တရုတ်နိုင်ငံမှာ အသက် ၆၀ အထက် သက်ကြီးပိုင်းလူဦးရေ အလျင်အမြန် တိုးလာနေတာနဲ့အတူ သက်ကြီးပိုင်း လူထုနဲ့ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ကြီးထွားလာနေပါတယ်။ AP သတင်းဆောင်းပါးကို ဒီသီတင်းပတ်စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစား Zhang Zhili တယောက် ဘတ်စ်ကား တနာရီစီးပြီး သက်ကြီး ပညာရေး စင်တာကိုသွားပါတယ်။ တခြားသော အငြိမ်းစားသင်တန်းသူတွေနဲ့အတူ အာဖရိကဗုံကို စည်းချက်ညီညီ တီးခတ်လေ့ကျင့်နေပြီးစည်းချက်တိုင်းက သူမကို ရွှင်လန်းတက်ကြွစေပါတယ်။ အသက် ၇၁ နှစ် အရွယ် Zhang ဟာ ဘေဂျင်းက သက်ကြီးတက္ကသိုလ်မှာ မိတ်ဆွေ အသစ်တွေနဲ့ ပျော်စရာတွေကို တွေ့ရှိထားတာပါ။ အာဖရိကဗုံသင်တန်းအပြင် မူလတန်းပြဆရာမဟောင်း Zhang က အကသင်တန်းလည်း တက်ပါတယ်။ သင်တန်း ၂ ခုအတွက် သင်တန်းကာလ တခုကို ဒေါ်လာ၂၈၀ လောက် ပေးရပါတယ်။ အကသင်တန်းမှာ ယုံကြည်ချက်အပြည့် တက်တက်ကြွကြွနဲ့ပါဝင်နေတဲ့ သူမ အနေနဲ့ယုံကြည်ချက်လည်း ပိုရှိလာပါတယ်။ သင်တန်းတွေ အပြီးမှာတော့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အချိန်ဖြုန်းပါတယ်။ ဒီလို သင်တန်းတွေကြောင့် တိုးတက်မှု ရှိလာတယ်လို့ Zhang က ပြောပါတယ်။
“ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာသလို စိတ်လည်း ချမ်းသာပါတယ်။ အသက်ကြီးလာရင် ကျမတို့ ဘာလိုလာလဲ ဆိုတော့ကိုယ့်ကိုယ့်ကိုယ် ကောင်းကောင်းပြုစု၊ ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ချစ်ရပါမယ်။”
သူမနဲ့ အတန်းတူ တက်တဲ့ အသက် ၆၀ အရွယ် Cai Guixia က အာဖရိက ဗုံတီးသင်တန်းနဲ့ မော်ဒယ်လ် သင်တန်းတွေကိုတက်ပါတယ်။ အစိမ်းရောင် ၂ ထပ် ဆွယ်တာနဲ့ ချည်ထိုး စကပ်ကို ဝတ်ပြီး မော်လ်ဒယ် လျှောက်လှမ်းမှာ သင်ယူထားတဲ့အတိုင်း လမ်းလျှောက်နေပါတယ်။
“ အသက်ကြီးလာတော့ လမ်းလျှောက်တာအပါအဝင် အားလုံး ကျလာတယ်လို့ ခံစားရပါတယ်။ စိတ်ချမ်းသာတယ်လို့လည်း မထင်ပါဘူး။ ဒီမှာ သင်တန်းတွေ တက်ပြီးသွားတဲ့ အခါမှာတော့ သိပ်ကို ယုံကြည်မှု ရှိလာပါတယ်။လမ်းလျှောက်တဲ့ အခါမှာလည်း ဒီ သင်တန်းတွေကို စိတ်ထဲထည့်ပြီး ခါးကို မတ်မတ်ထားလမ်းလျှောက်ပါတယ်။ သိပ်ပြီး စိတ်တိုင်းကျပြီး စိတ်ချမ်းသာ ရပါတယ်။ ”
ဘေဂျင်း အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ Shunyi သက်ကြီးတက္ကသိုလ်မှာ ကျောင်းသူ ကျောင်းသား ၁၅၀ ထဲမှာ Cai နဲ့ Zhang တို့လည်း အပါအဝင် ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မေလ မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီတက္ကသိုလ်မှာတော့ အကသင်တန်းတွေ၊အဆို သင်တန်းတွေ၊ ယောဂနဲ့ မော်ဒယ်သင်တန်းတွေရှိပြီး သင်တန်း ကာလ တခုအတွက် ဒေါ်လာ ၁၄၀ ပေးရပါတယ်။
