သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာနဲ့ စီးပါွးရေးဂယက်


နိုင်ဂျီးရီးယားလေဆိပ်တွင် အီဘိုလာရောဂါပိုး ထိန်းချုပ်ရေး စစ်ဆေးနေစဉ်။
နိုင်ဂျီးရီးယားလေဆိပ်တွင် အီဘိုလာရောဂါပိုး ထိန်းချုပ်ရေး စစ်ဆေးနေစဉ်။

အနောက်အာဖရိကမှာ ဖြစ်ပွါးနေတဲ့ အီဘိုလာ ရောဂါဟာ ဂီနီ၊ လိုင်ဘီးရီးယား၊ ဆီရာယာ လေယွန်းနဲ့ နိုင်ဂျီးရီးယား နိုင်ငံတို့အပေါ် စီးပွါးရေးအရ ရိုက်ခတ်လာနိုင်ခြေရှိတယ်ဆိုပြီး ဆန်းစစ်လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါ့အပြင် အစိုးရတွေရဲ့ ဘဏ္ဍာရေး စီမံချက်တွေအပေါ်မှာလည်း ထိခိုက်နိုင်တယ် ဆိုပြီးတော့လည်း သုံးသပ်ထားပါတယ်။ အာရှဒေသတွင်းက မြန်မာနိုင်ငံလို တိုင်းပြည်တွေမှာလည်း ဒီရောဂါပိုးကူးစက်မှုကြောင့် ထိခိုက်လာနိုင်တဲ့ စီးပါွးရေးအခြေအနေနဲ့ ပါတ်သတ်ပြီး ဒီတပါတ် စီးပွါးရေးအစီအစဉ်မှာ ကိုအောင်အောင်က စုစည်း သုံးသပ် တင်ပြထားပါတယ်။

အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် စိုးရိမ်ထိတ်လန့်နေတဲ့သူတွေဟာ အစိုးရအနေနဲ့ သတိကြီးကြီးနဲ့ စောင့်ကြည့် ကိုင်တွယ်ဖို့ တောင်းဆို ဆန္ဒပြလာကြပါတယ်။ ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ သွေး ဒါမှမဟုတ် အရည်တွေကနေတဆင့် ဒီရောဂါကူးဆက်တာပါ။ ဒီလိုကူးစက်နိုင်တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးခဲ့ပြီး ဆေးရုံတချို့ကိုလည်း ပိတ်လိုက်ရပါတယ်။ စီးပွါးရေးဆိုင်ရင် လုပ်ငန်းတွေနဲ့ ပါတ်သတ်ပြီး စောင့်ကြည့်အကဲဖြတ်တဲ့ Moody အဖွဲ့ က အီဘိုလာရောဂါတိုက်ဖျက်ရေးဆောင်ရွက်တဲ့အခါမှာ နိုင်ငံ့ကုန်ကျစားရိတ် များပြားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ စီးပွါးရေးကျဆင်းမှုကြောင့် အခွန်ကောက်ခံမှုဂဏ္ဍမှာ ကျဆင်းလာပြီး ဒီအခြေအနေဟာ တိုင်းပြည်တွေရဲ့ တမျိုးသားလုံး အသားတင်ထုတ်လုပ်မှု GDP ကျဆင်းနိုင်တဲ့အထိ ရိုက်ခတ်နိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရတာပါ။

အာဖရိကတိုက်အတွင်း အခုလို ကူးစက်မှုကြောင့် စီးပွါးရေးဂဏ္ဍအပေါ် အရင်တကြိမ်ကထက် ပိုရိုက်ခတ်နိုင်တယ်လို့လည်း ထောက်ပြထားပါတယ်။ အခုတကြိမ် ဒီကူးစက်ရောဂါ ဖြစ်ပွါးတာဟာ လူဦးရေ ထူထပ်တဲ့ ဒေသမှာ ဖြစ်တဲ့အတွက် အခြေအနေက ပိုဆိုးနိုင်တာပါ။ နိုင်ဂျီးရီးယားနိုင်ငံမှာ မွေးဖွါးခဲ့သူ စီးပါွးရေးပညာရှင် Benjamin Akande ကတော့ ဒီလိုဖြစ်ပွါးလာနိုင်တဲ့အခြေအနေအပေါ် စိုးရိမ်နေတာပါ။

