သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အခြေအနေ အမေရိကန် အစိုးရ စိုးရိမ်တကြီး စောင့်ကြည့်


အီဂျစ်အခြေအနေ အမေရိကန် အစိုးရ စိုးရိမ်တကြီး စောင့်ကြည့်
အီဂျစ်အခြေအနေ အမေရိကန် အစိုးရ စိုးရိမ်တကြီး စောင့်ကြည့်

ရက်သီတင်းပတ် တပတ်နီးပါးကြာ လူထုဆန္ဒပြမှုတွေ ဖြစ်လာခဲ့တဲ့ အီဂျစ်နိုင်ငံ အခြေအနေကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ သမ္မတ အကြံပေး ပုဂ္ဂိုလ်တွေက အနီးကပ်ကို စောင့်ကြည့်လေ့လာနေပါတယ်။ အီဂျစ်အစိုးရ အနေနဲ့လည်း ဒီမိုကရေစီ အပြောင်းအလဲလုပ်ဖို့ လိုအပ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း တိုက်တွန်းလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက်တွေ ဖြစ်တဲ့ ဒန် ရော်ဘင်စင် (Dan Robinson) နဲ့ မိုက်ကယ် ဘိုးမန်း (Michael Bowman) တို့က အီဂျစ် အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ တုံ့ပြန်မှုတွေကို သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့နဲ့ အခြားမြို့ကြီးတွေက လူထုဆန္ဒပြပွဲ အခြေအနေတွေကို ရုပ်မြင်သံကြား လွှင့်ထုတ်ချက်တွေ၊ အင်တာနက်တွေကနေ တကမ္ဘာလုံး အချိန်နဲ့အမျှ လွှင့်ထုတ်နေချိန်မှာပဲ သမ္မတ အိုဘားမားကလည်း ဒီအဖြစ်အပျက်တွေကို အသေးစိတ် အနီးကပ် စောင့်ကြည့်နေပါတယ်။ သမ္မတ အိုဘားမားဟာ အီဂျစ်က နောက်ဆုံးဖြစ်ထွန်းမှု အခြေအနေတွေကို အဆက်မပြတ် သတင်းရရှိနေတယ်လို့ အိမ်ဖြူတော် အရာရှိတဦးက ပြောပါတယ်။

ဒါပေမဲ့ စနေနေ့တုန်းကလိုတော့ အမျိုးသား လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ အိမ်ဖြူတော်မှာ စည်းဝေးတာမျိုး တနင်္ဂနွေနေ့မှာ မလုပ်ခဲ့သလို တစုံတရာ ကြေညာချက် ထုတ်ပြန်တာလည်း မရှိခဲ့ပါဘူး။ အီဂျစ်နိုင်ငံဟာ တကယ်တော့ အာရပ်ကမ္ဘာမှာ အမေရိကန် ပြည်ထောင်စုရဲ့ အနီးကပ်ဆုံး မဟာမိတ်နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အီဂျစ်နိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ လုပ်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဟိုအရင်ကတည်းက အားပေး တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အခုအချိန်မှာ အမေရိကန် ပြည်ထောင်စုက ထားတဲ့ အဲဒီ မူဝါဒကိုပဲ ထပ်လောင်း ပြောခဲ့ပါတယ်။

“ကျမတို့အနေနဲ့ အီဂျစ်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတရပ် ဖြစ်လာတာ မြင်လိုပါတယ်။ ဒီလို အသွင်ကူးပြောင်းမှုတွေ လက်တွေ့လုပ်နိုင်မယ့် အရေးယူ ဆောင်ရွက်ချက်မျိုးတွေ မြင်လိုပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က Fox ရုပ်သံဌာနကို တနင်္ဂနွေနေ့မှာ ပြောသွားတာပါ။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အနေနဲ့ လက်ရှိ အီဂျစ်သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) ကို ရာထူးက နှုတ်ထွက်ပေးဖို့ ပြောဆို တိုက်တွန်းတာတော့ မရှိပါဘူး။ ဒါပေမဲ့လည်း အီဂျစ်ရဲ့ လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေး ပုံစံတွေဟာ ဆက်ပြီးတော့ ရပ်တည် တောင့်ခံသွားနိုင်မယ့် အခြေအနေမှာ မရှိတော့ဘူးလို့ ဝေဖန်ပါတယ်။

