နိုဝင်ဘာမှာ ရွေးကောက်ပွဲလာမယ်။ ရွေးကောက်ပွဲဝင်ချင်ရင် ပါတီတွေထောင်ကြဆိုတာတော့ ဟုတ်ပါရဲ့ ။ ပါတီထောင်ကြရတာပေါ့။ ကိုယ်စားလှယ်လောင်းတွေရှာ၊ ရန်ပုံငွေတွေရှာ၊ ပါတီအင်အားတွေစု၊ နေရာထိုင်ခင်းတွေ စီစဉ်၊ ဆိုင်ဘုတ်တွေ တင်၊ စည်းရုံးရေးဆင်း၊ ဟောပြောသိမ်းသွင်း - အမလေး ပျင်းစရာကောင်းလိုက်တာ။
စောစောပိုင်းမှာတော့ အားတက်သရောပဲ။ ဂျာနယ်တွေက သူတို့ရောင်းကောင်းအောင် ပါတီတွေကို လိုက်ဗျူး၊ သဘောထားတွေ ထပ်ဆင့်ဖော်ပြ၊ ပါတီရဲ့  အဓိကရ ပုဂ္ဂိုလ်တွေရဲ့ ပုံတွေ ဝေဝေဆာဆာနဲ့ ထုတ်ဝေ။ ပါတီက သူဘာသာလုပ်ရမှာတာတွေကို ဂျာနယ်တွေက ကိုယ်စားဝင်လုပ်ပေးကြတာတွေ။ ရွေးကောက်ပွဲကိစ္စကို စိတ်အလိုလိုက်ရ ရှိနေတဲ့ ဂျာနယ်အုပ်စုက ဂျာနယ်ဆရာတချို့ ပါ။
ပါတီကိစ္စတွေကို ဖော်ပြကြ။ ခုနှစ်ဆွေး ရှစ်ဆွေး ရှေးအတီတေက နိုင်ငံရေးနွယ်တဲ့ သတင်းဟောင်းတွေ၊ ဓါတ်ပုံဟောင်းတွေ၊ ဆောင်းပါးဟောင်းတွေ ပြန်ဖော်ထုတ်ကြနဲ့ စောင်ရေတက်စေချင်တဲ့ ဂျာနယ်တချို့ ကပဲ ရွေးကောက်ပွဲကို စိတ်ဝင်စားကြတယ်။ ပြည်သူတွေကတော့ နကမ္ပတိ ဘာမှ မဖြစ်သလိုဘဲ နေကြတယ်။ တကယ်လည်း ဘာမှဖြစ်လာမှာ မဟုတ်မှန်းသိနေကြတော့ ခပ်ပျင်းပျင်းပါပဲ။ ဘယ်သူတွေမှန်း မသိတဲ့ လူတွေနဲ့ တည်ထောင်ထားတဲ့ ပါတီတွေက အများကြီး။ လူထုနဲ့ အလှမ်းဝေးနေတဲ့ ပါတီတွေက အများကြီး။ ပြီးခဲ့တဲ့ နှစ်ကာလတွေမှာ နားရွက်မလှုပ်ဘဲ လုံးဝ အငြိမ်နေခဲ့ကြသူတွေက ခုတော့လည်း ပါတီတွေဖွဲ့လို့ ခုမှ ဖဲဝိုင်းမှာ တအိမ်လိုနေလို့ ဝင်ရိုက်ပေးရသလို ဖြစ်နေပြီ။ ကဲ ဘယ်လောက်များ ပျင်းစရာကောင်းနေသလဲလို့။
တရားခံ ဘယ်သူလဲဆိုတာ ကြိုသိနေတဲ့ ခပ်ညံ့ညံ့ စုံထောက်ဝတ္ထုတပုဒ်ကို ဖတ်နေရသလိုပဲ မဟုတ်လား။
ပြိုင်ပွဲအတွက် စည်းမျဉ်းစည်းကမ်း ပြိုင်ပွဲရဲ့  ဦးတည်ချက်။ ပြိုင်ပွဲတွေအတွက် သတ်မှတ်အရည်အချင်း ပြိုင်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေရဲ့  လက်ရှိ အနေအထား။ ပြိုင်ပွဲအပေါ် ဦးစီးသူရဲ့  သဘောထား ဆိုတာတွေဟာ ဘာတခုမှ အားရကျေနပ်လောက်စရာမရှိ။ အဆင်ပြေစေနိုင်တဲ့ နည်းလမ်းတွေအားလုံးကို ထိန်းချုပ်ထား။ ပြိုင်ချင်စရာ မကောင်းတဲ့ပြိုင်ပွဲဆိုတာ ကြာလေ ထင်ရှားလေ။ ထင်ရှားလေ ပျင်းစရာကောင်းလေ။ ရယ်စရာကောင်းတာကတော့ ချစ်တီးခေါင်း သန်းရှာလုပ်နေတာကို ရယ်ချင်တာ။ မင်းသားခေါင်း ဆောင်ထားတာကို ရယ်ချင်တာ။ အပေါ်ယံ ရွှေမှုန်ကြဲထားတာကို ရယ်ချင်တာ။ ကိုယ်သိပြီသား လျှို့ ဝှက်ချက်တွေနဲ့ ကိုယ့်ကို မျက်လှည့်လာပြနေတာကို ရယ်ချင်တာ။ ရှောမွေးကို ဗာရာဏသီချဲ့ နေတာ ရယ်ချင်တာ။ လူတွေကို နလဗိန်းတုံးတွေလို့ ထင်နေတာ ရယ်ချင်တာ။ လွှဆွဲတတ်ရုံ သံဖြောင်အောင် ရိုက်တတ်ရုံ ရွေဘော်ထိုးတက်ရုံနဲ့ အိမ်ကြီးအိမ်ကောင်းတဆောင် ဆောက်နိုင်မယ်လို့ ထင်နေတာကို ရယ်ချင်တာ။ သူခိုးက လူလူဟစ်နေတာကို ရယ်ချင်တာ။ သူများယောင်လို့ ဝင်ယောင်ပြီး အမောင် တောင်မှန်းမြောက်မှန်း မသိတာကို ရယ်ချင်တာ။ ပြိုင်ဘက်မရှိဘဲ တယောက်တည်း ပြေးနေတာတောင် ပထမ မရမှာကို စိုးရိမ်နေတာကို ရယ်ချင်တာ။
အစဉ်အလာ ဆိုတာရှိတယ်။ သီလ သမာဓိ ပညာ ဆိုတာရှိတယ်။ ဒီပုတ်ထဲမှာ ဒီပဲချည်းပဲ ဆိုတာရှိတယ်။ ဓမ္မ၊ အဓမ္မ ဆိုတာရှိတယ်။ ကိုယ်ကျိုးစွန့်တယ် အနစ်နာခံတယ် ဆိုတာရှိတယ်။ ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေဘူး ဆိုသူတွေရှိတယ်။ တွေ့ပါလိမ့်မယ်ဗျာ နိုဝင်ဘာလ (၇) ရက်နေ့ကျ။