သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၂ သမ္မတရွေးပွဲအပေါ် အရိပ်မိုးနေတဲ့ အမေရိကန် စီးပွားရေး


ကြွေးမြီထူပြောတဲ့ ပြဿနာအပါအ၀င် စီးပွားရေး အကျပ်အတည်း ကိစ္စတွေက အမေရိကန် သမ္မတရဲ့ နိုင်ငံရေး အလားအလာအပေါ် လွှမ်းမိုးနေပါတယ်။

ဇူလိုင် ၁၁၊ ၂၀၁၁-ပြဿနာတွေ ကြုံနေရတဲ့ အမေရိကန် စီးပွားရေးဟာ ရှေ့နှစ် သမ္မတ ရွေးကောက်ပွဲအတွက် အဓိကျတဲ့ ကိစ္စတခု ဖြစ်နေပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ကြုံနေရတဲ့ စီးပွားရေး ပြဿနာတွေဟာ သမ္မတရဲ့ နိုင်ငံရေး အနာဂတ်အတွက် အကြီးမားဆုံး စိမ်ခေါ်မှုတခု ဖြစ်နေပါတယ်။ အထူးသဖြင့်ကတော့ အကြွေးခေါင်ခိုက်နေတဲ့ ပြဿနာအပေါ် နိုင်ငံရေးအရ ကွဲလွဲမှုတွေ နက်ရှိုင်းလာနေတာနဲ့အမျှ လာမယ့် ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ စီးပွားရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်နေတာတွေကို သမ္မတ ဘရက်ခ် အိုဘားမား အနေနဲ့ ကာကွယ် ပြောဆိုသွားရမယ့် အခြေအနေတွေနဲ့လည်း ကြုံနေရတာပါ။ အမေရိကန် နိုင်ငံရေးအပေါ် လွှမ်းမိုးနေတဲ့ စီးပွားရေး ပြဿနာတွေအကြောင်း ဗွီအိုအေ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

တနေ့တခြား ကြီးထွားလာနေတဲ့ အမေရိကန် အစိုးရရဲ့ ကြွေးမြီပြဿနာဟာ သမ္မတ ဘရက်ခ် အိုဘားမား အပေါ်မှာသာမက၊ ရှေ့လာမယ့်နှစ် သမ္မတရွေးပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေသူ အတိုက်အခံ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းတွေ၊ အောက်လွှတ်တော် အမတ်တွေ အတွက်ပါ ရှေ့တန်းတင်နေရတဲ့ ကိစ္စတခု ဖြစ်လာနေပါတယ်။ သမ္မတ အိုဘားမား အစိုးရကတော့ သြဂုတ်လ ၂ ရက်နေ့ နောက်ဆုံးထားပြီး ဒေါ်လာသန်းပေါင်း ၁၄ သန်း ၃ သိန်း ထက်ပိုပြီး အစိုးရကို ကြွေးမြီသုံးစွဲခွင့်ပေးဖို့ သဘောတူညီချက် မရဘူးဆိုရင် ကမ္ဘာ့စီးပွားရေးမှာ ဖရိုဖရဲ ဖြစ်လာနိုင်သလို၊ တိုင်းပြည်စီးပွားရေး နာလန်ထူလာစေမယ့် အလားအလာတွေကိုလည်း ထိခိုက်နိုင်တယ်လို့ သတိပေးထားတာပါ။

ဒီအခြေအနေတွေကို ရှောင်ရှားနိုင်အောင် နိုင်ငံရေး ပါတီတွေ အနေနဲ့ ကွဲလွဲမှုတွေကို ညှိနှိုင်းဖို့ အတွက်လည်း သမ္မတက လွတ်လပ်ရေးနေ့ မတိုင်မီ အကြိုမိန့်ခွန်းထဲမှာ တိုက်တွန်းသွားပါတယ်။
“ဒီမိုကရေစီဆိုတာ အမြဲတန်းတော့ ချစ်စရာကောင်းနေတာ မဟုတ်ပါဘူး။ ကျနော်တို့ ငြင်းကြခုန်ကြ၊ သဘောမတူကြတာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း အချိန်ကာလတခုမှာ ပြဿနာတွေကို ဖြေရှင်းဖို့ အတူလက်တွဲနိုင်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ အရာအားလုံးအပေါ် ကျနော်တို့ အမြင်တွေတူကြမှာ မဟုတ်ပေမဲ့ ဒီတိုင်းပြည်ကို ချစ်မြတ်နိုးကြတဲ့ နေရာမှာ၊ အနာဂတ်ကို ယုံကြည်ကိုးစားကြတဲ့ နေရာတွေမှာတော့ တူညီကြတယ် ဆိုတာကို ကျနော်တို့ မမေ့ပါဘူး။ ဒါဟာ အခုအခါ ကျနော်တို့ကို စုစည်းပေးဖို့ လိုနေတဲ့ စိတ်ဓာတ်လည်း ဖြစ်ပါတယ်။”

