သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲမထည့်ဘဲ သပိတ်မှောက်ကြလိမ့်မယ်


ပြီးခဲ့တဲ့ ၁၀ ရက် တစ်ပတ်လောက်ကတင် ကျနော်တို့ အယ်ဒီတာတွေ၊ စာရေးဆရာ ကဗျာဆရာတွေ၊ စကားဝိုင်း ဖွဲ့မိကြတုန်းမှာ အကြောင်းအရာလေး တစ်ခုကို သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးခဲ့ကြ ပါသေးတယ်။

ဘာလဲဆိုတော့ နိုင်ငံတကာက ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေကို ခွင့်မပြုဘဲ နိုင်ငံတကာက စွက်ဖက်တယ် ဆိုတာမျိုးကို လက်မခံဘဲ န၊ အ၊ ဖ က ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုမှု ရအောင် ဘယ်လိုနည်းတွေနဲ့ လုပ်နိုင်ခြေ ရှိသလဲ ဆိုတာပါ။

တချို့က နိုင်ငံတကာ အသိအမှတ်ပြုမှု မရလည်း န၊ အ၊ ဖ က ဂရုစိုက်မှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ တချို့ကလည်း န၊ အ၊ ဖ က အကုန်လုံးကို သူတို့ စိတ်ကြိုက် လုပ်ယူထားပြီး ဖြစ်တဲ့အတွက် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့မှာ ဘာမှ ထပ်မလုပ်တော့ဘဲ အမှန်တကယ် လွတ်လပ် မျှတတယ်ဆိုတဲ့ ပုံစံမျိုး လုပ်ပြလိမ့် မယ်လို့ ဆိုပါတယ်။

တချို့ကတော့ န၊ အ၊ ဖ က သူနဲ့ ပုလဲနံပ သင့်တဲ့ အာဆီယံ နိုင်ငံအချို့က လေ့လာသူတွေကို ခွင့်ပြုလိမ့်မယ်လို့ ထင်ကြေးပေးကြပါ တယ်။ တချို့ကျတော့ ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေး အကျဉ်းသား တချို့ကို လွှတ်ပေးပြီး ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ဖို့ ကြိုးစားလိမ့်မယ်လို့ ဆိုကြပါတယ်။

အဲဒီ ဆွေးနွေးမှုတွေ အားလုံးရဲ့ အဖြေက နောက် နှစ်ရက်လောက် အကြာမှာ န၊ အ၊ ဖ ရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ အကျဉ်းကျနေသူ စုစုပေါင်း ၃ ယောက်ကို မဲပေးရမယ့် စာရင်းထဲမှာ ထည့်သွင်း ဖော်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲကို တရားဝင် ဖြစ်ချင်လွန်းတဲ့ န၊ အ၊ ဖ က သွေးရူးသွေးတန်းနဲ့ သူတို့ကိုယ်တိုင် မဲပေးခွင့် မရှိပါဘူးလို့ ပြောထားတဲ့ အကျဉ်းသား သုံးဦးကို မဲပေးခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးဟာ အကျဉ်းကျခံနေရသူတွေ ဖြစ်ပါတယ်။ ဒါဟာ ကော်မရှင်ရဲ့အမှား ဆိုရင်တော့ ရွေးကောက်ပွဲ ကော်မရှင်က အဲဒီ အမှားအတွက် ကြီးကြီးမားမား ပေးဆပ်ရပါလိမ့်မယ်။

ဥပမာအားဖြင့် အခြား အကျဉ်းသားတွေကပါ မဲပေးခွင့် စုပေါင်း တောင်းဆိုလာကြတာမျိုး ဖြစ်ပါတယ်။ အဲဒီလိုမျိုး စုပေါင်း တောင်းဆိုလာခဲ့ရင် ကော်မရှင် ဘယ်လို အကြောင်းပြချက် ပေးမှာလဲ… ဆိုတာ စိတ်ဝင်စား စရာပါ။

အကျဉ်းသားချင်း အတူတူ သူတို့ ၃ ယောက်ကို မဲပေးခွင့်ပြုပြီး ကျန်တဲ့ အကျဉ်းသားတွေကို ခွင့်မပြုရင် ကော်မရှင်ရဲ့ ဂုဏ်သိက္ခာ နှစ်ပြားမှ မတန်အောင် ကျဆင်းသွားပါလိမ့်မယ်။ ကော်မရှင် ဂုဏ်သိက္ခာကျတာ၊ မကျတာထက် န၊ အ၊ ဖ က စေခိုင်းတဲ့ အတိုင်း လုပ်နေရတဲ့ ကော်မရှင်ရဲ့ လုပ်ပုံကိုင်ပုံတွေ အမြီးအမောက် မတည့်တာကတော့ ရှင်းနေပါပြီ။

