သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားဖွံ့ဖြိုးရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်သွားမည်ဟု သမ္မတဦးသိန်းစိန် ကတိပြု


စီးပွားဖွံ့ဖြိုးရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်သွားမည်ဟု သမ္မတဦးသိန်းစိန် ကတိပြု
စီးပွားဖွံ့ဖြိုးရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်သွားမည်ဟု သမ္မတဦးသိန်းစိန် ကတိပြု

နေပြည်တော်မှာ ဒီကနေ့ စပြီးကျင်းပတဲ့ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှာ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးဖို့ကို အလေးထား ဆွေးနွေးကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သန့်ရှင်းစင်ကြယ်တဲ့ အစိုးရဖြစ်ဖို့၊ လာဘ်ပေးလာဘ်ယူ မှုတွေ ပပျောက်ဖို့တွေ ပြောကြားခဲ့ပါတယ်။ ဒီကနေ့ အလုပ်ရုံဆွေးနွေးပွဲမှာ စီးပွားရေးဆိုင်ရာပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေအပါအဝင် ဌာနဆိုင်ရာတွေက စာတမ်း ၁၀ စောင် ဖတ်ကြား တင်သွင်းခဲ့ပါတယ်။ ဒီကနေ့ စတင်ကျင်းပတဲ့ ဒီ အလုပ်ရုံဆွေးနွေးပွဲ သတင်းကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရုံးစိုက်ရာ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(MICC) မှာ ဒီကနေ့ အလုပ်ရုံဆွေးနွေးပွဲကို နေ့ခင်း ၁ နာရီမှာ ဖွင့်လှစ်ဖို့စီစဉ်ထားပေမဲ့ သမ္မတ လာတာနောက်ကျတာကြောင့် ၂ နာရီကျော်လောက်မှာမှ စတင်ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်တဲ့အခမ်းအနားမှာ နိုင်ငံတော် သမ္မတဦးသိန်းစိန် အဓိက အလေးထား ပြောဆိုခဲ့တာကိုတော့ ဆွေးနွေးပွဲတက်ရောက်သူတဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာဦးခင်ရွှေက အခုလို ပြောပါတယ်။

“အဓိကအားဖြင့် နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ဘာတွေ ဘယ်လို သွားမလဲ။ ယေဘုယျအားဖြင့် ဒါပဲ ပြောသွားပါတယ်။ သမ္မတကြီးကလည်း အဓိက clean government လုပ်ချင်တာကိုး၊ အဲဒီအပေါ်မှာ corruption ပေါ့ဗျာ။ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ အတတ်နိုင်ဆုံး နည်းသွားအောင်လု့ိ အဲဒါတွေ ထည့်ပြောသွားပါတယ်။ လာဘ်ပေးလာဘ်ယူကိစ္စတွေ ပပျောက်အောင် ဆောင်ရွက်ဖို့ ကိစ္စတွေ ထည့်ပြောသွားပါတယ်။”

အခမ်းအနားဖွင့်လှစ်ပြီးနောက် ခေတ္တရပ်နားပြီး ပုံမှန် အလုပ်ရုံဆွေးနွေးပွဲကို စတင်ခဲ့တာဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲ စတင်ချိန်မှာတော့ သမ္မတအကြံပေးအဖွဲ့ဝင် စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်၊ စက်မှုဥက္ကဋ္ဌ ဦးစိုးသိန်း၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဒေါက်တာတင်မောင်သန်း၊ ဒေါက်တာခင်မောင်သန်း စတဲ့ စီးပွားရေးပညာရှင် ၇ ဦးနဲ့ ဌာနဆိုင်ရာ ၃ ခုက စာတမ်းတွေ တင်ပြဆွေးနွေးခဲ့ပါတယ်။

ဒီတင်ပြဆွေးနွေးတဲ့အချက်တွေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ခံနားထောင်ပြီး အကောင်အထည် ဖော်ဆောင်ရွက်မှာဖြစ်တယ်လို့ ဇေကမ္ဘာဦးခင်ရွှေက ဆက်ပြောပါတယ်။

“သမ္မတကြီးက ကျနော်ပြောသလိုပဲ သူကတော့ ပြုပြင်ပြောင်းလဲဖို့အတွက်ကို ပထမ သူကတော့ နားထောင်ပေးတာပေါ့ဗျာ။ ဘယ်လို ပြောင်းရမယ်ဆိုတာ စနစ်တကျလေးပေါ့။ တိုင်းပြည်တိုးတက်တဲ့နေရာမှာ စနစ်တကျလေးဖြစ်အောင် အလုပ်ရုံဆွေးနွေးပွဲလေးတွေ လုပ်ပြီးတော့ သူ နားထောင်ပေးတာပေါ့။ အဲဒီကနေပြီးတော့မှ အဖြေကို ဦးမြင့်တို့ကနေတဆင့် သူ ပြန်နားထောင်ပြီး သူ လုပ်သင့်လုပ်ထိုက်တာ လုပ်ပါလိမ့်မယ်။”

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူမှုရေး အသင်းအဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာလည်း တိုင်းပြည်စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးကိစ္စတွေကို အလေးထားပြောဆိုခဲ့သလို သူ သမ္မတအဖြစ် ကတိသစ္စာပြုတဲ့ အခမ်းအနားမှာလည်း ကောင်းမွန်တဲ့ အစိုးရ (Good Government) နဲ့ သန့်ရှင်းတဲ့အစိုးရ (Clean Government) ဖြစ်ရေးကို ပြောဆိုခဲ့ဖူးပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကတော့ ဒီကနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲအပေါ် အခုလို သုံးသပ်ပါတယ်။

“ကျွမ်းကျင်တဲ့ပညာရှင်တွေက လက်ရှိအခြေအနေတွေကို သုံးသပ်တာရော တော်တော်များများကလည်း ပွင့်ပွင့်လင်းလင်း ပြောကြပါတယ်။ အထူးသဖြင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ဥက္ကဋ္ဌ ဦးစိုးသိန်းကဆိုရင် အခွန်ရှောင်တဲ့ဟာတွေ၊ မလိုအပ်ဘဲ အခွန်မကောက်သင့်တဲ့ဟာလေးတွေပေါ့နော်၊ အဲဒါတွေကို ဥပမာလေးတွေနဲ့ ရှင်းလင်းသွားတာလေးတွေ တွေ့ပါတယ်။ အဲဒီတော့ တွက်ကြည့်ရင် အခုလိုကာလမျိုးမှာ လုပ်တဲ့ဥစ္စာလေးကတော့ အကျိုး ပိုရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရအဖွဲ့သွားမယ့် လမ်းကြောင်းကိုလည်း ပို ထင်ဟပ်စေတယ်လေ။”

ဒီလို စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း ဒီလို အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်သင့်တယ်လို့ ဒေါက်တာအေးမောင်က ဆက်ပြောပါတယ်။

“ပြည်တွင်းငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပဲဖြစ်ဖြစ် ပေါ့ဗျာ။ ဦးတည်ပြီးကာမှ လုပ်တဲ့ ဘယ် workshop မဆိုလေ၊ ခုချိန်ကာလမှာ ပို လုပ်သင့်တာပေါ့။”

လက်ရှိကျင်းပနေတဲ့ အလုပ်ရုံဆွေးနွေးပွဲကို လာမယ့် ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာလည်း ဆက်လက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီ အစည်းအဝေးကိုလာရောက်ဖို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားပေမဲ့ ဒီကနေ့ ဆွေးနွေးပွဲကိုတော့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တာမရှိဘဲ နောက်ရက်တွေမှာတော့ တက်ရောက်ဖွယ်ရှိတယ်လို့ သုံးသပ် ပြောဆိုတာတွေလည်း ရှိနေပါတယ်။

လွန်ခဲ့တဲ့မေလအတွင်းကလည်း အမျိုးသားအဆင့် ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတခုကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

XS
SM
MD
LG