ဒေါ်လာသန်းပေါင်း ၁ သိန်း ၄ သောင်း အစိုးရမှာ လိုငွေပြနေတာကို လျှော့ချနိုင်အောင် သန်းကြွယ်၊ ကုဋေကြွယ် သူဋ္ဌေးတွေ အခွန်တွေ ပိုပေးကြဖို့နဲ့ ရေနံကုမ္ပဏီကြီးတွေ၊ ဂျက်လေယာဉ် ပိုင်ရှင် လုပ်ငန်းရှင်ကြီးတွေကို အခွန်ငွေတွေ ပိုကောက်ခံဖို့ သမ္မတက တိုက်တွန်းနေတာပါ။ ဒါပေမဲ့လည်း အတိုက်အခံ ရီပတ်ဘလစ်ကန်တွေဘက်ကတော့ ဒီလိုလုပ်ငန်းရှင်တွေက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်တာမို့ အခွန်ပို မကောက်သင့်ဘူးဆိုပြီး သမ္မတရဲ့ အဆိုကို လက်မခံ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။ လူများစုနဲ့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်ထဲက အတိုက်အခံ ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေနဲ့ သမ္မတကြား ဒီလို ကွဲလွဲချက်တွေကို စေ့စပ်နိုင်မယ် ဆိုရင်တော့ ရှေ့နှစ်ရွေးကောက်ပွဲမှာ ပြန်လည် အရွေးခံနိုင်မယ့် အခွင့်အလန်းကောင်းတရပ် ဖြစ်နိုင်တယ်လို့လည်း နိုင်ငံရေး အကဲခတ်တွေက သုံးသပ်နေကြတာပါ။

သမ္မတကတော့ အတိုက်အခံတွေနဲ့ ညှိနှိုင်းမှုတွေအတွင်း ချမ်းသာသူတွေ အခွန်သက်သာခွင့် ပေးထားတာတွေ အဆုံးသတ်ဖို့အပြင် ရီပတ်ဘလစ်ကန်တွေဘက်က လိုလားနေတဲ့ အစိုးရအသုံးစားရိတ် ဖြတ်တောက်ဖို့ကိုလည်း လိုက်လျောမယ်လို့ ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း ကြွေးမြီသုံးစွဲခွင့် ပမာဏ တိုးမြှင့်သတ်မှတ်ရေး သဘောတူညီမှု မရနိုင်သေးပဲ ဖြစ်နေရတဲ့အတွက် စိတ်မရှည်ကြောင်း ပြသနေသလို၊ ကြန့်ကြာမှုတွေအတွက် ရီပတ်ဘလစ်ကန်တွေအပေါ် အပြစ်ဖို့နေတာလည်း ဖြစ်ပါတယ်။ ဒီလိုပြောဆိုမှုတွေအပေါ် အတိုက်အခံတွေကတော့ သမ္မတအနေနဲ့ အရေးကြီးတဲ့ အချိန်မှာ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ပဲ လူထုထောက်ခံမှုရအောင် လုပ်တဲ့ကိစ္စတွေနဲ့သာ အချိန်ကုန်နေတယ်လို့ ပြန်ပြီး တုန့်ပြန်ခဲ့တာပါ။

