သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနဲ့ မသွားရင် ဘာနဲ့သွားမှာလဲ


ဒီအချိန်မှာ ကျနော်တို့ နိုင်ငံမှာ၊ ကျနော်တို့ မြေပေါ်မှာ ၊ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ရွေးကောက်ပွဲ လုပ်ပေးတော့မယ်ဆိုရင် သတင်း သမားတွေဟာ အများကြီး ခေါင်းထောင်လာကြတာပေါ့။ အများကြီး စိတ်ဝင်စားတာပေါ့။ အလုအယက်ပေါ့။ အဲဒီ ရွေးကောက်ပွဲ ဆိုတဲ့ အခါကျတော့ ကျနော်တို့က အရင် တခါ ရွေးကောက်ပွဲ ဖြတ်ဖူးတယ်လေ။ ၁၉၉၀ ကပေါ့။

အခုရွေးကောက်ပွဲကတော့ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ စစ်အစိုးရလုပ်ပေးတဲ့ ရွေးကောက်ပွဲကို ၀င်ကြရတယ် ဆိုတဲ့အခါမှာ စိတ်တထင့်ထင့် တော့ ရှိတာပေါ့။ ကျနော့်ကို ရွေးကောက်ပွဲကော်မရှင် နေပြည်တော်က ခေါ်လို့ သွားတွေ့တဲ့အခါ ကျနော် အဓိကအချက် ပြောခဲ့ပါတယ်။ ရန်ကုန်မြို့မှာတော့ ပြဿနာ မရှိဘူး ဗျာ… လို့။ ကျနော်တို့ရှေ့မှာ ရွေးကောက်ပွဲ မတရားလုပ်တာတွေ့ရင် မတော်တာလုပ်တာတွေ့ရင် ကျနော်တို့က ချက်ခြင်း ရဲရဲ ပြောမှာ ဆိုမှာ လုပ်မှာပဲလို့။

ဒါပေမယ့် ကျနော်တို့ ပြည်သူတွေ အများစုနေထိုင်တဲ့ ကျေးလက်တွေမှာ ကျနော်တို့ကလည်း မသွားနိုင်ဘူး။ စရိတ်လည်း မရှိဘူး။ အဲဒီ အခါကျတော့ ပစ်ထားရသလို ဖြစ်တယ်။ အဲဒီအခါ ဘယ်လိုမှ စိတ်မချဘူး…လို့။ ဆရာတို့လုပ်မှာလည်း လုံးဝ စိတ်မချပါဘူးလို့။ သူတို့က တော့ ကြိုးစားပါမယ် ပြောတာပဲ။

ကျနော်တို့ကလည်း တခြားနည်းမှမရှိ၊ ဘာမှ မတတ်နိုင်ဘူး။ ဒါပေမဲ့ ဒီမိုကရေစီသမား တယောက် အနေနဲ့ ရွေးကောက်ပွဲဆိုတာထက် ဒီမိုကရေစီ….ဆိုတာကို ရွေးကောက်ပွဲ ၀င်ရမှာပဲ။ ရွေးကောက်ပွဲ ကို မ၀င်တဲ့သူတွေ၊ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေဟာ ဒီမို ကရေစီကို မယုံတဲ့သူတွေပဲ ဖြစ်မယ်ဗျ။

အဲ…ခုနတုန်းက အတိုင်းအတာပေါ့ဗျာ။ ဒီမိုကရေစီ ရာနှုန်းပြည့် ရမရ ဆိုတာကတော့ ဒီရွေးကောက်ပွဲ မှာ ၀င်ပီး စမ်းသပ်ရမှာပါပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင်တော့ ဒီမိုကရေစီကို ယုံတဲ့သူဟာ ရွေး ကောက်ပွဲ ၀င်ရမှာပဲ။ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်ဆိုတာ ဒီမိုကရေစီကို မယုံလို့ပဲဖြစ်မယ်။ ဒါ ကျနော့် သဘောထားပဲ။

