သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တွေ့ဆုံ


၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တွေ့ဆုံ
၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တွေ့ဆုံ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံရာမှာ နိုင်ငံရေးပါတီတွေဘက်က သမာသမတ်ရှိတဲ့ ကော်မရှင်ဖြစ်ဖို့ လိုတယ်လို့ တင်ပြတာတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြသလို ကော်မရှင်ဘက်ကလည်း ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မဲမသမာမှုတွေကို မျှမျှတတ ဆုံးဖြတ်တာတွေ၊ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ပိုပြီး မျှမျှတတ လုပ်ပေးမယ်လို့ တုံ့ပြန်တာတွေ ရှိပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ တွေ့ဆုံရာမှာ နိုင်ငံရေးပါတီတွေအတွက် ဆွေးနွေးချိန် ၂ မိနစ်စီပဲ သတ်မှတ်ထားတာကြောင့် ပါတီတွေအဖို့ ကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေးနိုင်ခဲ့ကြပါဘူး။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တာဝန်ရှိသူ ဦးသာထွန်းလှက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ပိုပြီး တရားမျှတအောင် လုပ်ပေးမယ့်အကြောင်း ကော်မရှင်က တုံ့ပြန်တယ်လို့ ဆိုပါတယ်။

“ဒီမှာက ပါတီတခုကို ပြောခွင့် ၂ မိနစ်ပဲ ပေးတဲ့အတွက်ကြောင့် လွန်ခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲစာရင်း စနစ်တကျလုပ်ဖို့ ကိစ္စရယ်၊ သဘာဝဘေးအန္တရာယ် ကျလာရင် ရွေးကောက်ပွဲလုပ်မယ့် ဒေသတွေမှာ ရွှေ့ဆိုင်းပေးဖို့ ကိစ္စတွေကို ကော်မရှင်ကို တင်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲကတော့ နောက်လာမယ့် ရွေးကောက်ပွဲတွေမှာ ပိုပြီး မျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ပြောသွားပါတယ်။ လွှတ်တော်က တင်မြှောက်တဲ့ ရွေးကောက်ပွဲကော်မရှင် ဖြစ်တဲ့အတွက်ကြောင့်။”

ဒီကနေ့ ဆွေးနွေးပွဲကို ၂၀၁၀ ရွေးကောက်ပွဲဝင် ၃၇ ပါတီထဲက ၃၆ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

စစ်အစိုးရဟောင်း ဖွဲ့စည်းပေးခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုး ဦးဆောင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ဒီနှစ်ဆန်းပိုင်းက ကျင်းပခဲ့တဲ့ လွှတ်တော်က ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဦးဆောင်တဲ့ အဖွဲ့နဲ့ အစားထိုးလိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဦးသုဝေက ရွေးကောက်ပွဲ ကော်မရှင်မှာ သမာသမတ် ကြားနေသူတွေပဲ ပါဝင်သင့်တယ်လို့ တင်ပြခဲ့ပါတယ်။

“ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ဆိုတာကတော့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကော်မရှင်တွေ၊ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ တရားခုံရုံးတို့ ဆိုတာတွေကို ဘယ်ဘက်မှ ဘက်မလိုက်သော၊ ကြား သမာသမတ်ကျသော ပုဂ္ဂိုလ်များကိုသာ ခန့်လေ့ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း လာမယ့် ရွေးကောက်ပွဲတွေကို အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ခန့်ထားပေးပါ။ ဘာလို့ ဒီလိုပြောလဲဆိုရင် ငါတို့လုပ်ချင်တဲ့ ကိစ္စကို တို့ပဲ ဆုံးဖြတ်ခွင့်ပေးရမှာပဲ၊ အဲဒီတော့ တို့ရွေးကောက်ပွဲနိုင်အောင် လုပ်ချင်တာတွေ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ရှိတတ်ပါတယ်။ အဲဒါကြောင့်မို့ ဒါလေးကို သတိထားပြီး ပြင်ပေးပါလို့။”

