လာမယ့် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲမှာ နာမည်ကျော် ထိပ်တန်းလုပ်ငန်းရှင်ကြီးတွေ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ဝင်ရောက် အရွေးခံကြပါမယ်။ ဥပမာ ပြောရရင် လုပ်ငန်းရှင် သူဌေးကြီးတွေ ဖြစ်ကြတဲ့ ဇေကမ္ဘာ ဦးခင်ရွှေ၊ ယုဇန ဦးဌေးမြင့်၊ ACF ဦးတင့်ဆန်း၊ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့် စသူတို့ ဖြစ်ကြပါတယ်။ သူတို့တတွေဟာ လက်ရှိ အာဏာသိမ်း အစိုးရလက်ထက်မှာ ထင်ရှားတဲ့ လုပ်ငန်းရှင်ကြီးတွေ ဖြစ်လာကြတာပါ။ စစ်အစိုးရက ချပေးတဲ့ အဓိက လုပ်ငန်းကြီးတွေကို ရရှိပြီး အတိုင်း အဆမရှိ ကြွယ်ဝချမ်းသာနေကြတာပါ။
ထို့အတူပါပဲ၊ လုပ်ငန်းရှင်ကြီးတွေကို လုပ်ငန်းချပေးပိုင်ခွင့်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေ၊ ဝန်ကြီး၊ ဝန်ကလေးတွေဟာလည်း လုပ်ငန်းရှင်ကြီးတွေနဲ့ အပြိုင် ချမ်းသာကြွယ်ဝကြသူတွေဖြစ်ပါတယ်။ ခေတ်စား အသုံးများနေတဲ့ စကားနဲ့ ပြောရရင်တော့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေကြ သူတွေပါ။ နဝတ ခေတ်၊ နအဖ ခေတ်မှာ ပေါင်းစားရတယ်ဆိုတဲ့ ဝေါဟာရ တခုတောင် ဖြစ်ထွန်းခဲ့ပါတယ်။
ကြော်စားတော့ ညှော်တယ်တဲ့၊ ချက်စားတော့ အရိုးစူးတယ်တဲ့။ ဒါကြောင့် အန္တရာယ်ကင်းအောင် ပေါင်းစားရတယ် ဆိုပဲ။ ဆိုလိုတာကတော့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အလုံးစုံ ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီး လုပ်စားပါလို့ ဆိုလိုတာပါ။ အဲဒီလို ပေါင်းစားပြီး ရရှိတဲ့ အကျိုး အမြတ်ထဲက ဝေစုတချို့ကို ဗိုလ်ချုပ်တွေကို ခွဲဝေပေးကြရပါတယ်။ အဲဒီလို လုပ်နိုင်မှ စစ်အစိုးရအောက်မှာ အလုပ်လုပ်လို့ရတယ်။ အာဏာ ပိုင်တွေနဲ့ ကင်းကင်းနေပြီး ကိုယ့်အစွမ်းအစနဲ့ ကိုယ်တတ်ထား တဲ့ စီးပွားရေးပညာတွေနဲ့ သန့်သန့်လေး လုပ်စားဖို့တော့ စိတ်မကူးလေနဲ့။ ဆိုက်ကားတစီးတောင် ပိုင်ဖို့ အနိုင်နိုင်ဖြစ်လိမ့်မယ်။
ဟော… လာပြန်ပါပြီ။ မြန်မာ့စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတဲ့ လုပ်ငန်းရှင်ကြီးတွေက ရွေးကောက်ပွဲဝင်ကြမယ်ပေါ့။ စီးပွားရေးတင် လက်ဝါးကြီးအုပ်ထားလို့ အားမရနိုင်ကြတော့ဘူး။ နိုင်ငံရေး အာဏာပါ ရယူဖို့ ကြိုးစားလာကြပါပြီ။
လုပ်ငန်းရှင်ကြီးတွေသာ နိုင်ငံရေး အာဏာရသွားရင်တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မစဉ်းစား ဝံ့အောင်ပါပဲ။ လက်ဝါးကြီးအုပ် အရှင်းရှင် စနစ် ထွန်းကားလာပြီး နိုင်ငံ့စီးပွားရေးဟာ လူတစုလက်ထဲမှာသာ ရှိတော့မှာပါ။ အုပ်ချုပ်သူ လူတန်းစားက ဓနရှင်ကြီးတွေ အဖြစ် ကြွယ်ဝ ချမ်းသာကြပြီး အများစုဖြစ်တဲ့ ပြည်သူလူထုကြီးကတော့ ပိုပြီး ဆင်းရဲ သထက် ဆင်းရဲကာ နင်းပြား ဘဝက လွတ်မြောက်ကြမှာ မဟုတ်ပါဘူး။ ဆင်းရဲ ချမ်းသာ ကွာဟမှုဟာလည်း ကြီးမားသထက် ကြီးမားလာမှာ အသေအချာပါပဲ။ ဒါ့ကြောင့် ရွေးကောက်ပွဲလွန် ကာလဟာ စီးပွားရေး ချွတ်ခြုံကျမှု၊ လူမှုရေးမတည်ငြိမ်မှုတွေနဲ့အတူ ပြည်သူလူထုဟာ အထွေထွေ အကြပ်အတည်းကြီးနဲ့ မလွဲမသွေ ရင်ဆိုရဦးမယ် ဆိုတာပါပဲ။
လာမယ့် နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အခွင့်အလမ်းတွေ ဖြစ်ပေါ်လာမှာ မဟုတ်သလို အပြောင်းအလဲကိုလည်း ဖြစ်ပေါ်စေမှာ မဟုတ်ဘူးဆိုတာ သဘောပေါက်ထားကြဖို့ လိုပါတယ်။ လာမယ့် ရွေးကောက်ပွဲဟာ အာဏာသိမ်း စစ်အစိုးရ တရားဝင် ဆက်လက် အုပ်ချုပ်သွားနိုင်ဖို့ ပြုလုပ်တဲ့ လုပ်ငန်းစဉ် တစ်ခုမျှသာ ဖြစ်တယ်။ အဲ့ဒီထက် ဘာမှ မပိုဘူး။ ရွေးကောက်ပွဲ ကျင်းပတာဟာ ရှေ့ကို တလှမ်းတိုးလိုက်တာ မဟုတ်ပါဘူး။ နောက်ကို အလှမ်းတရာလောက် ဆုတ်သွားတာဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ဘာကြောင့်ပါလဲ။ အဖြေက ရှင်းပါတယ်။ ၁၉၄၀ ခုနှစ် တွေဆီက ဂျပန်နိုင်ငံမှာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ပူးပေါင်း အုပ်ချုပ်ခဲ့ကြတယ်။ အကျိုးဆက်ကတော့ ဖက်ဆစ်စနစ် ထွန်းကားခဲ့ပြီး ကမ္ဘာ့ပြည်သူတွေ ကို ဒုက္ခပေးခဲ့တယ် မဟုတ်လား။ အခုလည်း ကျနော်တို့ နောက်တကြိမ် ဂျပန်ခေတ် ပြန်မရောက်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ…. မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ရင်လေးစရာပါ။