“အီဘိုလာ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကြောင့် စီးပါွးရေးအပေါ် ရိုက်ခတ်လာမှုဟာ မယုံကြည်နိုင်လောက်စရာ အခြေအနေတွေ ဖြစ်ပေါ်စေပါတယ်။ ဒီရောဂါပိုးကူးစက်ပျံ့နှံ့မှုဖြစ်ပွါးနေတဲ့ နိုင်ငံတွေရဲ့ စီးပွါးရေးအခြေအနေဟာ ရပ်ဆိုင်းသွားနိုင်တဲ့ အနေအထားအောက်မှာ ရှိနေပါတယ်” ဆိုပြီး မစ္စတာ Akande က ပြောသွားတာပါ။ အာဖရိက ဒေသတွင်းက Sierra Leone, Liberia, Guinea နိုင်ငံအတွေမှာ ရောဂါကူးစက်မှုတွေ ဖြစ်ပွားနေပြီး ကုသကာကွယ်ရေး အထောက်ကူ ပစ္စည်းတွေကလည်း အကန့်အသတ်နဲ့သာ ရှိနေတဲ့အတွက် ဒီ ကူးစက်ရောဂါကို ထိန်းချုပ်ဖို့ ကြိုးစားရာမှာ အခက်ခဲတွေလည်း အဲဒီနိုင်ငံအစိုးရတွေ တွေ့ကြုံနေရတာပါ။ ဒီရောဂါကြောင့် အခုအခါမှာ လူပေါင်း ၁၃၀၀ ကျော်သေဆုံးခဲ့ပြီးပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စာရင်းထုတ်ပြန်ထားပါတယ်။

Moody အဖွဲ့က အီဘိုလာရောဂါ ပိုးကူးစက်မှုကြောင့် လေကြောင်းခရီးစဉ်တွေ၊ တခြား အရေးပါတဲ့ စီးပွါးဖြစ်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေအပေါ် အချိန် တလ အနဲဆုံး ထိခိုက်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ လေကြောင်းလိုင်းတချို့ဆိုရင် သူတို့ရဲ့ လေယာဉ်ခရီးစဉ် တွေကို ရပ်ဆိုင်းထားသလို တချို့လေကြောင်းလိုင်းတွေက ခရီးသည်တွေ လေယာဉ်ပေါ်မတက်မှီ လက်ဆေးဖို့၊ နောက် ခန္ဓာကိုယ်အပူချိန်တိုင်းတာ စတာတွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။ ဒီလိုအခြေအနေတွေဟာ စီးပွါးရေး လုပ်ငန်းတွေအတွက် အထိနာပါတယ်လို့ စီးပါွးရေးလုပ်ငန်းရှင်တွေကလည်း ညီးညူနေကြပါတယ်။ ဒါပေမယ့်လည်း အီဘိုလာ ရောဂါပိုးထက် တခြားရောဂါလိုမျိုး ဥပမာ ငှက်ဖျာရောဂါကြောင့်သေဆုံးသူ၊ နောက် ဒီရောဂါကူးစက်မှုကြောင့် နောက်ဆက်တွဲ စီးပွါးရေးအပေါ် ရိုက်ခတ်တာဟာ ပိုပြီး အခြေအနေဆိုးခဲ့တဲ့အကြောင်း WESLEYAN တက္ကသိုလ်က WILLIAM JOHNSTON က အခုလို ပြောပါတယ်။

“၂၀၁၂ ခုနှစ်တုန်းကဆိုရင် ငှက်ဖျားရောဂါပိုး လူ သန်း ၂၀၀ ကျော်ကို ကူးစက်ခဲ့ပြီး အဲဒီထဲက ၆၂၇၀၀၀ သေဆုံးခဲ့ပါတယ်။ လူပေါင်း ၈.၆ သန်းမှာလည်း အဆုတ်နာရောဂါစွဲကပ်နေပါတယ်” လို့ မစ္စတာ JOHNSTON က ပြောသွားတာပါ။