ဒီကနေ့ တွေ့ဆုံမှုမှာ ပါတီထက်ဝက်လောက်က တင်ပြပြောဆိုမှု မရှိဘူးလို့ သိရပြီး ဒီမိုကရေစီ မိတ်ဆွေပါတီများ ၉ ပါတီကတော့ ရွေးကောက်ပွဲ မဲမသမာမှုတွေ၊ ကော်မရှင် အဆင့်ဆင့်ရဲ့ လိုအပ်ချက်တွေကို စာတမ်းတင်ခဲ့ပါတယ်။

တိုင်းရင်းသားပါတီ အများစုကတော့ ငြိမ်းချမ်းရေးကိစ္စကို အဓိကထား တင်ပြတယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောပါတယ်။

“လွန်ခဲ့တဲ့ ရွေးကောက်ပွဲမှာ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေ၊ ကောင်းတာရော၊ မကောင်းတာရောပေါ့၊ ပြီးတဲ့အခါ တိုင်းရင်းသားတွေက အထူးသဖြင့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတို့ ပါတယ်၊ နိဂုံးချုပ်တယ်၊ ဒါပါပဲ။ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်တဲ့ကိစ္စ သူက အကျယ်တဝံ့ မပြောပါဘူး။ သူကတော့ ကတိပေးတဲ့ သဘောနဲ့ပေါ့ဗျာ။ ရွေးကောက်ပွဲက တရားမျှတဆုံးနဲ့ လွတ်လပ်ဆုံး ရွေးကောက်ပွဲတခု ဖြစ်လာအောင် ကြိုးစားကြမယ်ပေါ့ ဆိုတာတော့ ပါတယ်။”

သေဆုံးသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရရာထူး ယူထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေကို ဘယ်တော့ကျင်းပမယ် ဆိုတာတော့ ကော်မရှင်က ဒီကနေ့ တွေ့ဆုံချိန်မှာ ပြောဆိုခြင်း မရှိပါဘူး။ မဲမသမာမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားတဲ့ အမှုတွေကိုလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးခဲ့တယ်လို့ ကော်မရှင်က တုံ့ပြန်ကြောင်း ဦးသုဝေက ဆက်ပြောပါတယ်။

“သူတို့ကတော့ တင်ပြချက်တွေ အားလုံးကို၊ သူတို့ ဖြေနိုင်တဲ့ ဥစ္စာတွေကို ချက်ချင်း ပြန်ဖြေတာပေါ့။ အထူးသဖြင့် ပြန်ဖြေတာကတော့ သက်ဆိုင်ရာ ပါတီတွေက ခုနကိစ္စ ဖြစ်တဲ့ဟာလေးတွေ၊ အဲဒါတွေကို သူတို့က ဘာကြောင့် ဒီလို အဆုံးအဖြတ် ပေးရပါတယ် ဆိုတာကို ပြန်ရှင်းပြလိုက်တယ်။ အကုန်တော့ မရှင်းဘူး။ သူတို့ကတော့ သူတို့ရတဲ့ တိုင်ကြားချက်တွေ ဘယ်လောက် ခိုင်မာသလဲ၊ အဲဒီ ခိုင်မာမှုပေါ် မူတည်ပြီးတော့ သူတို့ရဲ့ တရားရုံး အဖွဲ့ကလည်း အဲဒီအပေါ်မှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ပေးခဲ့ပါတယ်ဆိုတာ ပြန်ရှင်းပြပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက လေ့လာစောင့်ကြည့်ဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်အစိုးရက ခွင့်မပြုခဲ့ပါဘူး။ ဒီရွေးကောက်ပွဲမှာ အာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲမသမာမှုတွေ၊ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရအောင် နိုင်ငံတော်ပိုင် ဘဏ္ဍာငွေတွေနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချတာတွေ အများအပြား ရှိတယ်လို့လည်း လေ့လာသူတွေက ပြောကြပါတယ်။

XS
SM
MD
LG