အဲ… ထွက်ပေါက်တော့ မဖြစ်ဘူး၊ လမ်းစတော့ ပေါ်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ အဲဒီ လမ်းစကို ပေါ်ဖို့၊ ဖော်ဖို့ ရွေးကောက်ပွဲ တံခါးကို ကျနော်တို့ဖွင့်ဖို့အတွက် အခုလို ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တာ။ ဒီမိုကရေစီ စံနှုန်းဟာ အပြည့်မရှိနိုင်ပါဘူး။ အပြည့်မရှိလို့ ဒီမိုကရေစီ တံခါးပေါက်ကို ကျနော် ကျောခိုင်းသွားတယ်ဆိုရင် ကျနော် ပြည်သူကို ကျောခိုင်းသလို ဖြစ်နေမှာပေါ့။ ဒီမိုကရေစီကို ကျောခိုင်းတာ ပြည်သူကို ကျောခိုင်းတာပဲ။ ဒီမိုကရေစီကို ဆန့်ကျင်တာ။

တံခါးလေး နည်းနည်းပွင့်ရင် ကျနော်တို့ ဒီ တံခါးကို တွန်းဖွင့်သွားမယ်။ အဲဒီတော့ တံခါးကို မပွင့်ပွင့် အောင် ဖွင့်ရမှာ၊ ဘယ်လိုဖွင့်မလဲ?

၂၅ ရာခိုင်နှုန်းက စစ်ဗိုလ်/စစ်သားတွေက အခန့်စား နေရာယူထားတာ။ ဒါ အားလုံး သိပါတယ်။ ကျေနပ်စရာ ဘာမှ မရှိပါဘူး။

ဖွဲ့စည်းပုံဆိုတာကလည်း ရွေးကောက်ပွဲ ၀င်တာကိုက ဒီ ဖွဲ့စည်းပုံကို ဒီမိုကရေစီ ဖွဲ့စည်းပုံအဖြစ် ပြောင်းဖို့အတွက်၊ ပြင်ဖို့အတွက် ပြည်သူ့အားနဲ့ ပြုပြင်ဖို့အတွက် ရွေးကောက်ပွဲ ၀င်တာပဲ။ အဲဒီအတွက် ဒီမိုကရေစီ လူထု ရွေးကောက်ပွဲ၊ တော်လှန်ရေးကို ကျနော်တို့ ဆင်နွဲရမှာပဲ။

လွှတ်တော်တခါးကို ဖွင့်ရမယ်။ ဖွင့်ပီးတော့ လွှတ်တော်ထဲ ရောက်တဲ့သူတွေဟာ လူထု အသံ၊ ပြည်သူ့ အသံ၊ ဒီမိုကရေစီ အသံကို ကျနော်တို့ လွှတ်တော်မှာ တင်ပြသွားမယ်။ ဖြန့်သွားမယ်။ လွှမ်းမိုးအောင် လုပ်ရမယ်။ ဒီလွှတ်တော်ရဲ့ အဓိက သံကွင်းက ဒီမိုကရေစီ တံခါးကို၊ လွှတ်တော်တံခါးကို မရရအောင် ဖွင့်ဖို့။ လူထုကိုယ်စား လုပ်ပိုင်ခွင့်ရအောင် ရွေးကောက်ပွဲနဲ့ မသွားရင် ဘာနဲ့သွားမှာလဲ။

ဒီနေ့ ကျနော်တို့ လွှတ်တော်ထဲ ၀င်ခွင့်ရတော့မယ်။ လူထုကိုယ်စားပြုမယ်။ လူထုက မရွေးရင်တော့ ဒါ လူထု တာဝန်ပဲ။ လူထု ကြိုက်တာ ဆုံးဖြတ်ပါ။ လွှတ်တော်တံခါးကို အခိုင်အမာ ဖွင့်ရမယ်။ သတ္တိရှိရှိ ဖွင့်ရမယ်။ ဒီမိုကရေစီအရေးကို သတ္တိရှိရှိ ပြောရမယ်။

XS
SM
MD
LG