အီဂျစ်နိုင်ငံမှာ ရာထူးက ဆင်းပေးဖို့ ဖိအားပေးခံနေရတဲ့ သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ကို ထောက်ခံသူတွေ ကိုင်ရိုမြို့တော်မှာရှိတဲ့ တဟီရီ (Tahrir) လွတ်မြောက်ရေး ရင်ပြင်ထဲ ၀င်လာခဲ့ကြပြီး သမ္မတ ထွက်ပေးဖို့ ဆန္ဒပြနေသူတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေပါတယ်။
၂ ဘက်အကြား အပြန်အလှန် ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို မြင်းတွေ၊ ကုလားအုပ်တွေကို စီးနင်းလာသူတွေကလည်း လူအုပ်ထဲကို ၀င်တိုက်ခဲ့ကြတာပါ။
စစ်တပ်ကားတွေကတော့ ပဋိပက္ခဖြစ်နေတဲ့ ဆန္ဒပြသူတွေကြား ခွဲခြားထားဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကတော့ ပြဿနာတွေ ဖြစ်ပွားတဲ့အတွက် အရပ်ဝတ် ရဲတပ်ဖွဲ့တွေအပေါ် အပြစ်ဖို့နေကြတာပါ။ အစိုးရ သတင်းမီဒီယာတွေမှာတော့ အရပ်ဝတ်ရဲတွေ တိုက်ခိုက်မှုတွေမှာ မပါဝင်တဲ့အကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက ငြင်းဆိုထားတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
အီဂျစ်စစ်တပ်ကတော့ ဆန္ဒပြသူတွေ အနေနဲ့ သူတို့ ပြောချင်တာတွေကို ကြားသိပြီး ဖြစ်တာမို့ ပုံမှန်အတိုင်း အိမ်ပြန်နေကြဖို့ တိုက်တွန်းခဲ့တာပါ။
မနေ့နှောင်းပိုင်းမှာတော့ သမ္မတ မူဘာရက်ခ်က သူ့အနေနဲ့ စက်တင်ဘာလ ရွေးကောက်ပွဲမှာ ပြန်ပြီး ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပေမဲ့ သက်တမ်းကုန်တဲ့အထိ တာဝန်ထမ်းဆောင်သွားမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
သမ္မတ မိန့်ခွန်းအပြီး မရှေးမနှောင်းမှာပဲ နိုင်ငံမြောက်ပိုင်းက ဆိပ်ကမ်းမြို့တခုဖြစ်တဲ့ အလက်ဇန္ဒြီးယား (Alexandria) မြို့မှာ သမ္မတကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား ပဋိပက္ခတွေလည်း ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၂ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ အလားတူ ပဋိပက္ခမှုတွေကို ဆူးအက်ဇ်နဲ့ ကိုင်ရိုမြို့ အရှေ့ဘက်က တခြားမြို့တွေမှာလည်း ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောကြပါတယ်။