မကြာခင်မှာ ရွေးကောက်ပွဲတွေ စတင်တော့မှာဖြစ်ပါတယ်။ စစ်အစိုးရက သူတို့စိတ်ကြိုက် စနစ်တကျ စီစဉ်ပြီးမှ လုပ်တဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ အနှစ်နှစ်ဆယ်အတွင်း ပထမဆုံးလုပ်တဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရသလို အနှစ်နှစ်ဆယ်လုံးလုံး လိုသလို ပုံဖော်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် မူတည်ပြီး စစ်တပ်အာဏာ တရားဝင် ဖြစ်ရေး၊ အနာဂတ် မြန်မာ့နိုင်ငံရေး လောကကို စစ်တပ်က ဆက်လက်ကြိုးကိုင်နိုင်ရေးအတွက် တစ်ဖက်သတ် အပေါ်စီးယူပြီး လုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
ဒီအချက်နဲ့ ပတ်သက်ပြီး အထင်ရှားဆုံး၊ သိသာမြင်သာ အဖြစ်ဆုံးကတော့ ဗိုလ်ချုပ်ကြီးများ ဦးဆောင်တဲ့ ကြံ့ဖွံ့အသင်းကို ကြံ့ဖွံ့ပါတီအဖြစ် မျက်နှာပြောင်တိုက် ပြောင်းလဲပြီး ရွေးကောက်ပွဲဝင်ဖို့ လုပ်တဲ့ အချက်ပါပဲ။ အရှက်သိက္ခာ မရှိတဲ့နေရာမှာ သူတို့ပြဋ္ဌာန်းထားတဲ့ ဥပဒေကိုတောင် သူတို့ မလိုက်နာနိုင်တဲ့ အထိပါပဲ။ ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ စစ်အုပ်စု အာဏာသိမ်းယူစဉ်က ဥပဒေပြဋ္ဌာန်းခဲ့ ပါတယ်။ အခု ကြံ့ဖွံ့ပါတီဝင် သန်း (၂၂) သန်းကျော်ထဲမှာ နိုင်ငံဝန်ထမ်းက တစ်ဝက်လောက် ပါနေတာပါ။ ဒါနဲ့ ပတ်သက်ပြီး ဘာအကြောင်းအချက်မှ ထုတ်ပြန်ရှင်းလင်းတာ မရှိပါဘူး။ အဲဒီ ပါတီဝင် အင်အားတွေရဲ့ မဲအပါအဝင် မတရားသော နည်းလမ်းမျိုးစုံသုံးပြီး ရွေးကောက်ပွဲ အနိုင်ရရေးကို ရတဲ့ပုံစံနဲ့ ယူကြပြီး စစ်အုပ်စု အာဏာတည်မြဲအောင် လုပ်ကြမှာပါ။
ကြံ့ဖွံ့ပါတီဟာ လွှတ်တော်သုံးရပ်လုံးအတွက် ကိုယ်စားလှယ်လောင်းပေါင်း (၁၀၀၀) ကျော်နဲ့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အတိုက်အခံတွေထဲက တစည ပါတီကို ဖယ်ပြီး ကျန်ပါတီအားလုံးရဲ့ ကိုယ်စားလှယ်တွေကို ပေါင်းရင်တောင် ကြံ့ဖွံ့ရဲ့ တစ်ဝက် မရှိပါဘူး။ ဒီအချက်က ဘာကို ပြသလဲဆိုရင် တစ်ချို့ပါတီတွေ ပြောပြောနေတဲ့ လွှတ်တော်ထဲဝင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်ဆိုတဲ့ အချက်ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို သိသာစေပါတယ်။ လွှတ်တော်ထဲက ကိုယ်စားလှယ် အားလုံးရဲ့ နှစ်ဆယ်ရာခိုင်နှုန်းရှိမှ ဖွဲ့စည်းပုံပြင်ဖို့ အဆိုတင်သွင်းခွင့် ရှိတာပါ။ ပြင်မယ် မပြင်ဘူး စဉ်းစား ဆုံးဖြတ်တဲ့ အဆင့်မဟုတ်ပါဘူး။ အဆိုတင်သွင်းရုံ တင်သွင်းခွင့်ပဲ ရှိတာပါ။
အတိုက်အခံ ကိုယ်စားလှယ် အားလုံး ရွေးကောက်ပွဲမှာ အနိုင်ရရင်တောင် လွှတ်တော်ထဲမှာ နှစ်ဆယ်ရာခိုင်နှုန်း မရှိသေးပါဘူး။ ဒါကြောင့် ဘယ်နည်းနဲ့မှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်လို့မရနိုင်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်သမျှ မြန်မာ့နိုင်ငံရေးဟာ စစ်ဗိုလ်ချုပ်၊ စစ်အုပ်စုတွေရဲ့ လက်ထဲမှာပဲ ရှိနေဦးမှာပါပဲ။
အတိုက်အခံ ပါတီတွေရဲ့ အနေအထားက ရွေးကောက်ပွဲမှာ နိုင်ဖို့ကလည်း မသေချာ၊ နိုင်ခဲ့ပြန်ရင်လည်း ကိုယ်အင်အားက တစ်ဘက်ရန်သူကို တိုက်ခိုက် အနိုင်ယူနိုင်တဲ့ အခြေအနေလည်း မရှိ။ လွှတ်တော်ထဲက ခုံတစ်ခုံမှာ ဝင်ထိုင်ပြီး ပေးတာယူ၊ ကျွေးတာစား၊ လက်ညှိုးထောင် ခေါင်းညိမ့်လုပ်ရတဲ့ ရုပ်သေး အမတ်၊ စစ်အာဏာရှင်တွေ အလိုကျ လိုက်လုပ်ရတဲ့ ခိုင်းဖတ် အမတ်တွေပဲ ဖြစ်လာဖို့ ရှိပါတယ်။ ဒါဆိုရင် ပြည်သူလူထုတွေ အနှစ်နှစ်ဆယ်လုံးလုံး မျှော်လင့်တောင့်တခဲ့တဲ့ ဒီမိုကရေစီက ဘယ်လိုရတော့မှာလဲ။ ဒီအနေအထားနဲ့ကတော့ ဘယ်နည်းနဲ့မှ ဒီမိုကရေစီ မရနိုင်ပါဘူး။ ရွေးကောက်ပွဲပြီးလဲ မြန်မာလူထုကတော့ စစ်ကျွန်ပဲ ဖြစ်နေရဦးမှာ သေချာပါတယ်။
ဒီအခြေအနေမှာ ဘာလုပ်သင့်သလဲ။ ဘာလုပ်ကြမလဲ။ အတိုက်အခံ အင်အားစု အားလုံးစဉ်းစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ အကောင်းဆုံးကတော့ စစ်အာဏာရှင် စနစ် တရားဝင် တည်ရှိရေးအတွက် စစ်အုပ်စုက မဖြစ်မနေ လုပ်ချင်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အတိုက်အခံပါတီအားလုံးက သပိတ်မှောက်ပြီး ကျောခိုင်း ထွက်လာကြပါလို့ ပြောချင်ပါတယ်။ လောလောဆယ်မှာ ဒီနည်းလမ်းကပဲ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲကို ရုပ်ပျက်ဆင်းပျက် ဖြစ်စေပြီး နိုင်ငံတကာရဲ့ စိန်ခေါ်မှုတွေနဲ့ စစ်အုပ်စု အကျပ်ရိုက်စေနိုင်မှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။