ရီပတ်ဘလစ်ကန် ပါတီရဲ့ သမ္မတလောင်းအဖြစ် ရှေ့ပြေးဖြစ်နေတဲ့ မက်ဆာချုးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ် ရွမ်နေး (Mitt Romney) ကဆိုရင်လည်း သမ္မတ အိုဘားမား မဲဆွယ်ပွဲ ရန်ပုံငွေရဖို့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ကို သွားရောက်ခဲ့တာကို ထောက်ပြဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ရှေ့နှစ်သမ္မတ ရွေးကောက်ပွဲအပေါ် စီးပွားရေး ပြဿနာတွေက အဓိက လွှမ်းမိုးနေတယ် ဆိုတဲ့အပေါ်မှာတော့ သမ္မတရဲ့ ဒီမိုကရက် ပါတီဝင်တွေကပါ လက်ခံထားကြတာပါ။ ရွေးကောက်ပွဲ ကျင်းပမယ့် ရှေ့နှစ်ထဲအထိ စီးပွားရေး ပြဿနာတွေကို ကျယ်ကျယ်လောင်လောင် ဆက်လက် ပြောဆိုနေရမှာကိုလည်း ထင်ရှားတဲ့ ဒီမိုကရက်ပါတီ ခေါင်းဆောင်တွေကအစ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

နိုင်ငံရေး လေ့လာဆန်းစစ်သူ စတုရတ် ရိုသန်ဘတ်ဂ် (Stuart Rothenberg) ကတော့ စီးပွားရေး စွမ်းဆောင်ချက်တွေအပေါ် ဘ၀င်မကျ ဖြစ်နေကြတဲ့ မဲဆန္ဒရှင်တွေ တိုးလာနေတာတွေက သမ္မတ အိုဘားမား အတွက် အဓိက စိမ်ခေါ်မှုတရပ် ဖြစ်လာနေရတယ်လို့ ပြောပါတယ်။
“နာလန်ပြန်ထူလာမယ်၊ အလုပ်အကိုင်တွေ ပိုရမယ်၊ စီးပွားရေး တိုးတက်လာစေရမယ် ဆိုတဲ့ ကတိတွေနဲ့ သမ္မတက တက်လာတာပါ။ ဒါပေမဲ့ သူလုပ်မပေးနိုင်ပါဘူး။ ဒီမိုကရက်တွေကတော့ ဒါဟာ သူ့အမှား မဟုတ်ဘူးလို့ ပြောကြပါတယ်။ သူ့အနေနဲ့ ဘာမှ မတတ်နိုင်တဲ့ အခြေအနေမှာ ရောက်နေတယ်၊ ရီပတ်ဘလစ်ကန်တွေက ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ နိုင်ငံရေးစနစ်မှာ သမ္မတဟာ အရာအားလုံးနီးပါးအတွက် တာဝန်ခံရတဲ့သူပါ။ စစ်တမ်းတွေမှာ ဆိုရင်လည်း မဲဆန္ဒရှင်တွေက သမ္မတ ဘရက်ခ် အိုဘားမား မှာ တာဝန်ရှိတယ်လို့ သဘောထားပေးနေသလို၊ သူ့ကို ထောက်ခံမှု အရေအတွက်ကလည်း လျော့ကျလာနေတာကို ပြသနေပါတယ်။ ဒါဟာ သူ့အတွက် တကယ့်ကို ကြီးမားတဲ့ ပြဿနာပါ။”

ဒီမိုကရက်ပါတီက ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Ed Rendell ကတော့ စီးပွားရေး ပြဿနာကို အခြေခံပြီး အစိုးရနဲ့ အတိုက်အခံတို့ကြား ပြိုင်ဆိုင်မှုတွေ အားကောင်းလာနိုင်တယ်လို့ ဆွေးနွေးပွဲတခုမှာ သတိပေး သွားပါတယ်။ အထူးသဖြင့် သီးခြားလွတ်လပ်တဲ့ မဲဆန္ဒရှင်တွေနဲ့ အလယ်အလတ် သဘောထားရှိတဲ့ ရီပတ်ဘလစ်ကန် ပါတီကို မဲပေးသူတွေ သာမက စီးပွားရေး အခြေအနေအပေါ် အားမလိုအားမရ ဖြစ်နေကြတဲ့ ဒီမိုကရက်ပါတီကို ထောက်ခံသူတွေကို စုစည်းပြီး အတိုက်အခံဘက်က ပြိုင်ဆိုင်လာမယ်ဆိုရင် ပွဲကြီးပွဲကောင်း ဖြစ်လာနိုင်တယ်လို့လည်း သူက ပြောခဲ့တာပါ။ လူထုစစ်တမ်းတွေမှာတော့ သမ္မတ အိုဘားမား ဟာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် မစ် ရွမ်နေး ထက် ထောက်ခံမှုတွေ ပိုရထားသလို၊ တခြား အတိုက်အခံ သမ္မတလောင်းအဖြစ် လျာထားခံရသူတွေ ထက်လည်း သိသိသာသာ အသာစီး ရနေတာပါ။