အခုအခါမှာ အနောက်အာဖရိကမှာ လျင်လျင်မြန်မြန်ကူးစက်နေတဲ့ အီဘိုလာရောဂါပိုးကို ထိန်းချုပ်နိုင်ဖို့ တကမ္ဘာလုံးက ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်။ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနကနေ အများပြည်သူ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ ၅၀ တို့ကို အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုဒဏ် အကြီးအကျယ် ခံစားနေရတဲ့ အနောက် အာဖရိက ၃ နိုင်ငံကို အကူအညီပေးရေး အဖြစ်နဲ့ စေလွှတ် လိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကလည်း အီဘိုလာ ဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုဒဏ် ခံနေရတဲ့ ဒီသုံးနိုင်ငံအတွင်း ဒေါ်လာ သန်း ၁၀၀ သုံးစွဲမယ့် အရေးပေါ် ဆောင်ရွက်ရေး အစီအစဉ်ကို မကြာသေးခင်ရက်ပိုင်းတွေက ကြေညာခဲ့ပါတယ်။

အီဘိုလာရောဂါပိုးကူးစက်မှုကို ရပ်တန့်သွားအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေချိန်မှာပဲ ဒီရောဂါပျံ့ပွါးမှုကို ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်လေ့ကျင့်တာတွေလည်း တချို့နိုင်ငံတွေမှာ လုပ်ဆောင်နေကျတာပါ။ အာရှက တရုတ်နိုင်ငံဟာဆိုရင် စီးပွါးရေးအခြေအနေ တိုးတက်လာတာနဲ့ အမျှ တခြားနိုင်ငံက နိုင်ငံသား အများအပြားလည်း လာရောက်နေထိုင်ပြီး စီးပွါးရေးလုပ်ကိုင်နေကြပါတယ်။ ဒီအထဲမှာ အာဖရိကတိုက်က နိုင်ငံသားတွေ တော်တော်များလည်း ပါဝင်ပါတယ်။

ဒီလိုနိုင်ငံပေါင်းစုံက လာရောက်အခြေချနေထိုင်ကြသူတွေများပြားတဲ့ တရုတ်နိုင်ငံမှာ ရောဂါ ကူးစက်မှု ဖြစ်လာလျင် လျင်လျင်မြန်မြန် ကြိုတင်ကာကွယ်ဖို့ အစမ်းလေ့ကျင့်တာတွေကို ပြုလုပ်နေပါတယ်။ မကာအိုမှာဆိုရင် အာဏာပိုင်တွေက အာဖရိကက ပြန်လာတဲ့ အီဘိုလာရောဂါပိုးရှိသူလို့ သံသယရှိသူတဦး ကိုတွေ့ရှိပြီး ချက်ချင်း အဆင့်ဆင့် တုန့်ပြန်အရေးယူဆောင်ရွက်တာတွေကို နာရီပိုင်းအတွင်း ပြီးစီးအောင် လုပ်ကိုင်ပုံကို အစမ်း လေ့ကျင့်ခဲ့ပါတယ်။ ဗီယက်နမ် နိုင်ငံမှာလည်း Ebola ရောဂါပိုးရှိသူလို့ သံသယရှိခံရသူ နိုင်ဂျီးရီးယားနိုင်ငံသား ၂ ဦးကို သီးခြားခွဲ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ မကြာခင် ရက်ပိုင်းအတွင်းက ရန်ကုန်လေဆိပ်မှာတော့ အီဘိုလာဗိုင်းရပ်စ်ပိုးရှိသူလို့ သံသယရှိသူတယောက်ကို တာဝန်ရှိသူတွေက တွေ့ရှိခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် အဲဒီသူဟာ အာဖရိကအနောက်ပိုင်း လိုက်ဘေးရီးယားနဲ့ ဂီနီမှာ နေထိုင်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ဒီသတင်းကြောင့် ရန်ကုန်မြို့မှာ နေထိုင်သူတွေကြား စိုးရိမ်ပူပန်မှုတွေရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီလူမှာ ငှက်ဖျားရောဂါပိုး စမ်းသပ်တွေ့ရှိရတယ် လို့ မြန်မာအာဏာပိုင်တွေ ဘက်က အကြောင်းကြားခဲ့တယ်ဆိုပြီး ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် အခွင့်အလမ်းတွေ ပိုပွင့်လာပြီး နိုင်ငံတကာနဲ့ကူးလူးဆက်ဆံမှုတွေ ပိုများလာနေတဲ့အချိန်မှာ ဒီရောဂါပိုးကူးစက်မှုသာ ဒေသတွင်းကို ရောက်ရှိလာမယ်ဆိုလျင် မြန်မာ့စီးပွါးရေးအပေါ် ရိုက်ခတ်လာနိုင်တဲ့အခြေအနေကို စီးပွါးရေး လုပ်ငန်းရှင်တဦးဖြစ်တဲ့ နန်းနန်းက အခုလိုပြောပါတယ်။