နောက်တစ်ခု ရှိပါသေးတယ်။ ရွေးကောက်ပွဲ ဝင်ကြမယ့် ပါတီတွေထဲမှာ ကြံ့ဖွံ့ က အားအကောင်းဆုံး ဖြစ်နေရတဲ့အထဲ ဒီမိုကရေစီ အင်အားစု ပါတီတွေကလည်း အကွဲကွဲအပြဲပြဲ ဖြစ်နေကြပါသေးတယ်။ ဒီရက်ပိုင်း အတွင်းမှာပဲ ငွေရေး ကြေးရေး ကိစ္စတွေနဲ့ ပတ်သက်တဲ့ NDF ရဲ့ အကွဲအပြဲကို ကြားလိုက်ရ လပါတယ်။ ဒါတွေကို ကော်မရှင်က မျက်စေ့ဒေါက်ထောက် ကြည့်နေတာပါ။ NDF က ကိုယ်စားလှယ် အချို့ အလွန်တရာ ကံကောင်းပြီး ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင်တောင် ငွေစာရင်းရှင်းတမ်း ပြဿနာ၊ ရန်ပုံငွေ ရရှိမှု ပြဿနာတွေနဲ့ အမှုဆင်နိုင်အောင် လုပ်ဦးမှာပါ။ ပြည်သူတွေအနေနဲ့ကတော့ လက်ရှိ ရွေးကောက်ပွဲကို အော့နှလုံးနာစရာကြီး တစ်ခုလိုသာ ရှုမြင်ကြဖွယ်ရှိပါတယ်။

ပြည်သူတွေ မဲမပေးခဲ့ရင်လည်း ဘယ်သူကမှ မလျော်သြဇာသုံးပြီး စည်းရုံးလို့မဟုတ်ဘဲ သူတို့ဘာသာ သူတို့ ရွေးကောက်ပွဲ ဆိုတာကြီးကို စိတ်ပျက်ပြီး မဲမပေးကြတာဘဲ ဖြစ်ပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။

လောလောဆယ် အခြေအနေမှာတော့ န၊ အ၊ ဖ ကရော၊ ကြံ့ဖွံ့ပါတီကရော ပြည်သူတွေ အင်တိုက် အားတိုက် မဲထည့်ကြဖို့ သူတို့ရဲ့ ခရီးစဉ်တွေတိုင်းမှာ အမျိုးမျိုး အားပေးလှုံ့ဆော်နေတာပါ။ မလျော်သြဇာ သုံးပြီး မဲမပေး ကြဖို့ တိုက်တွန်းနေတာဟာ ပုဒ်မ ၅၇ ကို ချိုးဖောက်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က မပြောရဲပါဘူး။

စာနယ်ဇင်းသမား တစ်ယောက်အနေနဲ့ အဲဒီလို မတရားမှုတွေကို သူများထက်ပိုပြီး မြင်တတ်တဲ့ သဘာ၀ ရှိလေသလားတော့ မပြောတတ်ပါဘူး။ လက်ရှိ အနေအထားမှာ ကိုမင်းကိုနိုင် မိသားစု အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များရဲ့ မိသားစုတွေအားလုံးက ထောင်ဝင်စာကတစ်ဆင့် ၈၈ မျိုးဆက် ကျောင်းသား များ အားလုံးရဲ့ သဘောတူညီချက်ကို ယူပြီး သို့တည်းမဟုတ် ရှေ့နေ ရှေ့ရပ်နဲ့အမြန်ဆုံး တိုင်ပင်ပြီး သူတို့ လည်း ၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ မဲပေးခွင့် ရလိုကြောင်း တညီတညွတ်တည်း တောင်းဆိုကြစေ လိုပါတယ်။ မဲပေးခွင့် ရခဲ့သည့်တိုင် သူတို့အားလုံးက ၂၀၁၀ ရွေးကောက်ပွဲကို မဲမထည့်ဘဲ သပိတ်မှောက်ကြလိမ့်မယ်လို့လည်း ယုံကြည်မိကြောင်းပါ။

XS
SM
MD
LG