American Spectator မဂ္ဂဇင်းရဲ့ အယ်ဒီတာတဦးဖြစ်တဲ့ ဒေးဗစ် အိုက်ခ်မန်း (David Aikman) တို့လို နိုင်ငံရေး အကဲခတ်တွေကတော့ သမ္မတဟာ စည်းရုံးရေးကောင်းသူ တဦးအဖြစ် အားသာချက်တွေ ရှိနေပေမဲ့၊ တိုင်းပြည်က စီးပွားရေး စိမ်ခေါ်မှုတွေကိုလည်း လက်တွေ့ကျကျ ကိုင်တွယ်ဖို့ လိုမယ်လို့ မြင်ကြပါတယ်။
“သူဟာ အင်မတန်မှကို အစွမ်းထက်တဲ့ လှုံ့ဆော်လှုပ်ရှားသူ တယောက်ပါ။ ၂၀၀၈ ခုနှစ်မှာတုန်းက ရီပတ်ဘလစ်ကန်တွေ စိတ်ပျက်စရာ အဖြစ်နဲ့ ကြုံခဲ့ရတာမျိုး သူ့ကို လျှော့တွက်ဖို့ မသင့်ပါဘူး။ ဒါပေမဲ့လည်း အခုအခါ သူ့အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေရတဲ့ စီးပွားရေးမှာ အကျပိုင်း အခြေအနေမျိုး တကယ့်ကို ကြုံနေရတာပါ။ ဒါတွေအားလုံးဟာ သမ္မတ ဘုရှ် အမှားကြောင့်လို့ ဆက်ပြောနေလို့တော့ မရပါဘူး။”

ဆန်းစစ်ချက်တွေ အရဆိုရင်တော့ လာမယ့် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲအတွက် ဒီမိုကရက်ပါတီဟာ သမ္မတ အိုဘားမား နောက်မှာ မားမားမတ်မတ် ရပ်နေဆဲ ဖြစ်သလို၊ ရီပတ်ဘလစ်ကန်တွေ အနေနဲ့လည်း သမ္မတကို ဖယ်ရှားနိုင်ရေး စိတ်အား ထက်သန်နေကြောင်း ပြသနေတာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆန်းစစ်လေ့လာသူတွေကတော့ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဂျွန် မက်ကိန်း (John McCain) နဲ့ ယှဉ်ပြိုင်တုန်းက သမ္မတလောင်းဖြစ်သူ အိုဘားမား ကို ထောက်ခံခဲ့ကြတဲ့ သီးခြားလွတ်လပ်တဲ့ မဲဆန္ဒရှင်တွေကို ပါတီ ၂ ခုစလုံးက စည်းရုံးသွားနိုင်ဖို့ အပြင်းအထန် ကြိုးစားဖွယ်ရာ ရှိနေတယ်လို့လည်း သုံးသပ်နေကြတာပါ။

အမေရိကန်သမိုင်းမှာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း နောက်တကြိမ် သက်တမ်းအတွက် ပြန်လည် အရွေးခံကြတဲ့ သမ္မတတွေအနက် ၃ ဦးသာ အရှုံးနဲ့ ရင်ဆိုင်ရဖူးပါတယ်။ ၁၉၇၆ ခုနှစ်မှာ သမ္မတ ဂျရယ်လ် ဖို့ဒ် (Gerald Ford) ၁၉၈၀ ပြည့်နှစ်မှာ သမ္မတ (Jimmy Carter) နဲ့ ၁၉၉၂ ခုနှစ်မှာတော့ သမ္မတ ဂျော့ဂ်ျ အိပ်ခ်ျ ဒဗလျူ (George H W Bush) တို့ ဖြစ်ကြပြီး သူတို့ ၃ ဦးစလုံး ရှုံးနိမ့်ရတဲ့ အဓိက အကြောင်းရင်းဟာ ဆိုရင်လည်း ပြည်တွင်းစီးပွားရေး ပြဿနာတွေကို အခြေခံခဲ့တာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG