ ရှိသည့် ခပီထောကျေးရွာ၊ မဲဆန္ဒရှင် ၂၅၅၅ ဦး ရှိသည့် ကျိုက်ရွှဲရွာနှင့် မဲဆန္ဒရှင် ၄၅၀၀ ဦးရှိသည့် ကလောသော့ ကျေးရွာ သုံးခုပေါင်း တွင် မဲရုံ သုံးရုံပဲ ရှိမှာ ဖြစ်တယ်လို့ မုဒုံမြို့နယ်တဝိုက်မှာ မဲဆွယ်စည်းရုံးရေးဆင်းတဲ့ မွန် လူငယ်တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ် မုဒုံမြို့နယ်မှာ မဲဆန္ဒရှင်ပေါင်း ၁ သိန်းကျော်ရှိရာမှာ မဲရုံစုစုပေါင်း ၉၆ ရုံပဲ ရှိမှာ ဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ ရှိကြတဲ့ ဒေသခံတွေနဲ့ တနယ်တကျေး ရောက်နေကြတဲ့ လူတွေ မဲပေးဖို့ ဘယ်လို အခက်အခဲတွေ ရှိတယ်ဆိုတာ ဆိုင်းဂျာက စုစည်းထားပါတယ်။

ကျွန်မက ချမ်းလွန်ပါ။ အခု ကချင်ပြည်နယ်က ဆောင်းပါးတပုတ်ကို ကြားကြရမှာပါ။ မြန်မာနိုင်ငံရဲ့ အဓိက ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်မြို့နယ်ဟာ စီးပွားရေုးလုပ်ငန်းမှာ လူသိများတဲ့မြို့နယ်ဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ လာရောက် အလုပ်လုပ်ကြတဲ့ နေရာ ဒေသတစ်ခုဖြစ်ကာ ဒေသခံတွေ ဘယ်မှာမဲထည့်ရမယ်ဆိုတာ အခက်အခဲတွေရှိနေ ကြောင်း မဆိုင်းဂျာမှ စုစည်းတင်ပြထားပါတယ်။

ဒီမြို့လေးဟာ ကျောက်စိမ်းမှော်၊ ရွှေမှော်တို့ဖြင့် လူစည်ကားလှပါတယ်။ ဒီမြို့နယ်မှာ ဒေသခံလူထုဟာ အနည်းငယ်သာရှိပြီး အခြား နေရာဒေသအသီးသီးမှ လာရောက် လုပ်ငန်းလုပ်ကိုင်ကြတဲ့ ပြည်သူတွေက ပိုများနေပါတယ်။

နှစ်ရှည် လကြာနေထိုင်ခဲ့တဲ့ ဒေသခံတွေ မှတ်ပုံတင်မရရှိဘဲ အစိုးနဲ့နီးစပ်တဲ့ ကုမ္ပဏီ ဝန်ထမ်းတွေမှာ မှတ်ပုံတင် လွယ်လင့်တကူ ရရှိနေပါတယ်လို့ ဖားကန့်မြို့နယ်မှ အမျိုး သား ဒီမိုကရေစီ အင်အားစု ပါတီမှ အမတ်လောင်းဝင်ပြိုင်မယ့် ဒေါ်ဘောက်ဂျာက ခုလို ပြောပါတယ်။

“ဒီရွေးကောက်ပွဲမှာဆိုရင် ဒေသခံတွေကတော့ အများပိုင်းတော့မရှိဘူး။ ဒီဖားကန့်ဒေသ မှာက နေရာတကာရွှေမှော်ရှိတယ်၊ ကျောက်စိမ်းမှော်တွေရှိတယ်၊ ဒါတွေအားလုံးဟာ ဒေသခံတွေမဟုတ်ဘူး၊ တခြားဒေသခံတွေဖြစ်တယ်၊ ပြီးတော့ ယုဇန လူတွေဆိုတော့ လူသုံးလေးရာကို။ ဒေသခံတွေကျတော့ အိမ်ထောင်စုတွေ ဘာတွေ လုပ်ချင်ပါတယ်ဆို မလုပ်ပေးဘူး၊ ဒါမေမဲ့ ယုဇနက လူတွေဆို အားလုံးလုပ်ပြီးသား။”

အခုလို အပြင်ကနေ လာရောက် နေထိုင်ကြတဲ့ ပြည်သူတွေ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် သက်မှတ်ထားတာ မရှိတာကြောင့်မို့ ဘယ်မှာ မဲထည့် ရမယ် ဆိုတာ မသိပဲဖြစ်နေတယ်လို့ စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသူ တစ်ယောက်မှ အခုလို ပြောပါ တယ်။

“အားလုံးက ဧည့်သည်တွေပဲ၊ တကယ့်ဒေသခံက အိမ်ခြေ ၁၀၀ ကျော်ပဲရှိတယ် လုံးခင်း၊ ဖားကန့်ပေါ့၊ လူတစ်ထောင်လောက် မရှိဘူး။ ဖားကန့် ဒီ ဥရုချောင်းတစ်လျှောက်၊ မြို့နယ် အလိုက်မဟုတ်ဘဲနဲ့ ဖားကန့်ဒေသပေါ့နော။ ပြည်သူတွေက တစ်သိန်းကျော်လောက် ရှိမယ်၊ အဲဒီ ရွေးကောက်ပွဲမှာ မဲထည့်ဖို့အခြေအနေကတော့ လောလောဆယ် ကျနော်တို့ မည်သည့် အကြောင်းအရာမှ မသိဘူး၊ လုံးဝကို အကြောင်းပြန်ကြားချက်မရှိလို့ လုံးဝကို မသိရသေးဘူး”

မှတ်ပုံတင်လုပ်ဖို့ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ ပြည်သူတွေအတွက် ဘယ်မှာ မဲထည့်ရမယ်ဆိုတာ မသိဘဲ ဖြစ်နေပါ တယ်လို့ ဖားကန့်မြို့မှ ဆန်ကုန်သည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အိမ်မှာပဲ မဖြစ်မနေထည့်ရမယ်ဆိုရင် ရွာမှာ ထည့်ရမှာပေါ့။ ခုလောလောဆယ်တော့ ဒီမှာတော့ မသိသေးဘူး။ လူကြီးတွေ ခုလောလောဆယ် ဘာမှ မပြောသေးဘူး၊ မှတ်ပုံတင်လည်းမထုတ်ပေးဘူး”

မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အခြာကျ နယ်စပ်ဒေသတစ်ဖြစ်တဲ့ တာချီလိတ်မြို့နဲ့ ကော့သောင်းမြို့တွေမှာ ရပ်ဝေးကလာတဲ့သူတွေကို နေရပ်ဌာနေကို ပြန်စရာမလို အောင် ယာယီ အိမ်ထောင်စုစရင်း (ပုံစံ ၁၀) များကိုလုပ်ဆောင်ပေးနေပေမဲ့ ဖားကန့်မှာတော့ အခုချိန်ထိ တစုံတရာ လုပ်ဆောင်ပေးတာ မရှိသေးပါဘူးရှင်။

XS
SM
MD
LG