သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆလင်ညီအကိုတော်များခေါင်းဆောင် ဖမ်းဆီးခံရ


အီဂျစ်နိုင်ငံမှာ မူဆလင်ညီအကိုတော်များအဖွဲ့ရဲ့ ခေါင်းဆောင် မိုဟာမက် ဘာဒီးယားကို (Mohammed Badie) ကို အီဂျစ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာနဲ့အတူပဲ၊ မူဆလင်ညီအကိုတော်များအဖွဲ့ ကို နှိမ်နင်းမှုတွေ အရှိန်မြင့်လာပါတယ်။ အသက် ၇၀ အရွယ် မစ္စတာ ဘာဒီးကို အင်္ဂါနေ့အစောပိုင်းက ဖမ်းဆီးရမိခဲ့တာပါ။

အီဂျစ်အစိုးရကို ရက်သီတင်းပတ် အတော်ကြာ ဆန့်ကျင်ဆန္ဒပြနေကြတဲ့ ဖြုတ်ချခံရသူ သမ္မတ မော်စီ လိုလားထောက်ခံသူတွေ စုဝေးရာနေရာအနီး ကိုင်ရိုမြို့ အရှေ့ဘက်ခြမ်း ရပ်ကွက်တခုမှာ အီဂျစ်အာဏာပိုင်တွေက သူ့ကို ဖမ်းဆီးရမိခဲ့တာပါ။

မိုဟာမက် ဘာဒီးယားကို မူဆလင်ညီအကိုတော်များအဖွဲ့က ဖမ်းဆီးခံရသူ အခြားခေါင်းဆောင်တွေနဲ့အတူ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ တရားရုံးထုတ်ဖို့ ရှိပါတယ်။ သမ္မတ မော်စီကို စစ်တပ်က ရာထူးက ဖယ်ရှားခြင်းမပြုခင် ရက်ပိုင်းအလို၊ ဇွန်လထဲမှာ မူဆလင်ညီအကိုတော်များအဖွဲ့ ဌာနချုပ်ရုံးရှေ့မှာ လူတွေ အသေအပျောက် ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် လ့ှုံဆော်ခဲ့တယ်ဆိုပြီး အာဏာပိုင်တွေက သူ့တို့ကို စွပ်စွဲထားပါတယ်။

အီဂျစ်နိုင်ငံမှာတော့ ဇူလိုင်လ ၃ ရက်နေ့ကတည်းကဆိုရင် အကြမ်းဖက်မှုတွေကြောင့် အစိုးရထုတ်ပြန်တဲ့ တရားဝင် အသေအပျောက်စာရင်းဟာ တထောင်ကျော်သွားပါပြီ။ သေဆုံးသူဟာ အစိုးရထုတ်ပြန်တာထက် အဆမတန် ပိုများတယ်လို့ မူဆလင်ညီအကိုတော်များအဖွဲ့ကတော့ ပြောပါတယ်။

တချိန်တည်းမှာတော့ ဖမ်းဆီးခံထားရတဲ့ ယခင် အီဂျစ်ခေါင်းဆောင်ဟောင်း
ဟော့စနီ မူဘာရက်ကို အီဂျစ်အာဏာပိုင်တွေက ပြန်လွှတ်ပေးဖွယ် ရှိနေပါတယ်။ မစ္စတာ မူဘာရက်ဟာ ၂၀၁၁ ခုနှစ် လူထု အုံကြွမှုနဲ့အတူ ရာထူးကနေ ဆင်းပေးခဲ့ရပြီးတဲ့နောက်၊ နှစ်နှစ်ကျော်ကြာ အထိမ်းသိမ်းခံခဲ့ရတာပါ။
XS
SM
MD
LG