“တည်ငြိမ်မှု ဆိုတာဟာ ဒီမိုကရေစီ၊ ပူးပေါင်းပါဝင်ခွင့်၊ စီးပွားရေး အခွင့်အလမ်းတွေ အပေါ်မှာ တကယ့်ကို တည်မှီနေပါတယ်။ အီဂျစ် ပြည်သူလူထု လိုလားတဲ့၊ အီဂျစ်ပြည်သူတွေနဲ့ ထိုက်တန်တဲ့ အခြေအနေ ပုံစံကို ရောက်ဖို့ အခု အချိန်ကျနေပါပြီ။”

အခုလို အပြောင်းအလဲတွေလုပ်ဖို့ တိုက်တွန်းပေမဲ့ မင်းမဲ့စရိုက်နဲ့ အစွန်းရောက်မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကိုတော့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က သတိပေး ပြောခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုဆိုင်ရာ အီဂျစ်သံအမတ်ကြီး ဆမေး ရှောင်ကရီ (Sameh Shoukry) ကတော့ အီဂျစ်ဟာ ခက်ခဲတဲ့ အချိန်တခုကို ဖြတ်သန်းနေရပြီ ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့လည်း အခုလို ဆန္ဒပြမှုတွေ မတိုင်ခင်ကတည်းက အီဂျစ်ဟာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း ပြင်ဆင်ဆောင်ရွက်မှုတွေ ရှိပြီးသား ဖြစ်တယ်လို့ ABC ရုပ်သံရဲ့ This Week အစီအစဉ်မှာ ပြောသွားပါတယ်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေက ခွင့်ပြုပြီးသားပါ။ အီဂျစ်နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ကတည်းက စီးပွားရေး၊ နိုင်ငံရေးနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ဒီအပေါ်မှာလည်း ကြီးမားတဲ့ ဖြစ်ထွန်းမှုတွေ ရခဲ့ပါတယ်။”

မူဝါဒရေးရာ လေ့လာ သုံးသပ်သူတွေကတော့ အီဂျစ်နိုင်ငံမှာ အခုလို မထင်မှတ်ပဲ ပေါက်ကွဲလာမှုတွေဟာ အမေရိကန် သံတမန်ရေး အတွက်တော့ တကယ့်ကို အကဲစမ်းချက် ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

“အခုအခြေအနေမှာတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ အတော်ကြီး သတိထားပြီး ကိုင်တွယ်ရပါလိမ့်မယ်။ အထူးသဖြင့် သမ္မတ အိုဘားမား အစိုးရ အနေနဲ့ ဒီ ဒေသတွင်း အမေရိကန် ပြည်ထောင်စုအပေါ် ရှုမြင် သဘောထားမှုတွေ အပေါ်မှာ အလွန်အမင်း စိုးရိမ်ပူပန်နေပါတယ်။”

အမေရိကန် အခြေစိုက် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (Stratfor) အဖွဲ့က ရီဗာ ဘာလာ (Reva Bhalla) ပြောသွားတာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရ အနေနဲ့ အီဂျစ်မှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ တိုက်တွန်း ဖိအားပေးနေသလိုပဲ တချိန်တည်းမှာလည်း အီဂျစ်နဲ့ အရှေ့အလယ်ပိုင်းဒေသ မတည်မငြိမ် ဖြစ်လာနိုင်တဲ့ အခြေအနေ ပေါ်မလာဖို့လည်း မျှော်လင့်နေရတယ်လို့ ဘာလာက ပြောပါတယ်။

အီဂျစ်နိုင်ငံတွင်းမှာ လက်ရှိ လူထုဆန္ဒပြမှု အခြေအနေတွေနဲ့အတူ ဥပဒေစိုးမိုးမှု ကင်းမဲ့လာနေတာကြောင့် အမေရိကန် ပြည်ထောင်စုရော အခြားနိုင်ငံ အတော်များများကပါ အီဂျစ်နိုင်ငံကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ သူ့နိုင်ငံသားတွေကို တိုက်တွန်း အကြံပေးထားပါတယ်။

XS
SM
MD
LG