“စီးပွါးရေးအနေနဲ့ကျတော့ ဟိုတခါ ဆားစ်ရောဂါဖြစ်တုန်းက အနေအထားကို ပြန်ကြည့်မယ်ဆိုလို့ရှိလျင် အဲတုန်းက အဓိက ထိခိုက်ဆုံးကကျတော့ ဒီTourism ပေါ့နော်။ Tourism ဆိုတော့ ခု မြန်မာပြည်ကို နိုင်ငံခြားသားဧည့်သည်တွေလာတယ်။ အထူးသဖြင့် အဲ့ဒီ နိုင်ငံခြားတွေနဲ့ တိုက်ရိုက် စပ်ဆက်နေရတဲ့ လုပ်ငန်းတွေမှာ ဥပမာ အဲဒီတုန်းကကျတော့လည်း ဥပမာပေါ့နော် ကျောက်မျက်ပြပွဲလိုဟာမျိုးဆိုလျင် ဖြစ်နေတာကတရုတ် ။ တရုတ်ကလည်း ကိုယ့်စီကို မလာရဲသလို တခြား အဲဒီနဲ့ စပ်ဆက်တဲ့သူတွေလည်း မလာရဲတော့ဘူးပေါ့။ ကြားတာနဲ့ ကို ကြောက်နေကြတဲ့အခါကျတော့ ဖြစ်ပြီဆိုတာနဲ့ တယောက်ပဲဖြစ်ဖြစ် နှစ်ယောက်ပဲဖြစ်ဖြစ် အနဲနဲ့ အကျဉ်းကတော့ ရိုက်ခတ်မှုရှိတာပေါ့။”

အီဘိုလာ ရောဂါပိုးကူးစက်မှုကြောင့် စီးပါွးရေးအပေါ် ရိုက်ခတ်လာနိုင်တဲ့အကြောင်း ရန်ကုန်မြို့က စီးပွါးရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ နန်းနန်းက ပြောသွားတာပါ။ ဒါပေမယ့် အီဘိုလာရောဂါပိုး ကူးစက်ခံရတာ သိသိချင်း အချိန်မှီ နိုင်နိုင်နင်းနင်း ကုသနိုင်မယ်ဆိုလျင် အလွယ်တကူ ပျံ့ပွါးနိုင်ဘို့ မလွယ်ကူတဲ့အကြောင်း ဆေးပညာရှင်တွေက ပြောပါတယ်။ ဒီလို ရောဂါပိုးပျံ့နှံ့နေမှုကို ကာကွယ်နိုင်ဖို့ အာဏာပိုင်တွေ ကျန်းမာရေးဝန်ထမ်းတွေ လူထုတွေကလည်း အသိရှိရှိနဲ့ ဝိုင်းဝန်းကာကွယ်မယ်ဆိုလျင် ဒီရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ စီးပွါးရေးအပေါ် ရိုက်ခတ်လာနိုင်မှုကို ရှောင်ရှားနိုင်မှာ ဖြစ်တဲ့အကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG