အီဂျစ်နိုင်ငံ ဦးဆောင်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တယောက် စနေနေ့ကနှုတ်ထွက်လိုက်ပေမဲ့ ဆန္ဒပြသူလူထုကတော့ သမ္မတမူဘာရက် နှုတ်ထွက်ရေး အခိုင်အမာ တောင်းဆိုနေကြဆဲဖြစ်ပါတယ်။ မူဘာရက်ရဲ့သား ဂါမါးလ် အပါအဝင် အီဂျစ်အမျိုးသား ဒီမိုကရက်တစ်ပါတီ မူဝါဒရေးရာကော်မတီ တရပ်လုံး နှုတ်ထွက် လိုက်ကြတယ်လို့ နိုင်ငံပိုင် ရုပ်မြင် သံကြားက ကြေညာလိုက်တာပါ။ သမ္မတမူဘာရက်ကတော့ ပါတီရဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားဆဲ ဖြစ်တယ်လို့လည်း ကြေညာပါတယ်။
အခုလို မူဘာရက်ရဲ့သား ဂမါးလ်မူဘာရက် နှုတ်ထွက်လိုက်တာဟာ အပြုသဘောဆောင်တဲ့ခြေလှမ်း ဖြစ်ပါတယ်လို့ သမ္မတအိုဘားမားအစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။ အီဂျစ်မှာလိုအပ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲကို ရှေ့ရှုတဲ့ ခြေလှမ်းဖြစ်တယ်လို့ စနေနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အီဂျစ်အမျိုးသား ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး Safwat el-Sharif ရဲ့နေရာမှာ လူစားထိုးလိုက်ပါတယ်။ အဲဒီမူဝါဒရေးရာ ကော်မတီမှာ အဖွဲ့ဝင် ၆ ဦးပါဝင်ပြီး အီဂျစ်ရဲ့ နိုင်ငံရဲ့ နိုင်ငံရေးတည်ဆောက်မှု ကြိုးကိုင်ရာမှာ ရေရှည် ပါဝင်ခဲ့တာ ဖြစ်တယ်လို့ အနောက်နိုင်ငံ သတင်းတွေက သုံးသပ်ကြပါတယ်။ တချိန်တည်းမှာပဲ Tahrir ရင်ပြင်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားက ဆန္ဒပြသူလူထု ဇွဲမလျှော့ဘဲ မူဘာရက် ချက်ချင်းထွက်ပေးရေး တောင်းဆို ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။ အလက်ဇန်းဒရီးယားမြို့က လမ်းမတွေမှာလည်း လူထုဆန္ဒပြနေကြဆဲဖြစ်ပါတယ်။
သမ္မတမူဘာရက်ကတော့ လက်ရှိသမ္မတ သက်တမ်းကုန်တဲ့အထိ တာဝန်ယူမှာဖြစ်ကြောင်းနဲ့ နောက် သမ္မတသက်တမ်းအတွက် သူအရွေးမခံတော့ဘူးလို့ ပြောထားပြီးဖြစ်ပါတယ်။ စနေနေ့မနက်က အီဂျစ်စစ်တပ်က တပ်မှူးကြီးတယောက် Tahrir ရင်ပြင်ကိုရောက်လာပြီး လူထုအိမ်ပြန်ကြဖို့ အသံချဲ့စက်နဲ့ ပန်ကြားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။