ဒီကနေ့ လက်တွေ့ကြုံနေရတဲ့ ကိစ္စတရပ်ဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျနော်တို့ သိကြဖို့လိုတယ်။ အမှန်တရားကို ရှာဖွေ တွေ့ရှိထားတဲ့ ပြည်သူတရပ်လုံးရဲ့ ဆန္ဒဟာ အခုကာလမှာ လက်တွေ့ဘဝနဲ့ ထပ်တူမကျဘူးဆိုတာ အထင်အရှား မြင်တွေ့နေကြတာဖြစ်ပါ တယ်။ ရွေးကောက်ပွဲလို့ သုံးနှုန်းတဲ့ ဝေါဟာရတွေ ကိုယ်တိုင်ကိုက သဘာဝနဲ့ ကင်းလွတ်နေတယ်။ အဲဒါလည်း အားလုံးအသိပါပဲ။ လွတ်လပ်ရေးရပြီးတဲ့ မြန်မာနိုင်ငံဟာ ၁၉၆၀ မှာ တကြိမ် အုန်းအုန်းကျွက်ကျွက် တကြိမ် မိမိနှစ်သက်ရာ လူများစုရဲ့ကောင်းကျိုးကို ပြုလို ပြုငြား ရှိတဲ့သူတွေကို အားကိုးတကြီး ရွေးချယ်ခဲ့ကြတယ်။
ဒါဟာ ရွေးကောက်ပွဲရဲ့ အစပဲ၊ ဒါလည်း ခဏပါပဲ။ ဖိနှိပ်ရက်စက်သူတွေရဲ့ လုယက်တဲ့ ဘေးက မလွတ်ကင်းနိုင်သေးဘဲ ၁၉၉၀ မှာ အများ ကြိုက်တဲ့ လွတ်လမ်းပန်းတိုင်ဆီကို ချီတက်ဖို့ လမ်းစမြင်ခဲ့ကြတယ်။ ရွေးကောက်ပွဲလို့ အမည်ရတဲ့ ရွေးကောက်ပွဲတခုကိုကျင်းပခဲ့ကြတယ်။
ဒီအခါမှာလည်း လူထုက အုန်းအုန်းကျွက်ကျွက် တခဲနက်ရွေးချယ်လိုက်ကြတာပါပဲ။ ဒါဟာ လူထုဆန္ဒအစစ်အမှန်ပါပဲ။ ဖြစ်လာသလား။ ဘာတွေ ဖြစ်လာပါလဲ။ ဖြေဖို့မလိုတဲ့ မေးခွန်းပါပဲ။ ဆုံးရှုံးမှုတွေကို ယနေ့တိုင် ရင်ဆိုင်နေကြရတာပဲ မဟုတ်လား။ စိတ်ပျက်စရာတွေ အားငယ်စရာတွေ မတွေးဘဲ မြင်သာ ထင်သာတဲ့ လက်တွေ့ဘဝကိုပဲ သစ္စာရှိရှိ ရင်ဆိုင်ဖြတ်သန်းကြဖို့လိုတယ်။
အပေါက်ကျဉ်းကျဉ်းကလေးပဲရှိတဲ့ အပ်နဖါးကလေးထဲကို အဓိပ္ပာယ်မဲ့ တိုးဝင်နေကြပြီး ဟိုဟာဖြစ်နိုး၊ ဒီဟာဖြစ်နိုး ကိုယ်ကျိုးပဲ ကြည့်နေကြ မယ်ဆိုရင် နောင်နှစ်ပေါင်းများစွာ လူထုတွေ ရင်စည်းခံ နေကြရအုံးမှာပါပဲ၊ တိုင်းရင်းသားအားလုံး လူထုညီညွတ်ရေးကို တည်ဆောက်ပြီး ကာလအသစ်ဆီကို ချီကြဖို့ လိုကြောင်း ရှုမြင်သုံးသပ်မိပါတယ်။
ရွေးကောက်ပွဲ မဟုတ်တဲ့ ကောက်ရွေးပွဲကြီးဟာ မြန်မာနိုင်ငံသမိုင်းမှာတင်သာမက ကြီးမားလှတဲ့ ကမ္ဘာ့နိုင်ငံရေးသမိုင်းမှာပါ ကြီးမားလှတဲ့ အမည်းစက်ကြီး ဖြစ်နေမှာ သေချာပါတယ်။ အခု ကျနော် အဲဒီလိုပဲ သုံးသပ်မိပါတယ်။