သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်မှာ ဖွဲ့စည်းပုံဆန္ဒခံယူပွဲ ကျင်းပ


ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အတွက် ဆန္ဒခံယူပွဲမှာ အီဂျစ်အမျိုးသမီးတဦး မဲပေးနေပုံ။ (ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၁၂)။
အီဂျစ်နိုင်ငံမှာ အသစ်ရေး ဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲဆန္ဒရှင်တွေ စတင် မဲပေးနေကြပြီ ဖြစ်ပါတယ်။ မဲရုံတွေကို စနေနေ့ မနက်ပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ဒီဆန္ဒခံယူပွဲ ကိစ္စအတွက် အကြမ်းဖက်မှုတွေ ဆန္ဒပြပွဲတွေဖြစ်ခဲ့တာပါ။

စနေနေ့ မဲရုံတွေ လုံခြုံရေးအတွက် အကာအကွယ်ပေးဖို့ စစ်သား တစ်သိန်း နှစ်သောင်း ကို လုံခြုံရေးတာဝန် ချထားပါတယ်။ နိုင်ငံရဲ့တ၀က် ဆန္ဒမဲပေးခွင့်ရှိသူတွေ မဲပေးနေကြတာပါ။ ကျန်တ၀က်ကတော့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ မဲပေးကြမှာ ဖြစ်ပါတယ်။

အဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ကို သမ္မတ မိုဟာမက်မော်စီရဲ့ ပါတီဟောင်းဖြစ်တဲ့ မူစလင် ညီအစ်ကိုတော်များ အဖွဲ့က ထောက်ခံမှုပေးထားတာပါ။ အခုနှစ်စောစောပိုင်း သမ္မတအဖြစ် အရွေးခံရပြီးတဲ့နောက် မစ္စတာ မော်စီဟာ မူစလင် ညီအစ်ကိုတော်များ အဖွဲ့က နှုတ်ထွက်ခဲ့ပါတယ်။

လွတ်လပ်တဲ့ အယူဝါဒရှိသူတွေ၊ ဘာသာရေး ကင်းရှင်းသူတွေနဲ့ ခရစ်ယာန် အတိုက်အခံတွေ ကတော့ ဒီဥပဒေကြောင့် လူမှုအဖွဲ့အစည်း လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားမှာကို စိုးရိမ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖွဲ့စည်းပုံ အခြေခဥပဒေမှာ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာမှဖော်ပြထားခြင်း မရှိသလို အစ္စလာမ် ဥပဒေကို အခြေခံပြီး ရေးဆွဲထားတာကြောင့် ဖြစ်ပါတယ်။
XS
SM
MD
LG