တရုတ်နိုင်ငံမှာ ၂၀၂၃ ခုနှစ် အတွင်း အသက် ၆၀ အထက် သက်ကြီး လူဦးရေက တနိုင်ငံလုံး လူဦးရေရဲ့ ၅ ပုံ တပုံ ဖြစ်တဲ့ ၂၉၇ သန်း ရှိပြီး သက်ကြီး လူဦးရေက အလျင်အမြန် တိုးတက်လာနေပါတယ်။ လာမယ့် ၂၀၃၅ ခုနှစ် အရောက်မှာလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော် ဖြစ်တဲ့ သန်း ၄၀၀ ထိ သက်ကြီး လူဦးရေ စာရင်းတိုးလာမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒါကြောင့်လည်း သက်ကြီး လူထု အတွက် ဝန်ဆောင်မှုတွေ ထုတ်ကုန်တွေ တိုးလာစေပြီး တရုတ် အစိုးရကတော့သက်ကြီးသူတွေနဲ့ ဆက်စပ် စီးပွားရေးဟာ လက်ရှိ ဒေါ်လာ ၉၈၂ ဘီလျံကနေ လာမယ့် ၂၀၃၅ ခုနှစ် အရောက်မှာဒေါ်လာ ၄ ဒသမ ၂ ထရီလီယံထိ ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
မြို့ပြနေ တရုတ် သက်ကြီးသူ အများအပြားကတော့ စွန့်ပစ်ခံရမယ့်အရေးနဲ့ အရည်အသွေး မကောင်းမယ့်အရေး စိုးရိမ်ချက်ကြောင့် အစဉ်အလာ ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာတွေထက် တခြားသော ရွေးချယ်စရာတွေဘက်ကို လှည့်လာကြပါတယ်။ ဒါကြောင့်လည်း သက်ကြီး တက္ကသိုလ်တွေ၊ အိမ်တိုင်ယာရောက် စောင့်ရှောက်မှု ဝန်ဆောင်မှုတွေနဲ့သက်ကြီးပိုင်းတွေ နေတဲ့အိမ်ယာတွေဟာ နိုင်ငံတဝန်းမှာ ဖွံ့ဖြိုးလာနေပါတယ်။
ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာ ၂ ခုကို ပိုင်ဆိုင်သူ Liu Xiuqin က ဒီ စီးပွားရေး အခွင့်အလမ်းကို မြင်ပြီး ဒေါ်လာ ၁သိန်း ၁ သောင်း ၂ ထောင် ရင်းနှီးမြှုပ်နှံမှုနဲ့ သက်ကြီး တက္ကသိုလ်ကို ဖွင့်လှစ်ခဲ့တာပါ။ ဒါပေမဲ့ အမြတ်ထွက်ဖို့ကတော့စိန်ခေါ်ချက် တခု ဖြစ်ပါတယ်။ နောက်နှစ်လောက်ထိ ဒါမှမဟုတ်လည်း ဒီထက် ကြာနိုင်ပေမဲ့ Lui ကတော့ စိတ်ရှည် သူပါ။ ၁၉၆၀ ပြည့်လွန်နှစ်များနဲ့ နှောင်းပိုင်းမှာ မွေးဖွားလာ သူတွေက သူတို့ မိဘတွေနဲ့ယှဉ်ရင် ကျန်မာရေးနဲ့ လူနေမှု စနစ်ကောင်းကို ပိုပြီး တန်ဖိုးထားလာမယ်လို့ သူမက ယုံကြည်ပါတယ်။
“အသက်ကြီးသူတွေနဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်တဲ့ နေရာမှာ အကျိုးအမြတ် မြန်မြန် ထွက် တာမျိုးတော့ မဟုတ်ပါဘူး။ ရေရှည် အတွက် စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။”
ဘေဂျင်းမြို့တော် အနောက်မြောက်ပိုင်း ဆင်ခြေဖုံး ဒေသမှာတော့ သက်ကြီး လူဦးရေ ၃၁၀၀ လောက် နေထိုင်တဲ့ ဈေးကြီးတဲ့ သက်ကြီး ရပ်ကွက် တခု ဖြစ်ပြီး Taikang အာမခံလုပ်ငန်းက ၂၀၁၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာပါ။ ယန်ဥယျာဉ်လို့နာမည်ပေးထားတဲ့ သက်ကြီး ရပ်ကွက်မှာ ကျန်းမာရေး စောင့်ရှောက်မှု၊ အပန်းဖြေ အနားယူရာ နေရာနဲ့ တခြားသောဝန်ဆောင်မှု အများအပြားကို ထည့်သွင်းထားပါတယ်။ အသက် ၇၅ နှစ် အရွယ် Cao Jianxin ကတော့ သူမရဲ့ မိဘတွေယောက္ခမတွေ ကို စောင့်ရှောက်ခဲ့ရချိန်က စိတ်ပင်ပန်းခဲ့ရတာတွေကို ပြန်ပြောပြပါတယ်။ သူမရဲ့ တဦးတည်းသောသမီးကို သူ့လို စိတ်ပင်ပန်းမှုတွေ မခံစေချင်တာကြောင့် သူတို့ ဇနီး ခင်ပွန်း ၂ ဦးတို့ အိမ်ရောင်းပြီး ယန်ဥယျာဉ် အိမ်ယာကို ပြောင်းခဲ့ကြတာပါ။ ယန် ဥယျာဉ်အိမ်ယာ အခန်းတခုမှာ သူတို့နေကြပြီး တလကို ဒေါ်လာ ၂,၈၀၀ လောက် ကျသင့်ပါတယ်။
