အီဂျစ်နိုင်ငံမှာ ပြည်ပက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို တရားမ၀င် ရန်ပုံငွေ ထောက်ပံ့မှုနဲ့ ဆက်နွယ်ပြီး အမေရိကန် နိုင်ငံသား ၁၉ ယောက် အပါအ၀င် နိုင်ငံခြားသား ဒီမိုကရေစီရေး လှုပ်ရှားသူ ၄၃ ယောက်ရဲ့ အမှုကို ဒီလ ၂၆ ရက်နေ့မှာ စတင်ကြားနာမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။ သူတို့အားလုံးကိုတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို ခွင့်ပြုချက် လိုင်စင်မရဘဲ ဆောင်ရွက်နေကြပြီး ပြည်ပကနေ ထောက်ပံ့ငွေတွေ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အရေးယူ ထားတယ်လို့လည်း နိုင်ငံပိုင် MENA သတင်းဌာနက စနေနေ့မှာ ကြေညာသွားတာပါ။
သမ္မတဟောင်း ဟိုစနီမူဘာရက် (Hosni Mubarak) ကို ရာထူးက ဖယ်ရှားပြီး အာဏာရလာတဲ့ အီဂျစ်စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ အမေရိကန်က ကြိုးပမ်းနေချိန်မှာပဲ နှစ်ဘက်အကြား ရှိနှင့်ပြီးသား တင်းမာမှုတွေဟာ ဒီကြေညာချက်ကြောင့် ပိုပြီး ကြီးထွားလာပါတယ်။ စွပ်စွဲခံထားရတဲ့ အမေရိကန် နိုင်ငံသားတွေထဲက တချို့ဟာ အီဂျစ်နိုင်ငံ ထွက်ခွာခဲ့ကြသလို တချို့လည်း ကိုင်ရိုမြို့တော်က အမေရိကန် သံရုံးမှာ ခိုလှုံခဲ့ကြပြီးနောက်မှာတော့ ကျန်သူတွေကို တိုင်းပြည်က ထွက်ခွာခွင့် မပေးဖို့ တားမြစ်ခဲ့တာပါ။
စွပ်စွဲခံထားရသူတွေထဲမှာ အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး Ray LaHood ရဲ့ သားဖြစ်သူ၊ International Republican Institute (IRI) ရဲ့ အီဂျစ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Sam LaHood လည်း ပါဝင်ပါတယ်။ ကျန်နိုင်ငံခြားသား ၂၄ ယောက်ကတော့ ဂျာမန်၊ ပါလက်စတိုင်း၊ ဂျော်ဒန်နဲ့ အီဂျစ်နိုင်ငံသားတွေပါ။ အမေရိကန်ကတော့ တရားခွင်ကို ဆက်လုပ်မယ်ဆိုရင် နှစ်စဉ် အီဂျစ်ကို ပေးအပ်နေတဲ့ စစ်ရေးအကူအညီ ဒေါ်လာသန်းပေါင်း ၁,၃၀၀ ကို ဖြတ်တောက်မယ်လို့ သတိပေးထားတာ ဖြစ်ပါတယ်။