လာမယ့် နိုဝင်ဘာလ(၇)ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာထားပါတယ်၊ အနှစ် နှစ်ဆယ်အတွင်း ကျင်းပတဲ့ ပထမဆုံး ရွေးကောက်ပွဲဖြစ်လို့ ကြိုဆိုကြသူတွေလည်းရှိပါတယ်၊ ထို့အတူပါပဲ တချို့ကလည်း ရသလောက်ယူကြမယ်၊ ပါလီမန်ထဲ ခြေချနိုင်အောင် ကြိုးစားပြီး ပါလီမန်တွင်း တိုက်ပွဲဝင်ရမယ်ဆိုတဲ့ အယူအဆတွေလည်း ရှိကြပါတယ်။
အကောင်းမြင်လွန်းတဲ့ အယူအဆတွေပါ၊ အဲ့ဒီ အယူအဆတွေဟာ အခုချိန်မှာတော့ တဖြည်းဖြည်း မှေးမှိန်စ ပြုလာနေပါပြီ။ နိုဝင်ဘာ (၇) ရက်လို့ ရွေးကောက်ပွဲ သတ်မှတ်လိုက်တယ်။ အဲဒီလို သတ်မှတ်လိုက်ပြီးနောက်ပိုင်း ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် တွေဟာ ဖုတ်ပူမီးတိုက်ပါပဲ။
တည်ထောင်စ ပါတီတွေ ကသောင်းကနှင်းနဲ့ အကြပ်ဖြစ်နေကြကုန်တော့တာပါပဲ၊ အဲ့ဒီအချိန်မှာ အာဏာလက်ရှိ ဝန်ကြီးတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီကတော့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို အရှိန်မြှင့်ပြီး ဆောင်ရွက်နေတာကို တွေ့ကြရမှာဖြစ်ပါတယ်။ လက်ရှိ အာဏာ ပါဝါကို အသုံးပြပြီး ဆောင်ရွက်နေတာ အားလုံးအသိပါ။ လက်ရှိ အာဏာပါဝါကို အသုံးပြုပြီး မဲရရှိရေး၊ ရွေးကောက်ပွဲ အနိုင်ရရေး ဆောင်ရွက်နေတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လုပ်ရပ်တွေကိုကြည့်ရင် လာမယ့် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတမှု ရှိမှာမဟုတ်သလို။ လွတ်လပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်မှာမဟုတ်ဘူး။
တစ်ခါ ရွေးကောက်ပွဲကျင်းပမယ့် ရက်ကလည်း သိပ်မလိုတော့ပါဘူး၊ ဒါပေမဲ့ ရွေးကောက်ပွဲ တစ်ခုရဲ့ အခင်းအကျင်း။ ရွေးကောက်ပွဲရဲ့ အင်္ဂါရပ်တွေကတော့ မတွေရသလောက်ပါဘဲ။ မဲဆန္ဒရှင် ပြည်သူလူထု ကိုယ်တိုင်က ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး စိတ်ပါဝင်စားမရှိ၊ တက်ကြွမှုမရှိတာတွေ ပျောက်ဆုံးနေသလို ခံစားနေကြရပါတယ်။
နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲနဲ့ မဲဆန္ဒရှင် ပြည်သူလူထုနဲ့က ကင်းကွာပြီး တသီးတခြားစီ ဖြစ်နေတဲ့ အခြေအနေမျိုးပါ။ ဒါကလည်းသိပ်တော့ မဆန်းကြယ်ပါဘူး၊ ဘာ့ကြောင့်လည်းဆို ရွေးကောက်ပွဲ မကျင်းပခင်က အဖြေကထွက် ပြီးသားဖြစ်နေလို့ပါ၊ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တာမဖြစ်တာ အရေးမကြီးပါဘူး။ ထို့အတူ နိုင်ငံ တကာက အသိအမှတ်ပြုခြင်း မပြုခြင်းဟာလည်း အရေးမကြီးလှပါဘူး၊ အရေးကြီးတာက ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီနိုင်ဖို့ပါ။
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နိုင်တယ်ဆိုတဲ့ အဖြေကိုရအောင်လုပ်မှာပါ။ သူတို့စစ်ဗိုလ်၊ စစ်သားတွေပြောလေ့ရှိတဲ့ စကားအတိုင်းပါပဲ ရေဘူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲလိုချင်တယ် ဆိုတဲ့ စကားအတိုင်းပါ။ ရွေး ကောက်ပွဲမှာ နိုင်ကိုနိုင်ရမယ်ဆိုတာပါ။
ဒါကြောင့် စောစောက အကောင်းမြင် အယူအဆရှိသူတွေ၊ ဒီမိုကရေစီ လိုလားတဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေဟာ ပြန်လည် သုံးသပ်ပြီး လက်တွေကျကျ လုပ်ဆောင်ကြဖို့ လိုပါလိမ့်မယ်။
မိမိတို့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာနိုင် မဖြစ်လာနိုင်ပေါ့၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ စစ်တပ်အာဏာပိုင်တို့ ထိပ်တိုက်တွေ့ အားပြိုင် လာကြတာ နှစ်တွေမနည်းတော့ပါဘူး။ အနှစ် နှစ်ဆယ် မဟုတ်ပါဘူး၊ နှစ်ပေါင်း ၅ဝ နီးပါးရှိနေပါပြီ။ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ သဘောသဘာဝ၊ လုပ်ရပ်နဲ့ အတွေးအခေါ်တွေကို အကဲဖြတ်နိုင်ကြဖို့ ကောင်းပါပြီ။ ဆိုလိုတာက နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲဟာ မြန့်မာနိုင်ငံရေး ပြဿနာရဲ့ အဖြေမဟုတ်ဘူး ဆိုတာပါပဲ။ ထို့အတူ ဒီမိုကရေစီ ဖော်ဆောင်ဖို့ အတွက် ကျင်းပပြုလုပ်တာ မဟုတ်ဘူး ဆိုတာကိုလည်း သတိပြုသင့်လှပါတယ်။
ဒါ့ကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်ကြီးကြီး မထားသင့်ပါဘူး။ ထို့အတူ ရွေးကောက်ပွဲဟာ ပြောင်းလဲမရှိ တစုံတရာကို ဖြစ်ပေါ်စေမှာ မဟုတ်သလို ရွေးကောက်ပွဲဟာ အဖြေတစ်ခုလည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ပြီးကာလဟာ ပိုမိုရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေမယ် ဆိုတာပါ။
အဲ့ဒါတွေကတော့ တိုင်းရင်းသားပြဿနာ၊ စီးပွားရေး ကျပ်တည်းမှု၊ နိုင်ငံတကာ အသိအမှတ်မပြုမှု နဲ့ နျူကလီးယား ပြဿနာတွေပဲ ဖြစ်ပါတယ်။