တရုတ်မှာ နှစ်ပေါင်း ထောင်ချီ တည်ရှိခဲ့တဲ့ အသက်အရွယ် ကြီးရင့်သူများကို စောင့်ရှောက်ပေးရတဲ့ အလေ့အထက ကျမတို့ မျိုးဆက်မှာ အဆုံးသတ်သွားသင့်ပါပြီ။ ကိုယ့်မှာ သားသမီးတွေ ရှိထားရင် အသက်ကြီးလာရင် စောင့်ရှောက်မယ့်သူ ရှိတာပေါ့ ဆိုတာက အခုအချိန်မှာ အလုပ်မဖြစ်တော့ပါဘူး။ ကျမတို့ အသက်အရွယ် ကြီးရင့်လာချိန်မှာ သက်ကြီးစောင့်ရှောက်မှု စနစ်သစ် အတွေးအခေါ်သစ်ကို ကျမတို့ မလွဲမသွေကြုံရမှာပါ။ ဒီမှာဆိုရင် လူ အတော်များများကသက်ကြီး စောင့်ရှောက် ဂေဟာကို လာဖို့ အတွက် အိမ်တွေ ရောင်းခဲ့ကြသူတွေ ဒါမှမဟုတ်လည်း သူတို့ အိမ်တွေကို ငှားခဲ့ကြတာပါ။”
ယန် ဥယျာဉ်ရဲ့ အထွေထွေ မန်နေဂျာ Ge Ming က အခုလို ပြောပါတယ်။
"ဒီမှာ နေကြတဲ့ အသက်ကြီးပိုင်း ပုဂ္ဂိုလ်များဟာ လူထု အတွက် အများကြီး အကျိုးပြုခဲ့ကြသူတွေ ဖြစ်ပြီး ငွေကြေးလည်း အတော်လေး စုဆောင်းထားကြသူတွေပါ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုမှာ သူတို့ ကြွယ်ဝမှုလည်း တိုးလာပါတယ်။ တချို့ကတော့ သူတို့ နေအိမ်တွေကို ရောင်းပြီး ဒီက ဝန်ဆောင်မှုတွေကို ရယူဖို့ အတွက် သက်ကြီး စောင့်ရှောက်ရေး ဂေဟာကို လာကြတာပါ။"
အငြိမ်းစား တက္ကသိုလ် ပါမောက္ခ Guo Ying ကတော့ ၂၀၂၁ ခုနှစ်မှာ အကြီးစား ခွဲစိတ်မှု ၂ ခု ခံယူခဲ့ရပြီးနောက် ယန်ဥယျာဉ် အိမ်ယာက စောင့်ရှောက်မှုမျိုးသား မရရင် သူ အသက်ရှည်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“ဒီကို ဘာကြောင့် ရွေးချယ် ရသလဲ ဒါမှမဟုတ်လည်း သက်ကြီး စောင့်ရှောက်ရေး အတွက် ဘယ်လို အချက်တွေကိုစဉ်းစားကြသလဲဆိုရင် အကြောင်းရင်း ၂ ရပ် ရှိတယ်လို့ ထင်ပါတယ်။ တခုကတော့ ရုပ်ဝတ္ထုပိုင်း ဖြစ်ပြီး နောက် တချက်ကတော့ စိတ်ပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ ရုပ်ဝတ္ထုပိုင်းကတော့ ကျနော်တို့ အနေနဲ့ ချမ်းချမ်းသာသာ နေထိုင်ရေး ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာတော့ ကျနော်တို့ စံတန်ဖိုးတွေ အတိုင်း ကျင့်သုံးနိုင်မယ့် ဂုဏ်သိက္ခာရှိတဲ့ ပျော်ရွှင်ဖွယ် ဘ၀တခုကို နေထိုင်နိုင်ရေး ဖြစ်ပါတယ်။”
သက်ကြီးပိုင်း လူထုနဲ့ ဆက်စပ်တဲ့ စီးပွားရေးကို တရုတ် အစိုးရက ထောက်ပံ့ပေးတာဟာ အကျိုးအမြတ် ထွက်ပါတယ်။ တရားဝင် စာရင်းတွေ အရ တရုတ်နိုင်ငံမှာ သက်ကြီးစောင့်ရှောက်မှု ဂေဟာ ၄ သိန်း ၁ သောင်း ရှိနေပြီး လာမယ့်၂၀၁၉ ခုနှစ်မှာ ၂ ဆ တိုးလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။
Forum